ဆိုရှယ်မီဒီယာ၊ ကောလာဟလနှင့် အိန္ဒိယမွေးမြူရေးသမားများ၏ ဒုက္ခ

ဆိုရှယ်မီဒီယာ၊ ကောလာဟလနှင့် အိန္ဒိယမွေးမြူရေးသမားများ၏ ဒုက္ခ
Photo : AFP
Photo : AFP
Published 22 October 2022
ခက်ဝေ

အိန္ဒိယတွင် ကျွဲနွားတိရစ္ဆာန်များ၌ ဖြစ်တတ်သည့် အရေပြားရောဂါတစ်မျိုးနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ် သတင်းမှားများ ပျံ့နှံ့လျက်ရှိသည်။

အိန္ဒိယအစိုးရ၏ နောက်ဆုံးထုတ်ပြန်သည့်စာရင်းကိန်းဂဏန်းအရ နိုင်ငံအတွင်း အရေပြားပေါ်အဖုအပိမ့်ထွက်သည့် ရောဂါ (Lumpy Skin Disease) ကူးစက်ခံရသည့် တိရစ္ဆာန်ကောင်ရေ ၂.၄ သန်းကျော်ရှိပြီး သေဆုံးကျွဲနွားကောင်ရေ ၁၁၀,၀၀၀ ကျော်ရှိသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် နွားနို့အများဆုံးထုတ်လုပ်ရာနိုင်ငံလည်းဖြစ်၊ ကျွဲနွား ကောင်ရေအများဆုံးရှိရာနေရာလည်းဖြစ်သည်။ သို့သော် ၎င်းအရေပြားရောဂါပျံ့နေမှုက အိန္ဒိယတောင်ယာသမားများ၏ အသက်မွေးဝမ်းကျောင်းကို ခြိမ်းခြောက်နေသည့် အပြင် မဟုတ်မမှန်ကောလာဟလများကြောင့် နွားနို့သောက်ရမည်ကို စိုးထိတ်လာ သူများလည်းရှိသည်။

 

ရောဂါရှိကျွဲနွားများမှ ထွက်သည့် နို့က လူတွေအတွက် ဘေးကင်းသလား

ဆိုရှယ်မီဒီယာတွင် ပျံ့နေသည့် သတင်းအများစုက ၎င်းအရေပြားရောဂါကြောင့် နွားနို့သည်လည်းအသုံးပြုသူအတွက် ဘေးမကင်းတော့၊ ဘေးမကင်းသည့် နို့ကိုသောက်လျှင် သောက်သည့်သူပါ အရေပြားရောဂါ ဖြစ်လာနိုင်သည်ဟု ဖော်ပြထားကြသည်။

ပြည်သူများအကြား စိုးရွံ့ကြောက်လန့်မှုပိုစေသည်က ၎င်းဖော်ပြချက်ပို့စ်များကို အဖုအပိမ့်ထွက်နေသည့် လူ့ခန္ဓာကိုယ် ဓာတ်ပုံများနှင့် တွဲတင်ထားကြခြင်းဖြစ်သည်။

အိန္ဒိယမြောက်ပိုင်းဟာယာနာပြည်နယ် ရှိမွေးမြူရေးသမား ၆,၀၀၀ ပါဝင်သည့်အဖွဲ့မှ  အတွင်းရေးမှူးချုပ် ပေါရက်စ်မယ်လာဆိုသူ၏ အဆိုအရ အဆိုပါသတင်းအမှားများကို နို့ထွက်ပစ္စည်းနှင့်သက်ဆိုင်သည့်ဆိုရှယ်မီဒီယာဂရု(ပ်)များတွင် အတွေ့များသည်။

အနောက်ပိုင်းရာဂျက်စသန်ပြည်နယ်ရှိ ကျွဲနွားမွေးမြူရေးစခန်းတစ်ခုမှ မန်နေဂျာတစ်ဦးကလည်း ထိုသတင်းအမှားများကြောင့် နို့စားမွေးမြူရေးသမားများဒုက္ခတွေ့နေရပြီး ထိုသတင်းများကို ယုံသူအချို့က နွားနို့များကို လွှင့်ပစ်သည်အထိ ကြားနေရသည်ဟုဆိုသည်။

