အာရှရပ်ဝန်း၌ တရုတ်၏ သံတမန်ရေး ခြေလှမ်းသစ်များ

အာရှရပ်ဝန်း၌ တရုတ်၏ သံတမန်ရေး ခြေလှမ်းသစ်များ
Published 21 November 2022
ဖြိုးဟိန်းကျော်

ဒေသတွင်း၌ တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိရန် အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းနေခိုက် တရုတ်သမ္မတ ရှီကျင်းပင်သည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၏ အာရှ-ပစိဖိတ်ဒေသ မဟာမိတ်များနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံမှုများ ပြုလုပ်ကာ သံတမန်ရေး သြဇာချဲ့ထွင်ရန် အခိုင်အမာကြိုးပမ်းခဲ့သည်။

တရုတ်က ထိုင်ဝမ်ကျွန်းနှင့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အများစုကို ပိုင်ဆိုင်သည်ဟုဆိုသော ကာလရှည်ပြောဆိုမှုများကို အလျှော့ပေးခြင်းမရှိသော်လည်း ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးအစည်းအဝေး၌ အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများအတွင်း အိမ်နီးချင်းနိုင်ငံများ၌ တရုတ်၏စီးပွားရေးအရ အခရာကျသော အခန်းကဏ္ဍကိုသာ ပိုမိုအလေးပေးပြောဆိုခဲ့သည်။

တရုတ်၏အရေးပါမှု ပိုမိုကြီးမားလာစဉ် ၎င်း၏သံတမန်ရေးပရိယာယ်သည် အတိတ်တွင် အခြားနိုင်ငံများကို အမျက်ဒေါသထွက်စေခဲ့သည့် တင်စီးသော ချဉ်းကပ်မှုမျိုးထက် ပိုမိုပါးနပ်သိမ်မွေ့သည့် ချဉ်းကပ်မှုဘက်သို့ ပိုမိုအလေးသာလာခဲ့သည်။ 

တရုတ်သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် ဘုံအကျိုးစီးပွားတို့ကို အခြေခံ၍ ကမ္ဘာ့နိုင်ငံအားလုံးနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်ရန် အသင့်ရှိနေကြောင်း ပစိဖိတ်ရပ်ဝန်းဒေသမှ နိုင်ငံပေါင်း ၂၁ နိုင်ငံ၏ နှစ်စဉ်ပြုလုပ်မြဲ ထိပ်သီးအစည်းအဝေးမိန့်ခွန်းတွင် ရှီကပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများကို အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသအပါအဝင် ကမ္ဘာ့နိုင်ငံများအား ဆက်လက်မျှဝေသွားမည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ရှီသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို အမြဲတစေရှေ့တန်းတင်လေ့ရှိကာ တရုတ်၏ ပိုင်နက်နယ်မြေကို တစ်လက်မပင် အထိပါးမခံသည့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူအဖြစ် ကျော်ကြားသူဖြစ်သည်။

အေပက်ထိပ်သီးဆွေးနွေးပွဲသည် အာရှဒေသတွင် ကျင်းပသော အဆင့်မြင့် ထိပ်သီးအစည်းအဝေးသုံးခုအနက်မှ တတိယမြောက်အစည်းအဝေးဖြစ်သည်။ အာရှဒေသတွင် တရုတ်၏ သြဇာကြီးထွားလာမှုကို တန်ပြန်ရန် ကြိုးပမ်းနေသည့် အမေရိကန်အနေဖြင့် မိမိတို့သည် ယုံကြည်အားကိုးထိုက်သော စီးပွားရေးနှင့် လုံခြုံရေးမိတ်ဖက်ဖြစ်သည်ဟူသော သတင်းစကားပါးရန် အားတက်သရော လုပ်ဆောင်နေသည်။

အေပက်ထိပ်သီးဆွေးနွေးပွဲ ပြင်ပစီးပွားရေးဆိုင်ရာဆွေးနွေးပွဲတစ်ခု၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် ဒုတိယသမ္မတ ကာမလာဟဲရစ်စ်က အမေရိကန်သည် အာရှဒေသအပေါ် ဆက်လက်အာရုံစိုက်သွားမည်ဟု အခိုင်အမာပြောဆိုခဲ့ကာ ၎င်းဒေသအတွက် အမေရိကန်ပြည်ထောင်စုထက် ပိုမိုသာလွန်သော စီးပွားရေးမိတ်ဖက်ဟူ၍ မရှိကြောင်းလည်း ၎င်းက ဆိုသည်။

