မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပေါ်ပေါက်ရန် ကြိုးစားနေသူများနှင့် ရပ်တည်မည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပေါ်ပေါက်ရန် ကြိုးစားနေသူများနှင့် ရပ်တည်မည်ဟု အမေရိကန် ထုတ်ပြန်
Published 8 November 2022

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ လေးစားရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပေါ်ပေါက်ရန် ကြိုးစားနေသူများနှင့် ရပ်တည်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နှစ်နှစ်ပြည့်ခြင်း သတင်းထုတ်ပြန်ချက်တွင် အထက်ပါအချက်ကို ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က အများလက်ခံသော ငြိမ်းချမ်းစွာကျင်းပသည့် ပါတီစုံရွေးကောက်ပွဲ၌ မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများ ဆန္ဒမဲပေးခဲ့ကြကြောင်း၊  ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်တစ်ခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၁၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ပိုမိုဆိုးရွားလာသည့် လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း၊  မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်သည့် နှစ်ပတ်လည်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်နှင့် အားလုံးပါဝင်နိုင်သည့် ပါတီစုံဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပေါ်ပေါက်ရန် ကြိုးစားလျက်ရှိကြသည့်သူများနှင့်အတူ ရပ်တည်ရန် သံန္နဋ္ဌာန်မှာ ခိုင်မာမြဲမြံလျက်ပင်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံအဖြစ် အကောင်အထည်ဖော်ရန် ထက်သန်လျက်ရှိသည့် ဒီမိုကရေစီလိုလားသောခေါင်းဆောင်များနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ အရေးယူမှု အစီအမံများကိုလည်း အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် ပြည်သူများ တောင်းဆိုနေကြသည့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို  လေးစားလိုက်နာရန် ဖိအားပေးသွားမည်ဖြစ်ပြီး ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းတို့၏ မိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးထောင်ချထားခြင်းခံရသူများ လွတ်မြောက်ရေးနှင့် အရပ်ဘက်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးတို့အတွက် တောင်းဆိုကြောင်းကို ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent