YBS ၆၁ ပေါ်တွင် ခရီးသည်များအား သံတုတ်များဖြင့် ရိုက်နှက်ပြီး ဖုန်းများလုယက်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်တွင် သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၈ ရက် ၊ ညနေ ၄ နာရီခန့်တွင် YBS ၆၁ ယာဉ်သည် မရမ်းကုန်းမြို့နယ်၊သမိုင်းဘူတာရုံလမ်းအတိုင်း ဘုရင့်နောင်မီးပွိုင့်ဘက်သို့ မောင်းနှင်နေစဉ် ယာဉ်ပေါ်ပါ လူတစ်စုမှ သံတုတ်များဖြင့် ခရီးသည်များအား ရိုက်နှက်ကာ ဖုန်းများလုယက်ခဲ့ကြောင်း သိရသည်။
ဖုန်းများလုယက်ပြီးနောက် အဆိုပါလူတစ်စုမှာ YBS ၆၁ ယာဉ်ပေါ်မှဆင်းပြီး အသင့်စောင့်နေသည့် ပရိုဘောက်ယာဉ်ပေါ်သို့တက်ကာ ထွက်ပြေးသွားခဲ့ကြောင်း ၊ ယာဉ်ပေါ်မှအမျိုးသမီးတစ်ဦးမှာ ကြောက်လန့်ပြီး ယာဉ်ပေါ်မှ ခုန်ချသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ လုယက်သွားသူများအား နိုဝင်ဘာ ၉ ရက် ၊ နံနက်ပိုင်းက ထွက်ပြေးမောင်းနှင်ခဲ့သည့် ပရိုဘောက်ယာဉ်နှင့်အတူလုယက်ခဲ့သူ ခုနစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရှိရသည်။
" ဖမ်းဆီးရမိတာဟုတ်ပါတယ်။အခုတော့ စခန်းမှာ စစ်ဆေးနေပါတယ်" ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။