တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ စတင်လည်ပတ်နေပြီး မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးကို စတင်ရောင်းချခြင်းနှင့် မြန်မာနိုင်ငံမှ ကားတာယာများဝယ်ယူရန် ဘရာဇီးနိုင်ငံအခြေစိုက် Sunamerica ကုမ္ပဏီက ကမ်းလှမ်းခြင်း

တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ စတင်လည်ပတ်နေပြီး မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးကို စတင်ရောင်းချခြင်းနှင့် မြန်မာနိုင်ငံမှ ကားတာယာများဝယ်ယူရန် ဘရာဇီးနိုင်ငံအခြေစိုက် Sunamerica ကုမ္ပဏီက ကမ်းလှမ်းခြင်း
Published 31 October 2022

တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ ရန်ကုန်မြို့၊ သီလဝါတွင် စတင်လည်ပတ်နေပြီး မော်တော်ယာဉ် အမျိုးအစားနှစ်မျိုးကို စတင်ရောင်းချလျက်ရှိကြောင်း မော်တော်ယာဉ် အရောင်းကိုယ်စားလှယ်အချို့က ပြောကြားသည်။

တိုယိုတာကုမ္ပဏီက စတင်ရောင်းချသည့် မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးမှာ Hilux Revo နှင့် Hilux Adventure အမျိုးအစားတို့ ဖြစ်ကြောင်းသိရပြီး မော်တော်ယာဉ် တန်ဖိုးမှာ ကျပ်သိန်း ၁၅၀၀ နှင့် ကျပ် သိန်း ၁၇၀၀ ရှိကြောင်း အရောင်းကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ဝယ်မယ်ဆိုရင်တော့ ပရီအော်ဒါ တင်ရပါမယ်။ ပရီအော်ဒါက နှစ်သိန်းပါ။ ဘယ်အချိန်ရမလဲဆိုတာတော့ အတိအကျပြောလို့ မရပါဘူး” ဟု မော်တော်ယာဉ် အရောင်းကိုယ်စားလှယ်တစ်ဦးက  ပြောကြားသည်။

ယခင်က ကြိုတင်အော်ဒါမှာယူထားသူများကို ဦးစားပေးအနေဖြင့် စတင်ရောင်းချပေးနေပြီး မော်တော်ယာဉ် ဝယ်ယူလိုသူများအနေဖြင့် ကြိုတင်အော်ဒါတင်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ သီလဝါစက်မှုဇုန်တွင် တိုယိုတာ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံမှာ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း Nikkie Asia သတင်းတွင် ဖော်ပြထားသည်။

ယင်းစက်ရုံမှာ လက်ရှိတွင် လည်ပတ်နေပြီဖြစ်သော်လည်း အရေအတွက် အနည်းငယ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စတင်လည်ပတ်ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မော်တော်ယာဉ်စက်ရုံကို  ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီတွင် စတင်လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံရေးနှင့်စီးပွားရေး ကမောက်ကမဖြစ်မှုကြောင့် ၁၉ လ အကြာမှသာ စတင်လည်ပတ်နိုင်ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် မေလ၌ ကြေညာခဲ့သည့် မူလအစီအစဉ်အရ တိုယိုတာအနေဖြင့် တစ်နှစ်လျှင် Hilux ပစ်ကပ်အစီးရေ ၂၅၀၀ ထုတ်လုပ်ရန် ဒေါ်လာ ၅၂ သန်းကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တိုယိုတာ၏ မြန်မာယူနစ်ကို Toyota က ၈၅ ရာခိုင်နှုန်းနှင့် Toyota Tsusho က ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း Nikkie Asia သတင်း၌ ဖော်ပြထားသည်။

ဘရာဇီးနိုင်ငံအခြေစိုက် Sunamerica ကုမ္ပဏီက မြန်မာနိုင်ငံ၏ ကားတာယာများ ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဘရားဇီးနိုင်ငံ ဆော်ပိုလိုမြို့အခြေစိုက် Sunamerica ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်ကားတာယာများကို ဝယ်ယူတင်သွင်းလိုသည်ဟု ကမ်းလှမ်းလာကြောင်း၊ မြန်မာနိုင်ငံစျေးကွက်အတွင်း ရရှိနိုင်မည့် ကားတာယာများ၊ အထူးသဖြင့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မ နှင့် ထရပ်ကားတာယာများကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီသည် The National Institute of Metrology Quality and Technology အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး သီရိလင်္ကာ၊ တရုတ်၊ ပါကစ္စတန်နိုင်ငံတို့မှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာများ  ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တာယာထုတ်လုပ်သည့်စက်ရုံများအနေဖြင့် ဘရာဇီးနိုင်ငံသို့ တာယာတင်ပို့လိုပါက ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း အဆိုပြုကမ်းလှမ်းလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် တာယာများ တင်ပို့ရောင်းချလိုပါက မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ သို့  ချိိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

