နိုဝင်ဘာဒုတိယပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ကျပ် ၄၃၃၀ သတ်မှတ်ကာပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးအပတ်ထက် ကျပ် ၄၀၀ ခန့်တိုးမြှင့်သတ်မှတ်

နိုဝင်ဘာဒုတိယပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ကျပ် ၄၃၃၀ သတ်မှတ်ကာပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးအပတ်ထက် ကျပ် ၄၀၀ ခန့်တိုးမြှင့်သတ်မှတ်
ပုဂ္ဂလိကကုမ္ပဏီများက မြို့နယ်အလိုက် စားအုန်းဆီရောင်းချပေးနေမှုကို တွေ့ရစဉ်
ပုဂ္ဂလိကကုမ္ပဏီများက မြို့နယ်အလိုက် စားအုန်းဆီရောင်းချပေးနေမှုကို တွေ့ရစဉ်
Published 8 November 2022

လက်ရှိစျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ နိုင်ဝင်ဘာဒုတိယအပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းအား တစ်ပိဿာလျှင် ကျပ် ၄၃၃၀ သတ်မှတ်ကာ ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်ထက် ကျပ် ၄၀၀ ခန့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးအပတ်တွင် စားအုန်းဆီရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းတစ်ပိဿာလျှင် ကျပ် ၃၉၆၀ ဖြစ်ကြောင်း စားသုံးဆီတင် သွင်းသိုလှောင်ဖြန့်ချိခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၄၃၃၀ သတ်မှတ်ကာ ကျပ် ၃၇၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပုဂ္ဂလိကကုမ္ပဏီအချို့က စားဆီတစ်ပိဿာလျှင် အောက်တိုဘာ ၁၁ ရက်က ကျပ် ၄၁၀၀၊ အောက်တိုဘာ ၉ ရက်က ကျပ် ၄၂၀၀ ဖြင့် မြို့နယ်အလိုက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

သို့သော်လည်း အောက်တိုဘာ ၂၄ ရက်တွင် စားအုန်းဆီစျေးနှုန်း ပြင်ပပေါက်စျေးမှာ တစ်ပိဿာလျှင် ကျပ် ၉၂၀၀ အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်း၌ စားအုန်းဆီရောင်းချနေသူများထံမှ သိရသည်။

နိုဝင်ဘာပထမအပတ်အတွင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၄၄၅၀ ဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်းများအသင်းမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်ဆီကမ္ဘာ့စျေးနှုန်းပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရီတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent