စစ်မှန်သည့် နိုင်ငံရေးသမားတစ်ဦးသည် သူ၏ ပလက်ဖောင်းကို ခိုင်မာသော၊ အ ပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများအပေါ်၌ တည်ဆောက်သည်။ ယင်းအမှန်တရားများသည် သူယုံကြည်ထားသည့်အရာများဖြစ်သည်။ ယင်းတို့သည် မုန် တိုင်းတို့၏ ပြင်းထန်စွာရိုက်ပုတ်ခြင်းခံရသော အိမ်တစ်လုံး၏ အခြေခံအုတ်မြစ်ကဲ့သို့ပင် ဖြစ်သည်။ အတိုက်အခံပြုမှုများနှင့် စိန်ခေါ်မှုများ ပေါ်ပေါက်၍လာမည်ဖြစ်ပြီး အချိန် များသာ ပြောင်းလဲသွားသော်လည်း အခြေခံအုတ်မြစ်သည် မယိမ်းမယိုင်ဘဲ ကျန်ရစ်မြဲဖြစ် သည်။ စစ်မှန်သည့် နိုင်ငံရေးသမားတစ်ဦးသည် သူ၏ ကိုယ်ပိုင်ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်တတ်သူဖြစ်သည်။ သူသည် မီးစင်ကြည့် ကနေသူတစ်ဦးမဟုတ်ဘဲ လုံးဝမှန်ကန်သည့် အမှန်တရားများကိုသာ ယုံကြည်သူဖြစ်သော ကြောင့် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာသည် ကောင်းမှုနှင့် မကောင်းမှုကို သိရှိခြင်းအပေါ်၌သာ အခြေပြုသည်။ တစ်စုံတစ်ရာသည် မှားယွင်းနေပါက သူသည် မှားယွင်းသည်ဟုသာ ရိုးရှင်းစွာဆိုပြီး သူ အင်အားရှိသမျှ အရာရာဖြင့် မကောင်းမှုကို ဆန့်ကျင်မည်ဖြစ်သည်။ တစ်စုံတစ်ရာသည် မှန်ကန်သည်ဟုဆိုပါက ယင်းကောင်းမှုကို ထိန်းသိမ်းရေးနှင့် ဖြန့်ချိရေးတို့အတွက် အတိုက်အခံမှန်သမျှကို ကျော်လွှားရန် ဆန္ဒရှိသူ ဖြစ်သည်။
နိုင်ငံရေးအချောင်သမားများမှာမူ သဘောတရားစည်းမျဉ်းမရှိရုံမက ကိုယ်ပိုင်အကျိုး စီးပွားရှာဖွေရန်သာ နိုင်ငံရေးသမားဟု အမည်ခံထားသူများ ဖြစ်ကြသည်။ နိုင်ငံရေး အချောင်သမားများသည် ကျင့်ဝတ်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အခြေခံသဘောတရားများ ကိုပင် လိုက်နာခြင်းမပြုဘဲ မိမိကို နိုင်ငံရေးအရ ထောက်ခံအားပေးမှုအား ထိန်းထားရန် သို့မဟုတ် နိုင်ငံရေးသြဇာ ပိုမိုကြီးထွားလာရန်သာ တစ်ချိန်လုံး ကြိုးပမ်းနေတတ်သည်။ “နိုင်ငံရေးဆိုင်ရာ အချောင်သမားဝါဒ”ဟူသည့် အသုံးအနှုန်းကို ရှုတ်ချချိုးနှိမ်သောသဘော ဖြင့် အသုံးပြုလေ့ရှိကြခြင်းမှာလည်း အချောင်သမားများသည် ချမှတ်ထားသည့် သဘော တရားစည်းမျဉ်းများ သို့မဟုတ် ကတိပြုထားသည့် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များကို ကိုယ်ကျိုးအတွက် စွန့်ပယ်လိုက်ကြသောကြောင့် ဖြစ်သည်။
အချောင်သမားတို့ကြောင့် နိုင်ငံရေးတွင် ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်တို့အကြား မူရင်းဆက်နွှယ်မှုမှာ ပျောက်ဆုံး၍သွားတော့သည်။ သူတို့၏ လုပ်ဆောင်ချက်များကို ကြည့်ပါက “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်”ဆိုသကဲ့သို့ သူ့သဘောသူဆောင်ကာ သူ့ဘာသာ ထင်ရာစိုင်းနေခြင်း သို့မဟုတ် အရူးချေးပန်းဆန်လာခြင်းတို့ကို တွေ့ရသည်။ မူလက ရည်မှန်းထားသောအရာများ၊ ချမှတ်ထားသည့်မူဝါဒများမှနေ၍ လုံးဝကွဲပြားခြား နားသွားတော့သည်။ လီဆယ်ဖန်တီးလိုက်သည့် နိုင်ငံရေးဆိုင်ရာ ညီညွတ်မှုတစ်ရပ်ကို မြှင့်တင်ရန်သက်သက်အတွက် နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများသည် ရေ ရောခံလိုက်ရခြင်း၊ ပြန်လည်ဖွင့်ဆိုခံလိုက်ရခြင်း သို့မဟုတ် လျစ်လျူပြုခံလိုက်ရခြင်းတို့ ဖြစ်ပေါ်လာသည်။ အကျိုးဆက်အနေဖြင့် တူညီသော အဖွဲ့အစည်းတစ်ရပ်အတွင်း၌ရှိသည့် ရှေ့နောက် ညီညွတ်သောသဘောတရားတစ်ရပ်သည် တဖြည်းဖြည်းပျောက်ဆုံး၍ လာ သည်။ ယင်းနောက် အဆိုပါအဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်းမှ ဖယ်ခွာသွားခြင်း သို့မဟုတ် ယင်းအဖွဲ့အစည်း ကျရှုံးခြင်း၊ အဖွဲ့ကွဲသွားခြင်း သို့မဟုတ် အားနည်းချည့်နဲ့သွား ခြင်းတို့ ဖြစ်နိုင်သည်။