တစ်ခါတစ်ရံတွင် တရုတ်နှင့် ဂျပန်ခေါင်းဆောင်များသည် နှစ်နှင့်ချီကာ တွေ့ဆုံခြင်း မရှိကြပေ။ ယင်းသည် ဒုတိယကမ္ဘာ စစ်ကာလ၌ ဂျပန်က တရုတ်ကို ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းနှင့် အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍ ကာလရှည်ကြာ တည်ရှိခဲ့သော နာကြည်းချက်များကို ထင်ဟပ်စေသည်။ နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကိရှိဒနှင့် တွေ့ဆုံရာ၌ သမ္မတရှီက တရုတ်နှင့် ဂျပန်တို့သည် အချင်းချင်းခြိမ်းခြောက်မှုမဖြစ်သင့် ဘဲ မိတ်ဖက်များသာ ဖြစ်သင့်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။

၎င်းင်းတို့နှစ်ဦး၏ ၄၅ မိနစ်ကြာ တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် ကိရှိဒက သမ္မတရှီနှင့် ပွင့်လင်းစွာ အကျယ်တဝင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပိုင်နက်အငြင်းပွားနေသည့် ဆန်ခါခုကျွန်းစုတစ်ဝိုက် အပါအဝင် အရှေ့တရုတ်ပင်လယ်၌ တရုတ်၏ လုပ်ရပ်များနှင့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကဲ့သို့သော စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ လေးလေးနက်နက် စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဆိုသည်။ သို့တိုင်အောင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဖြစ်နိုင်ခြေများစွာရှိနေပြီး နှစ်နိုင်ငံအနေဖြင့် ခိုင်မာပြီး အပြုသဘောဆောင်သည့် ဆက်ဆံရေးကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ကိရှိဒကရှီကို ပြောကြားခဲ့သည်။

စင်ကာပူသည် ဂျပန်ကဲ့သို့ အမေရိကန်၏ မဟာမိတ်မဟုတ်သော်လည်း အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကို ဟန်ချက်ညီညီ ထိန်းညှိလိုသည့် အာရှနိုင်ငံများ၏ သဘောထားကို ပုံဖော်လျက်ရှိသည်။ အမေရိကန်ရေတပ်၏ အမှတ်ခုနစ် စစ်ရေယာဉ်စုသည် တရုတ်က အလုံးစုံနီးပါးပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသော မဟာဗျူဟာ အချက်အချာကျသည့် တောင်တရုတ်ပင်လယ်တွင် အခြေပြုလှုပ်ရှားလျက်ရှိပြီး စင်ကာပူသည်လည်း အမေရိကန်စစ်တပ်အခြေစိုက်မှုကို ထောက်ခံအားပေးသည်။

ယင်းသည် တရုတ်နှင့် နီးကပ်သော စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို အသုံးချလျက်တစ်ဖက်တွင် တရုတ်၏လွှမ်းမိုးချုပ်ကိုင်မှုကို ဟန့်တားလိုသည့် လက္ခဏာပင်ဖြစ်သည်။

သမ္မတရှီကလည်း တရုတ်လူမျိုးအများ စုနေထိုင်သည့် စင်ကာပူမြို့ပြနိုင်ငံနှင့် စီးပွားရေးနှင့် ဒေသအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မှန်ကန်သည့်လမ်းကြောင်းပေါ် တွင် ဆက်လက်ထိန်းသိမ်းရန် အတူတကွ လုပ်ဆောင်သွားမည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံရာတွင် ကတိပြုခဲ့သည်။

ရှီသည် အမေရိကန်၏ နောက်ထပ်မဟာမိတ်နိုင်ငံတစ်ခုဖြစ်သကဲ့သို့ အရေးပါသောလုံခြုံရေးမိတ်ဖက်လည်းဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး တရုတ်အနေဖြင့် စားသောက်ကုန်နှင့် အခြားထုတ်ကုန်များ တင်သွင်းခြင်းကို တိုးမြှင့်ရန် ဆန္ဒရှိနေကြောင်းနှင့် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် နှစ်နိုင်ငံပြည်သူလူထုချင်း ထိတွေ့ဆက်ဆံမှုများအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့သည် တောင်တရုတ်ပင်လယ် နယ်နိမိတ်ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တရုတ်နှင့် ကာလကြာမြင့်စွာ အငြင်းပွားမှုများရှိနေကြသည်။

