ဂျီ-၂၀ အစည်းအဝေးတွင် မြောက်ကိုရီးယားအရေးနှင့်စပ်လျဉ်းပြီး တရုတ်သမ္မတရှီကို ဖိအားပေးပြောကြားမည်ဟု အမေရိကန်သမ္မတဘိုင်ဒင် ကတိပြု

ဂျီ-၂၀ အစည်းအဝေးတွင် မြောက်ကိုရီးယားအရေးနှင့်စပ်လျဉ်းပြီး တရုတ်သမ္မတရှီကို ဖိအားပေးပြောကြားမည်ဟု အမေရိကန်သမ္မတဘိုင်ဒင် ကတိပြု
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ယင်းအချိန်က ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဘိုင်ဒင် (ယာ)နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့အား တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ယင်းအချိန်က ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဘိုင်ဒင် (ယာ)နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့အား တွေ့ရစဉ်
Published 12 November 2022

အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းတွင် လာမည့်သီတင်းပတ်အတွင်း ပြုလုပ်မည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀) အစည်းအဝေးတွင် တရုတ်သမ္မတရှီကျင်းပင်နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုပြု လုပ်ချိန်တွင် မြောက်ကိုရီးယားအရေးနှင့် စပ်လျဉ်းပြီး ဖိအားပေးပြောဆိုမည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် အာရှသို့ရောက်ရှိလာသည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကတိပြုခဲ့သည်။

ဘိုင်ဒင်သည် နိုဝင်ဘာ ၁၄ ရက်တွင် ရှီနှင့်တွေ့ဆုံမည့် ဆွေးနွေးပွဲမတိုင်မီ အရှေ့ တောင်အာရှခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် သတ္တမအကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖွယ်ရှိသည့် အခြေအနေကြောင့် စိုးရိမ်မှုများမြင့်တက်ခဲ့ပြီးနောက် စူပါပါ၀ါ နှစ်နိုင်ငံ၏ ခေါင်းဆောင်များ တွေ့ဆုံမည်ဖြစ် သည်။

ဂျီ ၂၀ အစည်းအဝေး၏ ဘေးဆွယ်တွေ့ဆုံမှုတွင် ဘိုင်ဒင်က မြောက်ကိုရီးယား၏ အ ကြီးဆုံးမဟာမိတ်ဖြစ်သည့် တရုတ်အား မြောက်ကိုရီးယား၏ အဆိုးရွားဆုံး အပြုအမူများကို ထိန်းချုပ်ကန့်သတ်ရာတွင် ခိုင်မာသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ပြောကြားလိမ့်မည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားစီမံကိန်းသည် ယခုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ယင်းသည် ဒေသတွင်း အမေရိကန်၏စစ်ရေးနှင့် လုံခြုံရေးတည်ရှိမှုကို ထပ်မံတိုးမြှင့်ရမည့် သဘောဖြစ်လာလိမ့်မည်ဟု ဘိုင်ဒင်က ရှီကို ပြောကြားလိမ့်မည်ဟု ဆူလေဗန်က ဆိုသည်။

ဘိုင်ဒင်သည် တရုတ်ကို တောင်းဆိုမှုများပြုလုပ်လိမ့်မည်မဟုတ်သော်လည်း ၎င်း၏ သဘောထားကို ရှီအား ပြောကြားလိမ့်မည်ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အတွက်သာ ခြိမ်းခြောက်မှုမဟုတ်ဘဲ ဒေသတစ်ခုလုံး၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့အတွက်လည်း ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆူလေဗန်က ပြော ကြားခဲ့သည်။

တရုတ်အနေဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားများတိုးမြှင့်ရန်ဆန္ဒရှိ မရှိကို သတင်းထောက်များက မေးမြန်းရာတွင် ဆူလေဗန်က တရုတ်အနေဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားတိုးမြှင့်ရမည်ဟု ဖြေကြားခဲ့ သည်။

မည်သို့ပင်ဆိုစေ မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးကျည်စွမ်းဆောင်ရည်များကို လျင်မြန်စွာ တိုးမြှင့်နေမှုနှင့်အတူ လက်ရှိအနေထားတွင် စစ်ဆင်ရေးဆိုင်ရာ အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်ဟု ဆူလေဗန်က ဆိုသည်။

ဘိုင်ဒင်နှင့် ရှီတို့သည် ပြီးခဲ့သည့် ၂၂ လအတွင်း တယ်လီဖုန်းဖြင့် အကြိမ်ပေါင်းများစွာ ဆက်သွယ်ပြောဆိုခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရှီသည် ပြည်ပခရီးစဉ်များကို ရှောင်လွှဲခဲ့သဖြင့် ဘိုင်ဒင်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပေ။ထို့ကြောင့် နိုဝင်ဘာ ၁၄ ရက်တွင် ၎င်းတို့ နှစ်ဦး၏ တွေ့ ဆုံမှုသည် ဘိုင်ဒင်အတွက် အမေရိကန်သမ္မတအဖြစ် ရှီနှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လာမည် ဖြစ်သည်။

Ref: AFP

Most Read

Most Recent