■ ရန်ကုန်တိုင်းတွင် စက်မှုဇုန် ထူထောင်နိုင်ရေး ရုရှား-မြန်မာ ဆွေးနွေး

ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရန်ကုန်နယ်နိမိတ်အတွင်း စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေး  မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် (Russian Energy Week International Forum) ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။                           

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေးစင်တာ (Emergency Response Center) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လာရောက်မည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးလိုသည့်ကိစ္စ၊ ရန်ကုန်နယ်နိမိတ်ဧရိယာအတွင်း ရုရှား-မြန်မာချစ်ကြည်ရေးအတွက် စက်မှုဇုန်တည်ထောင်၍  စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေး၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိိုပါဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါးရှာတီရော့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ အောက်တို ဘာ ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးရာတွင် အတွင်းရေးမှူး မစ္စတာအလက်ဇန်းဒါး ရှာတီရော့က ယခင်ကျင်းပခဲ့သောဖိုရမ်များတွင် နိုင်ငံအကြီးအကဲများ၏ ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည်စွမ်းအင်နှင့်ပတ်သက်သော  ထွက်ကုန်များ ထုတ်လုပ်သောနိုင်ငံဖြစ်ကြောင်း၊  ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ် ကျင်းပရေးကော်မတီဥက္ကဋ္ဌ မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သောကိစ္စများအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ် အစီရင်ခံတင်ပြဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် ရုရှားနိုင်ငံမှ အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍကိစ္စများသာမက လျှပ်စစ်စွမ်းအား ကဏ္ဍကိစ္စများကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။

■ ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ခေါ်ယူမည်

ထားဝယ်အထူးစီးပွားရေးဇုန် တွင် ယခင်က ရင်းနှီးတည်ဆောက် သူ အီတာလျံ-ထိုင်းကုမ္ပဏီကို လုပ် ကိုင်ခွင့်ရပ်ဆိုင်းထားသဖြင့် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်မည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့မှ သိရသည်။

ထားဝယ်အထူးစီးပွားရေးကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများ မရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခင်က ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီကို Termination ပြုလုပ်ထားပြီးဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)ကို အောက်တိုဘာ ၁၂ ရက်က ကျင်းပခဲ့သော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (DSEZMC)သည် ထားဝယ်အထူးစီးပွားရေးဇုန်  ကနဦးအဆင့်စီမံကိန်း လုပ်ငန်းကိုးခုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုထားသော စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်များ (Concession Agreements) အားလုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်ထားသည်။

ဆောင်ရွက်ခွင့်ရရှိထားသည့် စီမံကိန်းမှာ ကနဦးအဆင့်စီမံကိန်း ကိုးခုဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာတွင် အားနည်းမှုကြောင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများအတွက် အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်များ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊  စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထား မတင်ပြနိုင်ခြင်းစသည့် စွမ်းဆောင်ရည် အားနည်းချက်များကြောင့် ကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်ခွင့်ရရှိသူ၏ စွမ်းဆောင်ရည်များ အပေါ်ယုံကြည်မှုများ ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ အခြားကနဦးအဆင့် စီမံကိန်းများအတွက်ပါ နမူနာပုံစံဖြစ်စေမည့် စက်မှုဇုန်နယ်မြေ အကောင်အထည်ဖော်ရေးအတွက် ပြန်လည်ပြင်ဆင်ထားသော စည်းကမ်းချက်များကို ပေးပို့ခဲ့ပြီး ပြန်လည်ပြင်ဆင်ထားသည့် စည်းကမ်းချက် များတွင် အီတာလျံ-ထိုင်းကုမ္ပဏီက တောင်းဆိုထားသည့်အချက်များကို ပြင်ဆင်ပေးချက်အချက်များ လည်းပါဝင်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား လုပ်ကိုင်ခွင့်ရထားသည့် အီတာလျံ- ထိုင်းကုမ္ပဏီမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးအား လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စာချုပ်ကို ပြန်လည် ပြင်ဆင်ချုပ်ဆိုခဲ့ပြီးနောက်တွင် ကနဦးစီမံကိန်းကိုးခုကိုသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်မှာလည်ပတ်လျက်ရှိပြီး ကျောက်ဖြူနှင့်ထားဝယ်အထူး စီးပွားရေးဇုန်တို့မှာ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေဆဲဖြစ်သည်။

Most Read

Most Recent