ပြည်ပမှ လျှပ်စစ်သုံးယာဉ် တင်သွင်းရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး မော်တော်ဆိုင်ကယ် အရောင်းပြခန်းဖွင့်လှစ်မည့်ကုမ္ပဏီများ ဘဏ်၌ ကျပ်သိန်း ၅၀၀ ပေးသွင်းရမည်

ပြည်ပမှ လျှပ်စစ်သုံးယာဉ် တင်သွင်းရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး မော်တော်ဆိုင်ကယ် အရောင်းပြခန်းဖွင့်လှစ်မည့်ကုမ္ပဏီများ ဘဏ်၌ ကျပ်သိန်း ၅၀၀ ပေးသွင်းရမည်
မော်တော်ဆိုင်ကယ် အရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်
မော်တော်ဆိုင်ကယ် အရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်
Published 21 November 2022

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်နည်း ပညာဖြင့် မှတ်ပုံတင်ထားမှသာလျှင် နိုင်ငံတော်ကပံ့ပိုးပေးမည့် ငွေကြေး အရင်းအနှီးနှင့် အခွန်အခ သက်သာခွင့် အပါအဝင် အထောက်အပံ့ အားလုံးကို ရယူခံစားခွင့်ရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန် ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၁၅ ရက် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၁/၂၀၂၂) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိမိတို့အ နေဖြင့် MSMEအေဂျင်စီဖွဲ့စည်းပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ အားလုံး ပြီးစီးချိန်တွင် မှတ်ပုံတင် ထားခြင်းမရှိသေးသည့်MSME လုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် Online မှ မှတ်ပုံတင်ပေးနိုင်ရေး အေဂျင်စီများကလည်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင်လည်း အေဂျင်စီများနှင့် ပတ်သက်၍ တရားဝင် ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဒစ်ဂျစ်တယ်နည်းပညာဖြင့် မိမိတို့လုပ်ငန်းများကို မှတ်ပုံတင် ထားမှသာလျှင် နိုင်ငံတော်က ပံ့ပိုးပေးမည့် ငွေကြေးအရင်းအနှီးနှင့် အခွန်အခ သက်သာခွင့်အပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ SME Member Card ထုတ်ပေး ထားသည့်လုပ်ငန်းပေါင်း ၄၀,၉၂၉ ခုရှိပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသည့်လုပ်ငန်းများအနက် အသေးစားနှင့် အလတ်စားလုပ်ငန်း သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လုပ်ငန်းများသည်လည်း ၄၅ဝဝဝကျော်ရှိကြောင်း၊ ထို့ပြင် အခြားဝန်ကြီးဌာန ၁၃ ခုရှိ ဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့် လုပ်ငန်း ၂၅၃၀၀၀ ကျော်ရှိသည်ကို စာရင်းများအရ သိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများလည်ပတ်နေရန် အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ အားသာချက်အပေါ် အခြေခံပြီး အသုံးချတတ်မည်ဆိုပါက အခွင့်အလမ်းကောင်းများ ရရှိလာနိုင်ကြောင်း၊ အခွင့်အလမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင် စားသောက်ကုန် ဆိုင်ရာထုတ်ကုန်များ လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းထုတ်လုပ်မှု ကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လိုအပ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။

ပြည်ပမှ လျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်

အစပျိုးစမ်းသပ်ကာလ (Pilot Project)အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် နေ့စွဲ ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာ စာအမှတ် ၆၂/၂၀၂၂ ကို ထုတ်ပြန်ခဲ့သည်။

ပြည်ပမှ လျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်ပြီး ကော်မတီ၏သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့်အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည် ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်ရန် အစပျိုးစမ်းသပ်ကာလ (Pilot Project)အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်း အတွက် လိုက်နာရမည့် စည်းကမ်းများမှာ လျှပ်စစ်သုံးယာဉ်တင်သွင်း မည့်ကုမ္ပဏီသည် အရောင်းပြခန်း ဖွင့်လှစ်ခွင့် လက်မှတ်ရရှိထားခြင်း မရှိသေးပါက အောက်ပါအချက်များနှင့် ကိုက်ညီရမည်။

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်းဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ဖြစ်ရမည်၊ တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်၏အမှတ်တံဆိပ် (Brand) တစ်ခုစီအတွက် ရောင်းချသည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ်တင်ပြနိုင်သူဖြစ်ရမည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်ရမည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်၊ တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts)ရရှိနိုင်မှု နှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံ ထားရှိရမည်။

