နိုင်ငံတကာဆက်ဆံရေး၌ ပါ၀ါချိန်ခွင်လျှာအယူအဆက မည်သည့်နိုင်ငံတစ်နိုင်ငံမဆိုအား အခြားနိုင်ငံအားလုံးအပေါ် လွှမ်းမိုးရန် လုံလောက်သော စစ်ရေးအာဏာ မရရှိစေရန် တားဆီးခြင်းဖြင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ရှင်သန်မှုကို လုံခြုံစေနိုင်ကြောင်း အကြံပြုထားသည်။ အကယ်၍ နိုင်ငံတစ်ခုသည် ပိုမိုအားကောင်းလာပါက ၎င်းသည် ၎င်းထက်အားနည်းသော အိမ်နီးချင်းများကို အခွင့်ကောင်းယူမည်ဟု ယင်းအယူအဆက ခန့်မှန်းထားပြီး ထို့ကြောင့် ၎င်းနိုင်ငံတို့အား ခံစစ်ညွန့်ပေါင်းအဖွဲ့တွင် စည်းလုံးညီညွတ်စေရန် တွန်းအားပေးသည်။ ပြိုင်ဘက်ညွန့်ပေါင်းအဖွဲ့များကြား ပါ၀ါမျှခြေရှိသောအခါ ရန်လိုမှုသည် အကျိုးအမြတ်မရနိုင်သောကြောင့် ပါ၀ါချိန်ခွင်လျှာစနစ်သည် နိုင်ငံတစ်ခုကြီးစိုးခြင်းထက် ပို၍တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည်ဟု ဆိုသည်။။
ခြိမ်းခြောက်ခံရသည့်အခါတွင် နိုင်ငံများသည် လွှမ်းမိုးနေသောခြိမ်းခြောက်မှု၏ ဆန့်ကျင်ရာဘက်သို့ ဟန်ချက်ညီစွာ အခြားသူများနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် ဘေးကင်းရေးကို ရှာဖွေနိုင်သည်။ သို့မဟုတ်ပါက ခြိမ်းခြောက်နိုင်သော ပါ၀ါနှင့် မဟာမိတ်ပြုခြင်း သို့မဟုတ် ရေပန်းစားရာဘက်သို့ လိုက်ခြင်းပြုရပေလိမ့်မည်။ အခြားမဟာမိတ်နည်းဗျူဟာများတွင် ‘တာဝန်ယူမှုကို အခြားသူထံ လွှဲပေးခြင်း’ (Buck-passing) နှင့် ‘နိုင်ငံအ များအပြားညွန့်ပေါင်း သို့မဟုတ် မဟာမိတ်ဖွဲ့ခြင်း’ (Chain-ganging) ပါဝင်သည်။ ယထာဘူတပညာရှင်များသည် စနစ်တစ်ခု၏ ၀ိရောဓိက နည်းဗျူဟာများ၏ ရွေးချယ်မှုအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသည်ကို ကြာမြင့်စွာ အချေအတင်ဆွေးနွေးခဲ့ကြသည်။ သို့သော် ဘက်နှစ်ဘက်ရှိသော စနစ်များတွင် မဟာစွမ်းအားတစ်ခုစီသည် အခြားတစ်ခုကို တိုက်ရိုက်ရင်ဆိုင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိဟု ယေဘုယျအားဖြင့် သဘောတူထားသည်။ မဟာမိတ်ပုံစံများတွင် ဟန်ချက်ညီအောင် ထိန်းညှိခြင်း၏ ဖြစ်နိုင်ခြေများအကြောင်း လက်တွေ့ဝါဒီများကြားတွင် ငြင်းခုံမှုများနှင့်အတူ အပြုသဘောဝါဒီများကဲ့သို့သော နိုင်ငံတကာဆက်ဆံရေးအုပ်စုများသည်လည်း ပါ၀ါချိန်ခွင်လျှာသီအိုရီကို ဝေဖန်ကြပြီး နိုင်ငံတကာစနစ်နှင့် နိုင်ငံများ၏အပြုအမူများနှင့်ပတ်သက်သော အဓိကလက်တွေ့ကျကျ ယူဆချက်များကို ငြင်းခုံကြသည်။
