အနိုင်အရှုံး ပြတ်ပြတ်သားသားမဖြစ်ခဲ့သည့် ပထမအဆင့်ရွေးကောက်ပွဲကြောင့် အပြီးသတ်ရွေးကောက်ပွဲကို ဘရာဇီးနိုင်ငံက အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲနှစ်ရက်အလို အောက်တိုဘာ ၂၈ ရက်ညပိုင်းက နိုင်ငံစီးပွားရေး၊ အဂတိလိုက်စားမှု၊ နိုင်ငံခြားရေးမူဝါဒ စသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သမ္မတ ကိုယ်စားလှယ်လောင်းနှစ်ဦး စကားစစ်ထိုးကြရာ လက်ယာစွန်းဝါဒီ လက်ရှိသမ္မတဂျဲဘော်ဆိုနာရိုနှင့် လက်ဝဲဝါဒီသမ္မတဟောင်း လူဝီအင်နာစီယိုလူလာဒါဆီလ်ဗာတို့အကြားတစ်ဦးကိုတစ်ဦး လူလိမ်လူညာအဖြစ် လက်ညှိုးထိုး စွပ်စွဲမှု၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများရှိခဲ့ကြသည်။
“လူလိမ် ဘယ်သူမှန်း ဘရာဇီးပြည်သူတွေ သိပါတယ်”ဟု သမ္မတဟောင်းလူလာက ပြောကြားကာ ဘော်ဆိုနာရိုကလည်း “လိမ်နေတာတွေ ရပ်လိုက်တော့ လူလာ၊ အကျည်းတန်တယ်” ဟု ခွန်းတုံ့ပြန်လေသည်။ထိုနေ့ညကစကားစစ်ထိုးပွဲကို ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမီဒီယာဖြစ်သည့် TV Globo က တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။
ရွေးကောက်ပွဲရက်ပိုင်းအလို Datafolha အင်စတီကျုကထုတ်ပြန်သည့် လူထုသဘောထားစစ်တမ်း ကောက်ယူမှုတစ်ရပ်အရ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူလူလာ (၅၃ ရာခိုင်နှုန်း)က လူထုထောက်ခံမှုတွင် လက်ရှိသမ္မတ ဘော်ဆိုနာရို ( ၄၇ ရာခိုင်နှုန်း)အား အနည်းငယ် အသာရထားသည်။ သို့သော်လည်း လေ့လာစောင့်ကြည့်သူများက ပြောရခက်ခက်ဟု သုံးသပ်နေကြသည်။
တစ်ဦးအားနည်းချက်ကို တစ်ဦးက သိ
ဘော်ဆိုနာရိုသည် ပြိုင်ဖက်၏အား နည်းချက်ကိုအလွတ်မပေး။ အဂတိလိုက်စားမှုစွဲချက်များဖြင့် အပြစ်ကိုဆေးကြောထားသည့် လူလာ၏ အတိတ်ကကိစ္စများကို ပြန်ဆွတိုက်ခိုက်ခဲ့သည်။
လူလာသည် ဘရာဇီးနိုင်ငံ၏ ရေပန်းအစားဆုံးသမ္မတ ဖြစ်ခဲ့ပြီး လူမှုသက်သာ ချောင်ချိရေးအစီအမံများဖြင့် သန်းပေါင်းများစွာသော ပြည်သူများကို ဆင်းရဲတွင်းမှ လွတ်စေခဲ့သည်။
လူလာသည် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတစ်ခုတွင် ပါဝင်ပတ်သက်နေမှုဖြင့် ထောင်ဒဏ် ၁၈ လချခံခဲ့ရကာ ၎င်း၏ပြစ် ဒဏ်ကို မနှစ်က ပယ်ဖျက်ပေးလိုက်ပြီး ဦးဆောင်တရားသူကြီးက ဘက်လိုက်သည်ကို နိုင်ငံတရားရုံးချုပ်က စစ်ဆေးတွေ့ရှိခဲ့သော်လည်း အပြစ်ရှိကြောင်း ကြေညာခြင်း မခံခဲ့ရပေ။