အရေပြားရောဂါဖြင့်  ကျွဲနွားများသေဆုံးကြသည့်အတွက် စီးပွားရေးဆုံးရှုံးမှုအပြင်  မွေးမြူရေးသမားများ နောက်ထပ်ကြုံနေရသည့်ဒုက္ခက နွားနို့ဝယ်ရန် လက်တွန့်သူများ လာခြင်းပင်ဖြစ်သည်။

ထိုမျှမကသေး  Google Trends မှ ဒေတာအချက်အလက်များအရ “lumpy skin disease  ဖြစ်တဲ့နွားရဲ့ နို့ကိုသောက်လို့ရသလား” ဆိုသည့်အမေးများလည်း ပြီးခဲ့သည့်ရက် ၃၀ အတွင်း ဂူဂဲလ်တွင် ရှာဖွေသူ အင်မတန်များပြားခဲ့သည်။

 

ပင်ကိုအားဖြင့် လူကို မကူးစက်

အမှန်က ၎င်းရောဂါသည်  ပင်ကိုအားဖြင့် တိရစ္ဆာန်မှလူကို မကူးစက်တတ်ပေ။ ၂၀၁၇ အစီရင်ခံစာတစ်ခုမှာပင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ (FAO) က  ၎င်းရောဂါသည် လူကိုကူးစက် ခြင်းမရှိဟု အတည်ပြုထုတ်ပြန်ခဲ့သည်။

အိန္ဒိယအစိုးရလက်အောက်ရှိ တိရစ္ဆာန်ဆေးကုသမှုဆိုင်ရာသုတေသနသိပ္ပံ (IVRI)ကလည်း ၎င်းအချက်ကိုအတည်ပြုပေးထားပြီး ယနေ့အချိန်အထိ တိရစ္ဆာန်မှလူသို့ ၎င်းရောဂါကူးစက်သည့် အထောက်အထားတစ်ခုမှ မရှိသေးဟု ဆိုသည်။

သတင်းအမှားများနှင့်အတူ တက်လာသည့် အရေပြားရောဂါသည် ခန္ဓာကိုယ်ပုံများ နှင့်ပတ်သက်၍ rlIVRI မှ ပူးတွဲဒါရိုက်တာ ဒေါက်တာကေပီဆင်းက ရောဂါအမျိုးအစား ကိုအတိအကျသိရန်  Sample နမူနာကို ဓာတ်ခွဲခန်းသို့ပေးပို့စစ်ဆေးနိုင်ကြောင်း၊ အဖုများထွက်ခြင်းနှင့် လက္ခဏာကိုကြည့်ရုံဖြင့် အ တပ်မသိနိုင်ကြောင်း၊ အလားတူလက္ခဏာများဖြင့်  ရောဂါများစွာရှိကြောင်း ဆိုသည်။

 

ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပါကစ္စတန်ကနေ ဝင်လာသလား

၎င်းအရေပြားရောဂါဇစ်မြစ်နှင့် ဆိုင်သည့် သတင်းများလည်း ဆိုရှယ်မီဒီယာတွင်  ပလူပျံလျက်ရှိသည်။ ဥပမာရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးကပါကစ္စတန်မှ အိန္ဒိယသို့ ရောက်လာသည်၊ အိန္ဒိယနွားများကို ပစ်မှတ်ထားသည့် ပါကစ္စတန်၏လျှို့ဝှက်ကြံစည် မှုတစ်စိတ်တစ်ပိုင်းဖြစ်သည် စသည့်သတင်း များလည်း ပါသည်။ နွားဆိုသည်မှာ ဟိန္ဒူကြီးစိုးရာအိန္ဒိယနိုင်ငံတွင် အထွတ်အမြတ်အရာ ဖြစ်သည်။

မူရင်းဇာစ်မြစ်

အမှန်အားဖြင့် ၎င်းရောဂါသည် ၁၉၂၉  ခုနှစ်ကတည်းက ဇမ်ဘီယာနိုင်ငံတွင် ဦးဆုံး ပေါ်ပေါက်လာသည့် ရောဂါဖြစ်သည်။ ထိုကတည်းက မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာရှတိုက်ရှိ နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိလာသည်။