မားကို့စ်နှင့် တွေ့ဆုံစဉ်အတွင်း ရှီက မည်သည့်သဘောထားကိုမှ ပေးခဲ့ပုံမရဘဲ တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ချစ်ကြည်ရင်းနှီးသော ဆွေးနွေးညှိနှိုင်းမှုများကို အစဉ်တစိုက် လုပ်ဆောင်လျက် မတူကွဲပြားမှုများနှင့် အငြင်းပွားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟုသာ ပြောကြားခဲ့သည်။

ထို့နောက်တွင် ဖိလစ်ပိုင်သမ္မတရုံးကလည်း သမ္မတမားကို့စ်အနေဖြင့် သမ္မတရှီနှင့် ဆွေးနွေးပြောဆိုမှုများအတွက် ဝမ်းမြောက်မိပါကြောင်းနှင့် လာမည့်ဇန်နဝါရီလထဲတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်ရေးအတွက် စိတ်အားထက်သန်နေပါကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများသည် တရုတ်-ဖိလစ်ပိုင် နှစ်ပြည်ထောင်ဆက်ဆံရေးကို အလုံးစုံ ထင်ဟပ်စေခြင်းမရှိကြောင်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့သည်ဟုလည်း ဖိလစ်ပိုင်သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း ကမ္ဘောဒီးယားတွင် ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ထိပ်သီးအစည်းအဝေးနှင့် အင်ဒိုနီးရှားတွင် ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀) ထိပ်သီးအစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးအစည်းအဝေးကိုမူ ဒုတိယသမ္မတ ကာမလာဟဲရစ်စ် တက်ရောက်ခဲ့သည်။

ရှီသည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ်လီခဲ့ချန်က ကိုယ်စားပြု တက်ရောက်ခဲ့သည်။ သို့သော်အင်ဒိုနီးရှားတွင် ပြုလုပ်သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ပြင်ပဘေးဆွယ် တွေ့ဆုံမှုအဖြစ် ၎င်းသည် သမ္မတဘိုင်ဒင်နှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုအတွင်း အမေရိကန်-တရုတ်ဆက်ဆံရေး နွေးထွေးလာသည့် သိသာထင်ရှားသော လက္ခဏာမျိုး မတွေ့ရှိရသော်လည်း နှစ်နိုင်ငံအကြား အငြင်းပွားဖွယ်ကိစ္စရပ်အများအပြားရှိနေခြင်းကြောင့် ထိုအခြေအနေသည် အံ့အားသင့်စရာ မဟုတ်ပေ။

အမေရိကန် အစိုးရက ကာလရှည်ကျင့်သုံးခဲ့သည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဘိုင်ဒင်က ရှီနှင့်တွေ့ဆုံစဉ်အတွင်း ထပ်လောင်းပြောဆိုခဲ့ပြီး အခြားတစ်ဖက်တွင်လည်း တရုတ်က ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်နေသည့် ထိုင်ဝမ်ကျွန်းနှင့် အမေရိကန်အကြား ကာကွယ်ရေးနှင့် အလွတ်သဘော ဆက်ဆံမှုများကို လမ်းဖွင့်ထားဆဲဖြစ်သည်။

သမ္မတရှီကမူ ထိုင်ဝမ်အရေးသည် တရုတ်၏ အဓိကအကျိုးစီးပွား ဖြစ်ရုံသာမက အမေရိကန်-တရုတ်ဆက်ဆံရေး၏ အခြေခံနိုင်ငံရေးအုတ်မြစ်လည်းဖြစ်ကာ နှစ်နိုင်ငံဆက်ဆံရေးတွင် စည်းကျော်၍မရသည့် အဓိကအခြင်းအရာဖြစ်ကြောင်း လေးလေးနက်နက်သတိပေးခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ် သြဂုတ်လထဲတွင် ထိုင်ဝမ်ကျွန်းသို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ လာရောက်ခဲ့ပြီးနောက် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကာ လက်တုံ့ပြန်ခဲ့ပြီး ဂျပန်၏ အိုကီနာဝါကျွန်းအနီး ရေပြင်ထဲသို့လည်း ပဲ့ထိန်းဒုံးကျည်ငါးစင်း ပစ်လွှတ်ခဲ့ခြင်းကြောင့် ဂျပန်အတွက် အမျက်ဒေါသထွက်စရာဖြစ်ခဲ့သည်။            

Ref:AP

Most Read

Most Recent