“ကျွန်တော့်လက်အောက်မှာ ခင်ဗျားတို့ လုံခြုံမှုရှိစေရမယ်။ ပွင့်လင်းမြင်သာမှုရှိစေရမယ်။ ခိုးဝှက်တာ မရှိစေရဘူး။ ခြစားတဲ့ လူလာရဲ့ နောက်ထပ်ဥပမာတွေ ပေးစေချင်သေးလား“ဟု ဘော်ဆိုနာရိုက စကားစစ်ထိုးခဲ့သည်။
အတုံ့အလှည့်အနေဖြင့် လူလာကလည်း ပြီးခဲ့သည့်လေးနှစ်တာအတွင်း ဘော်ဆိုနာရို အစိုးရ၏ မိုက်မဲသည့်လုပ်ရပ်ဆိုသည်များကို ဖော်ထုတ်ပြစ်တင်ခဲ့သည်။
“ခင်ဗျားဟာ ဘရာဇီးကို အထီးကျန်အောင်လုပ်ထားတာပဲ။ ဒီကနေ့ဘရာဇီးနိုင်ငံဟာ ကျူးဘားထက်ကို ပိုသီးသန့်ကျန်နေတယ်။ ခင်ဗျားက ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ဘူး။ ဘယ်သူကမှလည်း ခင်ဗျားကိုလက်မခံ။ ဘရာဇီးကိုလည်း ဘယ်သူမှ မလာကြဘူး”ဟု အသက် ၇၇ နှစ်အရွယ် လူလာ၏ ပြောဆိုချက်ကို အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် ဘော်ဆိုနာရိုက လှောင်ရယ်ခဲ့သည်။
ထို့ပြင် “ငါတို့ ဆက်လုပ်စရာတွေမှ အများကြီး၊ အာရပ်ကမ္ဘာက ငါ့ကိုလက်ကမ်းပြီး ကြိုဆိုထားတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့တောင် စကားပြောထားသေး။ အားလုံးနဲ့ ငါအဆက်အသွယ်ရှိတယ်။ ဆက်လိမ်မနေနဲ့တော့ လူလာ”ဟု ဘော်ဆိုနာရိုက တန်ပြန်ပြောဆိုခဲ့သည်။
လူလာက ကိုယ်ဝန်ဖျက်ချမှုကို အားပေးသူဟုလည်း ဘော်ဆိုနာရိုကအကြိမ်ကြိမ် စွပ်စွဲခဲ့ပြီးလူလာကမူ ၎င်းသည် တကယ်တမ်းကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူဟု ပြန်ချေပခဲ့သည်။ ကိုယ်ဝန်ဖျက်ချမှု ပြဿနာသည် ဘရာဇီးနိုင်ငံ၏ ထိလွယ်ရှလွယ်သော ပြဿနာတစ်ရပ်လည်း ဖြစ်သည်။
ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲစနစ်ကိုလည်း ထပ်မံတိုက်ခိုက်ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် မှန်ကန်သည့် ရွေးကောက်မှု ဖြစ်မှသာလျှင် အရှုံးကို လက်ခံမည်ဟု သတိပေးသွားသည်။
ပြည်သူအများစုက ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် ရှုံးသွားပြီးနောက် Capitol လွှတ်တော်အဆောက်အအုံတွင်ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုမျိုး ဘရာဇီးတွင် အလားတူကြုံလာရမည်ကို စိုးကြောက်နေကြသည်။ ထရန့်သည် ဘော်ဆိုနာရို၏ နိုင်ငံရေးစံပြပုဂ္ဂိုလ်လည်း ဖြစ်သည်။
စနစ်တစ်ခုလုံးက ၎င်းကို ဆန့်ကျင်နေသည်ဟု ဘော်ဆိုနာရိုက စကားစစ်ထိုးပွဲတွင် ထည့်သွင်းကာ စွပ်စွဲပြောဆိုသွားခဲ့ပြီး လူလာသည် TSE ဟု ခေါ်ကြသည့် အဆင့်မြင့်ရွေး ကောက်ပွဲခုံအဖွဲ့တွင် သိကျွမ်းသူများရှိသည်ဟုလည်း ပြောဆိုခဲ့သည်။