လျှပ်စစ်သုံးယာဉ် တင်သွင်း ရောင်းချမည့်ကုမ္ပဏီသည် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာကျပ် ငွေသိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်။

လျှပ်စစ်သုံးယာဉ် တင်သွင်း ရောင်းချခွင့်ရသည့် ကုမ္ပဏီသည် တင်သွင်းလာသော ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဖြစ်သည်။

ယင်းအမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ်ဟူသော စကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီး သည်တင်ယာဉ်တို့အကျုံးဝင်ပြီး BEV (Battery Electric Vehicle) ယာဉ်များသာ ဖြစ်ရမည်။

ယင်းထုတ်ပြန်ချက်သည်  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ  အကျိုးသက်ရောက်စေမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်များကို လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်မည်ဟုလည်း သိရသည်။

မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်မည့်ကုမ္ပဏီများ ဘဏ်တွင် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ထောက်ခံချက် တင်ပြရမည်

မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room)တွင် ရောင်းချရန် မော်တော် ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့် စည်းကမ်းချက်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် နေ့စွဲဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဘဏ်တွင် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်နှင့် အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တင်ပြရမည်ဖြစ် ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်အရောင်း ပြခန်းဖွင့်လှစ်ရန် မြန်မာနိုင်ငံသားမှဖြစ်စေ၊  မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်ခြင်းဖြင့် ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်၊ တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှ ဖြစ်စေ၊ ဒေသဆိုင်ရာ ရုံးမှဖြစ်စေ၊ မော်တော်ဆိုင်ကယ်အသစ်များ ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်သို့မဟုတ် အရောင်းကိုယ်စားလှယ်အဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရမည်။

လျှပ်စစ်ဆိုင်ကယ်တင်သွင်းမှုများ၌ တပ်ဆင်အသုံးပြုသည့်ဘက်ထရီများအပါအဝင် အရည်အသွေးပိုင်းဆိုင်ရာအာမခံမှု၊ ရောင်းချပြီး နောက်ပိုင်း ဝန်ဆောင်မှုများပေးခြင်း၊ အပိုပစ္စည်းများပံ့ပိုးပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် ကုမ္ပဏီဖြစ်ရမည်။

မော်တော်ဆိုင်ကယ်အရောင်း ပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့်ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် ဘဏ်တွင် မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Gurantee) တင်ပြရ မည်။

မော်တော်ဆိုင်ကယ်အရောင်း ပြခန်းဖွင့်လှစ်ဆောင်ရွက်မည့်ကုမ္ပဏီများသည် ပြည်တွင်းအခွန်များဦးစီးဌာနမှ  သက်ဆိုင်ရာဘဏ္ဍာနှစ်အတွက် လုပ်ငန်းအမျိုးအစားအလိုက် ထုတ်ပေးထားသည့်အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်ပုံစံတင်ပြရမည်။

အရောင်းပြခန်းဖွင့်လှစ်မည့် နေရာကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ရမည်။ မော်တော်ဆိုင်ကယ်အရောင်းပြခန်း (ရုံးခန်း၊ ဧည့်နားနေခန်းနှင့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုစင်တာ After Sale Service Center အပါအဝင်)  ၏ အကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၅၀၀၀ ရှိရမည်။

သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရမည်။ ယင်းသို့လျှောက်ထားစဉ်ကာလအတွင်း သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မော်တော်ဆိုင်ကယ်အ ရောင်းပြခန်းဖွင့်လှစ်ခြင်းသည် မှန်ကန်ကြောင်း ထောက်ခံချက်ဖြင့် ခြောက်လ ယာယီခွင့်ပြုနိုင်သည်။

မော်တော်ဆိုင်ကယ်အရောင်း ပြခန်းရုံးခွဲများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလုပ်ကိုင်ခွင့်ရယူရမည်။

မော်တော်ဆိုင်ကယ်အရောင်း ပြခန်းတွင် ရောင်းချရန် တင်သွင်းလာသည့်မော်တော်ဆိုင်ကယ်များသည် အသုံးမပြုရသေးသောအသစ် (Brand New) ဖြစ်ရမည် စသည်တို့ ပါဝင်သည်။

တင်သွင်းလာမည့် မော်တော် ဆိုင်ကယ်များ၏ ထုတ်လုပ်သည့်ခုနှစ် (Model Year) သည် ရောက်ရှိသည့်ခုနှစ်မှ နှစ်နှစ်အတွင်း ထုတ် လုပ်ထားသည့် မော်တော်ဆိုင်ကယ်များ ဖြစ်ရမည်စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စည်းကမ်းချက်များလိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဟု သိရသည်။

Most Read

Most Recent