နိုင်ငံရေးအချောင်သမားများသည် မိမိတို့ လုပ်ဆောင်ချက်များကို မှန်ကြောင်း၊ တရားကြောင်း လူအများယုံကြည်အောင် ၀ါဒဖြန့်ပေးရန်နှင့် ၎င်းင်းတို့၏အမှားများကို ဖာ ပေးထေးပေးရန်အတွက် လော်ဘီများကို တစ်ဦးချင်းသာမက အဖွဲ့လိုက်ပါ မွေးထား တတ်ကြသည်။ လူမှုမီဒီယာများ အားကောင်းလာချိန်တွင် “လူမှုရေးသြဇာကို ရရှိထားသူ များ” (Social Influencers) သည် နိုင်ငံရေးအချောင်သမားများအတွက် အသုံးချစရာ လက်ပါးစေ လော်ဘီများ ဖြစ်လာကြသည်။ နိုင်ငံရေးအချောင်သမားများက အာဏာ အလွဲသုံးစားလုပ်ကာ လော်ဘီများအား ကြီးမားသည့် အခွင့်အရေးများပေးသည့်အခါ လူမှုမီဒီယာများ၌ “ဆယ်လီ”ဖြစ်ရေးက ကြီးမားသောအလုပ်အကိုင်အခွင့်အလမ်းတစ် ရပ်အဖြစ်ပင် ပေါ်ထွက်လာတော့သည်။
နိုင်ငံရေးတွင် တစ်ခါတစ်ရံ၌ ယုံကြည်ချက်များ သို့မဟုတ် သဘောတရားစည်းမျဉ်း များအရ ကွဲပြားခြားနားသူတို့အကြားတွင် နိုင်ငံရေးဆိုင်ရာ ညီညွတ်မှုတစ်ရပ်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုသော်လည်း တစ်ခါတစ်ရံ၌ မိမိ၏နိုင်ငံရေးဆိုင်ရာ သဘော တရားစည်းမျဉ်းများပေါ်၌ ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုသည်။ အချို့သော ညှိနှိုင်းမှုများကို မူ ပြုလုပ်ရလေ့ရှိသည်။ နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများကို အပြည့်အဝ လိုက်လျောမှု မရှိသော၊ ညှိနှိုင်း၍မရသော နည်းလမ်းတစ်ရပ်အတွင်း ပုံသေထိုင်နေပါက လည်း ဖြစ်နိုင်ဖွယ်ရလဒ်မှာ ဂိုဏ်းဂဏစွဲဝါဒ၊ အုပ်စုဖွဲ့ဝါဒဖြစ်နိုင်သည်။ အမှန်တကယ်ယုံ ကြည်သူများထက် ကျော်လွန်သည့် လူအနည်းငယ်မျှသာ ယင်းကဲ့သို့သော တင်းမာသည့် ရပ်တည်ချက်များအပေါ် အခြေခံသော နိုင်ငံရေးဆိုင်ရာ ကျင့်သုံးမှုမျိုးကို ထောက်ခံနိုင် ဖွယ်ရှိသည်။
ပုံမှန်အားဖြင့် နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများအား ရေးဆွဲထားပုံ၊ ဖွင့်ဆိုထားပုံနှင့် အမှန်တကယ်ကျင့်သုံးပုံတို့၌ အနည်းဆုံး လွတ်လပ်မှုအချို့ ရှိရမည်ဖြစ် သည်။ လူများအနေဖြင့် လိုက်နာကျင့်သုံးရန် စည်းမျဉ်းများနှင့် သဘောတရားများ များ ပြားလွန်းလျှင် ဖြစ်နိုင်ဖွယ်ရလဒ်မှာ ယင်းသဘောတရားစည်းမျဉ်းများကို လိုက်နာကျင့် သုံးနိုင်ဖွယ်မရှိခြင်းပင် ဖြစ်သည်။ ရှုပ်ထွေးသောစည်းမျဉ်းများသည်လည်း လုပ်ဆောင် ချက်ကို ဆက်လက်၍ လမ်းညွှန်ခြင်း ပြုနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ မည်သည့်နိုင်ငံရေးမဆို၌ အထိုက်အလျောက် လွတ်လပ်ခွင့် ရှိရမည်ဖြစ်သော်လည်း သဘောတရားစည်းမျဉ်းမရှိသူမှာ နိုင်ငံရေးသမားအမည်ခံ အချောင်သမားသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
နိုဝင်ဘာ ၃ ရက် ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်