ဘော်ဆိုနာရိုကို ထရန့် ထောက်ခံ
အမေရိကန်သမ္မတဟောင်း ထရန့်ကလည်း ဘရာဇီးလက်ရှိ သမ္မတ ဘော်ဆိုနာရို ကိုခေါင်းဆောင်ကောင်းဟုမကြာမီကပင် ချီးကျူးထားပြီးနောက် သမ္မတသက်တမ်း အတွက် ဘော်ဆိုနာရိုကို မဲထည့်ရန် ဘရာဇီးပြည်သူများကို ဆော်သြထားသည်။
အောက်တိုဘာ ၃၀ ရက် ရွေးကောက်ပွဲနေ့ကို ဘရာဇီးနိုင်ငံအတွက် အရေးပါသည့် နေ့ဟုလည်း ထရန့်က ခေါ်ဝေါ်ခဲ့ပြီး လူလာသည် ဘရာဇီးနိုင်ငံကို အမြန်ဖျက်ဆီးပစ်မည့်သူဟု တိုက်ခိုက်ပြောထားသည်။
ဂျိုးဘိုင်ဒင်ကမူ ဘော်ဆိုနာရိုနှင့် ဆက်ဆံရေးခြေလှမ်းကျဲလျက်ရှိသော်လည်း လူ သိရှင်ကြားဝေဖန်ပြောဆိုမှုမျိုးကို လက်ရှောင်ထားပြီး ပြီးခဲ့သည့်ဇွန်လက LA တွင်ပြုလုပ်သည့် ဒေသတွင်းထိပ်သီးအစည်းအဝေးတစ်ခုတွင် ဘော်ဆိုနာရိုနှင့် တွေ့ဆုံထားသည်။
အရေးပါသည့် အမေဇုန်မိုးသစ်တောပြဿနာ
ဘော်ဆိုနာရိုသည် ကမ္ဘာမြေ၏ ကာဘွန်ထုတ်လုပ်မှုများကို တိုက်ဖျက်ရာတွင် အင်မတန် အရေးပါသည့် အမေဇုန်မိုးသစ်တောအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးထောက်ခံခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများကို ဆန့်ကျင်နေသူဖြစ်သည်။ ထို့ကြောင့် လူလာဦးဆောင်သည့် အစိုးသစ် ပေါ်ပေါက်လာပါက ရာသီဥတုဖောက်ပြန်မှုအရေး ကမ္ဘာ့နိုင်ငံများ၏ ပူးပေါင်းတိုက်ဖျက်မှုတွင် ဂျိုးဘိုင်ဒင်အစိုးရနှင့် ပိုပြီး အချိတ်အဆက်မိလာနိုင်မည်ဟု မျှော်လင့်နေကြသည်။
ဘရာဇီးပြည်သူအများစုအတွက်မူကား စီးပွားရေး၊ ပညာရေး၊ အဂတိလိုက်စားမှုနှင့် ရာဇဝတ်မှု ထူပြောခြင်းတို့က ၎င်းတို့၏နံ ပါတ်တစ် ဦးစားပေးစိုးရိမ်မှုများဖြစ်သည်။ ပြည်သူအများစုသည် အမေဇုန်မိုးသစ်တောသို့ မည်သည့်အခါမှ သွားရောက်ကြခြင်း မရှိပေ။
မိုးသစ်တောအတွင်း တောမီးလောင်မှုနှင့် တောပြုန်းမှုများကအသစ်အဆန်း မဟုတ်သော်လည်း ၎င်းပြဿနာများသည် ယခင် ၁၀ စုနှစ်နှင့်ယှဉ်ကြည့်လျှင် သမ္မတ ဘော်ဆိုနာရိုလက်ထက်၌ ၇၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
လက်တင်အမေရိက၏ အကြီးဆုံးနိုင်ငံလည်းဖြစ်သည့် ဘရာဇီးနိုင်ငံတွင် လူဦးရေ ၃၃ သန်းကျော်သည် ဆာလောင်မွတ်သိပ်စွာ ဖြင့်နေထိုင်နေရသည်ဟု Brazilian Network for Research on food Security သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။ အစိုးရ ကိန်းဂဏန်းအချက်အလက်များအရ စာမရေး၊ မဖတ်တတ်သည့် ပြည်သူဦးရေမှာ ၁၁ သန်း ရှိသည်။