ပါ၀ါချိန်ခွင်လျှာသီအိုရီသည် ဂန္ထဝင်နှင့် နီယိုရီယယ်လစ် သီအိုရီနှစ်ခုလုံး၏ ပင်မအခြေခံသဘောတရားဖြစ်ပြီး မဟာမိတ်ဖွဲ့စည်းခြင်းကို ရှင်းပြရန် ကြိုးစားကြခြင်းဖြစ်သည်။ နိုင်ငံတကာစနစ်၏ ရလဒ်အဖြစ် မင်းမဲ့ဝါဒတို့၏ နီယိုရီယယ်လစ်အယူအဆကြောင့် နိုင်ငံများသည် ကိုယ်ထူကိုယ်ထကမ္ဘာတွင် ၎င်းတို့၏ပါ၀ါကို ထိန်းသိမ်းခြင်း သို့မဟုတ် တိုးမြှင့်ခြင်းဖြင့် ၎င်းတို့၏ ရှင်သန်မှုကို သေချာစေရမည်ဟူ၍ ဖြစ်လာသည်။ လွှမ်းမိုးကြီးစိုးသော နိုင်ငံတစ်နိုင်ငံက တိုက်ခိုက်လာမှုတစ်ခု ဖြစ်ပွားသည့်အခါ နိုင်ငံကို ကယ်ဆယ်ရန် နိုင်ငံ၏အထက်တွင် မည်သည့်အာဏာပိုင်မှ မရှိခြင်းနှင့်အတူ နိုင်ငံများသည် ဖြစ်နိုင်ခြေရှိသည့် လွှမ်းမိုးကြီးစိုးသော နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရန် ယင်းနိုင်ငံကို ဆန့်ကျင်လျက်မျှခြေတစ်ရပ်ထူထောင်ရေးကို ကြိုးပမ်းကြသည်။ နီယိုရီယယ်လစ်ဇင်အယူအဆကို တည်ထောင်သူ ကက်နက်ဝါ့ဇ်၏ အဆိုအရ “ပါ၀ါဟန်ချက်ညီသော နိုင်ငံရေးသည် ဘက်နှစ်ဘက်ရှိသည့် နေရာတိုင်းတွင် လွှမ်းမိုးပြီး လိုအပ်ချက်နှစ်ခုနှင့်သာ ကိုက်ညီသည်- အခင်းအကျင်းသည် မင်းမဲ့ဆန်ဆန် (လွှမ်းမိုးချုပ်ကိုင်ထားသော စည်းမျဉ်းမရှိ) ဖြစ်ရခြင်းနှင့် ယင်းတွင် ရှင်သန်လိုသော ယူနစ်များ (နိုင်ငံများ)က ထူထပ်စွာ ရှိနေခြင်း” ဖြစ်သည်။
နိုင်ငံတစ်ခုသည် စီးပွားရေးစွမ်းရည်တိုးမြှင့်ခြင်း၊ လိမ္မာပါးနပ်သော ဗျူဟာများ ဖွံ့ဖြိုးလာစေခြင်းနှင့် စစ်အင်အား တိုးမြှင့်ခြင်းတို့ကဲ့သို့သော ပြည်တွင်းကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ‘ပြည်တွင်းမျှခြေ’ ကို ထိန်းခြင်းဖြင့်ဖြစ်စေ သို့မဟုတ် မဟာမိတ်များဖွဲ့စည်းခြင်းဖြင့် မိမိတို့လုံခြုံရေးကို ပြည်ပနည်းလမ်းများ ရယူကာ မြှင့်တင်လျက် ‘ပြည်ပမျှခြေ’ ကို ထိန်းခြင်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ ယင်းစနစ်အတွင်း ၎င်းတို့ရှိရာ နေရာနှင့် ပျော်ရွှင်နေသော နိုင်ငံများကို ‘ပိုနေမြဲ၊ ကျားနေမြဲ’ နိုင်ငံများဟု ခေါ်ဆိုကြပြီး ၎င်းတို့၏ လိုလားချက်အရ ပါ၀ါချိန်ခွင်လျှာကို ပြောင်းလဲရန် ကြိုးပမ်းသူများကို ယေဘုယျအားဖြင့် ‘ပြန်လည်ပြင်ဆင်ရေးနိုင်ငံများ’ ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ၎င်းတို့သည် လွှမ်းမိုးကြီးစိုးသည့် နိုင်ငံဖြစ်လိုသောကြောင့် ပါ၀ါချိန်ခွင်လျှာကို ပြုပြင်ပြောင်းလဲလိုကြခြင်းလည်းဖြစ်သည်။
ပါ၀ါချိန်ခွင်လျှာအယူအဆက မည်သည့်နိုင်ငံတစ်နိုင်ငံမဆိုအား အခြားနိုင်ငံအားလုံးအပေါ် လွှမ်းမိုးရန် လုံလောက်သော စစ်ရေးအာဏာ မရရှိစေရန် တားဆီးခြင်းဖြင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရှင်သန်မှုကို လုံခြုံစေနိုင်ကြောင်း အကြံပြုထားသော်လည်း အင်အားကြီးမဟုတ်သည့် နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံတကာဆက်ဆံရေး၌ အဓိကဦးစားပေးသင့်သည်မှာ မည်သည့်အယူအဆအရဖြစ်စေ မိမိတို့နိုင်ငံ၏ ရှင်သန်ရပ်တည်ရေးသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
နိုဝင်ဘာ ၁၅ ရက် ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်