အာရှတိုက်တွင်မူ ၎င်းရောဂါကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၌  ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် ပထမဆုံးတွေ့လာရသည်ဟုကုလသမဂ္ဂ FAO ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်က ထွက်လာသည့် အဆိုပါ အစီရင်ခံစာထဲတွင် ၎င်းရောဂါကို ပါကစ္စတန်နိုင်ငံ၌ မတွေ့ရသေးကြောင်း၊ ထို့ကြောင့် ပါကစ္စတန်မှ အိန္ဒိယသို့ ရောဂါပျံ့လာသည် ဆိုသည့် သတင်းများမှာ အမှားဖြစ်ကြောင်း ဆိုထားသည်။ ထိုအချက်ကို ဒေါက်တာကေပီဆင်းကလည်း ထပ်မံအတည်ပြုထုတ်ပြန်ထားသည်။

“အဲဒီရောဂါက ဘင်္ဂလားဒေ့ရှ်ကနေ  အိန္ဒိယကို ဝင်လာတာပါ။ ပါကစ္စတန်ကနေဝင်တာ မဟုတ်ပါဘူး၊ အိန္ဒိယမှာ ရောဂါစတွေ့ တဲ့အချိန်ထက် ဘင်္ဂလားဒေ့ရှ်မှာရောဂါတွေ့တဲ့အချိန်က ပိုစောပါတယ်။ ပါကစ္စတန်မှာ ရောဂါတွေ့တဲ့အချိန်က အိန္ဒိယထက်ပို နောက်ကျပါတယ်”ဟု ဒေါက်တာဆင်းက ပြောသည်။

ကာကွယ်ဆေးဆန့်ကျင်ရေးအဆိုများနှင့်  ကောလာဟလများ ပေါင်းမိသောအခါ ၎င်းအရေပြားရောဂါ အကြောင်း ကောလာဟလများနှင့် ကာကွယ်ဆေးဆန့်ကျင်ရေးလံကြုပ်စကားများ ဆိုရှယ်မီဒီယာတွင် ပေါင်းမိလေသောအခါ မီးစပိုကြီးရတော့သည်။

ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင်  ကျွဲနွားအသေကောင်များကို ရိုက်ပြထားသည့်ဗီဒီယိုနှင့်အတူ ရေးတင်ထားသည့်စာက အိန္ဒိယအစိုးရကထုတ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးကြောင့် ကျွဲနွားများ ရုတ်တရက် သေလာကြသည်ဆိုသည့် စာဖြစ်သည်။

တွစ်တာတွင် ၎င်းပို့စ်များကို ပြန်လည် မျှဝေတင်သူနှင့် ကြည့်ရှုသူများပြားခဲ့သည်။

ဗီဒီယိုက အစစ်ဖြစ်သော်လည်း ကာကွယ်ဆေးကြောင့် ကျွဲနွားတိရစ္ဆာန်များ သေရသည်ဆိုသည့် အရေးအသားက အမှန်မဟုတ်ပေ။ ကုလသမဂ္ဂ FAO အဆိုအရ ၎င်းအရေပြားရောဂါမျိုး ပျံ့နှံ့မှုလျော့သွားအောင် အထိရောက်ဆုံးနည်းလမ်းက ကာကွယ်ဆေး အင်တိုက်အားတိုက် ထိုးပေးခြင်းပင်ဖြစ်သည်။

 

Capripox  ဗိုင်းရပ်စ်ကြောင့် ဖြစ်ရ

၎င်းရောဂါသည် Capripox ဟုခေါ်သည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကျွမ်းကျင်သူများအဆိုအရ ကျွဲများထက် နွားများက ပိုပြီးကူးစက်မှုမြင့်မားသည်။

ပုံမှန်အားဖြင့် ခြင်၊ မွှားနှင့် သွေးစုပ်သည့် အင်းဆက်ကောင်များမှတစ်ဆင့် ကူးစက်လေ့ရှိပြီး ကူးစက်ခံရသည့် တိရစ္ဆာန်၏ကိုယ်ပေါ်တွင် အသီးအဖုများ ထွက်လာကာ ၎င်းတို့ပေါ်နားမိသည့် ခြင်နှင့် ယင်များကြောင့် အခြားကျန်းမာသည့်တိရစ္ဆာန်များသို့ ထပ်ဆင့်ရောဂါပျံ့သွားသည်ဟု ရာဂျက်စသန် ပြည်နယ်ရှိ အကြီးတန်း တိကုအရာရှိတစ် ဦးကဆိုသည်။ မုတ်သုံရာသီတွင် ရောဂါပျံ့မှု ပိုမိုဆိုးရွားတတ်သည်။

Most Read

Most Recent