ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်အာဖရိကနိုင်ငံတွင် ကျင်းပသည့် A-WEB ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်အာဖရိကနိုင်ငံတွင် ကျင်းပသည့် A-WEB ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်
Published 24 October 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် Association of World Election Bodies (A-WEB) တို့၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများမှကိုယ်စားလှယ် ၁၄၀ ကျော်၊ တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် A-WEB မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပြီး ညီလာခံ၌ ယခင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ထံသို့ A-WEB အဖွဲ့အစည်း၏အလံအား လွှဲပြောင်းပေးအပ်ခဲ့ကာ နောင်လာမည့် A-WEB ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်နိုင်ငံနှင့် Executive Board Member များ ခန့်အပ်နိုင်ရေး မဲပေးရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Safeguarding Election Management Bodiesinthe Ageof Global ညီလာခံကို ခေါင်းစဉ်ငါးခုဖြင့် ကျင်းပခဲ့ရာ တက်ရောက်လာသူများက ပူးပေါင်းဆွေးနွေးခဲ့ပြီး A-WEB အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီစနစ်၏ ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေးနိုင်ရေး ကူညီဆောင်ရွက်နေမှုများ၊ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ အခန်းကဏ္ဍတိုးတက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း A-WEB နှင့် တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများမှ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ တောင်အာဖရိကနိုင်ငံ၏ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထင်ရှားသောနေရာများကို လေ့လာခွင့်ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံခရီးစဉ်မှ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးသန်းထွန်း၊ ဦးအောင်စောဝင်း၊ ဦးစောဘလှိုင်၊ ဦးအောင်လွင်ဦး၊ ဦးကိုကိုလွင်နှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent