■ ရုရှားနဲ့ ယူကရိန်းတို့က အသေခံ (Kamikaze) ဒရုန်းတွေကို ဘယ်လိုအသုံးပြုနေကြသလဲ။
ကိယက်ဗ်မြို့ရှိ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ရန် ရုရှားက “ကာမီကာဇေး” (အသေခံ) ဒရုန်းများကို အသုံးပြုနေသည်ဟု ယူကရိန်းက စွပ်စွဲထားသည်။
ယင်းဒရုန်းများသည် တိုက်မိသည့်အခါ ပေါက်ကွဲပြီး ယင်းဖြစ်စဉ်တွင် ဒရုန်းကိုပါ ဖျက်ဆီးပစ်သည့် ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်သည်။
■ ရုရှားရဲ့ အသေခံဒရုန်းဆိုတာ ဘာလဲ။
ယူကရိန်းပဋိပက္ခတွင် ရုရှားသည် အီရန်လုပ် Shahed-136 ဒရုန်းကို စက်တင် ဘာလလယ်ကတည်းက အသုံးပြုနေသည်ဟု ယုံကြည်ရသည်။
ရုရှားနိုင်ငံက Geranium-2 ဟုလည်း ခေါ်တွင်ပြီး ဒရုန်း၏နှာခေါင်းရှိ ထိပ်ဖူးတွင် ဖောက်ခွဲရေးပစ္စည်းများပါရှိကာ ပစ်မှတ်ကို တိုက်ခိုက်ရန် ညွှန်ကြားသည်အထိ ပစ်မှတ်ပေါ် ဝဲပျံနေနိုင်စေရန် ဒီဇိုင်းထုတ်ထားသည်။
Shahed-136 သည် တောင်ပံ ၂.၅ မီ တာ (၈.၂ ပေ) ခန့်ရှိပြီး ရေဒါတွင် ထောက်လှမ်းရန် ခက်ခဲနိုင်သည်။
ရုရှားတွင် မည်မျှရှိသည်ကို အတိအကျ မသိရသေးသော်လည်း အီရန်သည် ရုရှားနိုင်ငံသို့ရာနှင့်ချီ ပေးပို့ရန် စီစဉ်ထားကြောင်း အမေရိကန်က ပြောကြားထားသည်။ အီရန်ကမူ ယင်းကဲ့သို့ ပြုလုပ်ခြင်း မရှိဟု ငြင်းဆိုထားသည်။
■ယူကရိန်းမှာ အသေခံဒရုန်းတွေ ဘာတွေကို ပျက်စီးသွားစေခဲ့သလဲ။
ရုရှားသည် နိုင်ငံအရှေ့ဘက် ခါကိဗ် ဒေသ ကူပီအန်မြို့အနီးရှိ ပစ်မှတ်များကို စက်တင်ဘာ ၁၃ ရက်က Shahed-136 အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပထမဆုံး သတင်းရရှိခဲ့သည်။
ထိုလနှောင်းပိုင်းတွင် တောင်ပိုင်းက တိုက်ခိုက်မှုများ၌လည်း အသုံးပြုခဲ့သည်။ အိုဒက်ဆာနှင့် မီကိုလိုင်မြို့တို့မှ အပျက်အစီးများထဲတွင် ဒရုန်းအပျက်အစီးများကို တွေ့ရှိခဲ့သည်။
အောက်တိုဘာလတွင် Shahed-136 ဒရုန်းများသည် ကိယက်ဗ်မြို့၏ တောင်ဘက် ဘီလာဆယ်ကွာမြို့၏ အရပ်ဘက် နေထိုင်ရာနေရာများပေါ်သို့ ဆင်းသက်ခဲ့သည်။
ရုရှားနိုင်ငံသည် ယင်းဒရုန်းများကို တစ်စင်းလျှင် ဒေါ်လာ ၂ဝယဝ၀၀ ခန့်သာ ကုန်ကျပြီး စျေးသက်သာသောကြောင့် ခရုဇ်ဒုံးကျည်များအစား အဆိုပါဒရုန်းများကို အသုံးပြုနေခြင်းဖြစ်သည်။
■ယူကရိန်းက ဒရုန်းတွေကို တိုက်ဖျက်ဖို့ ဘယ်လိုကြိုးစားသလဲ။
ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များသည် အဆိုပါ ဒရုန်းများကို တားဆီးရန် လေ ကြောင်းကာကွယ်ရေး ဒုံးကျည်များနှင့် အီလက်ထရွန်နစ်ဆိုင်ရာ နှောင့်ယှက်ရေး ကိရိယာများကို အသုံးပြုကြသည်။ အောက်တိုဘာလအစတွင် ယူကရိန်းစစ်တပ်က ၎င်းတို့သည် ဝင်ရောက်လာသည့် Shahed-13 ဒရုန်းအားလုံး၏ ရာခိုင်နှုန်း ၆၀ ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်းတို့အားလုံးကို ပစ်ချနိုင်ရန်ကား ခက်ခဲသည်။
“သူတို့က ခပ်နိမ့်နိမ့်ပျံသန်းပြီး သူတို့ကို လှိုင်းလုံးတွေလို လွှတ်နိုင်တယ်။ ဒီလိုဒရုန်း အစုအဝေးတွေက လေကြောင်းရန်ကာ ကွယ်ရေးစနစ်နဲ့ တန်ပြန်ဖို့ ပိုခက်တယ်” ဟု စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဂျက်စတင်ခရန့်က ပြောကြားခဲ့သည်။
■ယူကရိန်းကရော အသေခံဒရုန်းတွေ သုံးဖူးလား။
၎င်းတို့ကို ယူကရိန်းက အသုံးပြုခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မကြာသေးမီက ခရိုင်းမီးယားရှိ ရုရှားစစ်အခြေစိုက်စခန်း၊ ဆီဗက်စတိုပိုးမြို့အနီးရှိ လေတပ်စခန်းနှင့် ဆီဗက်စတိုပိုးဆိပ်ကမ်းရှိ သင်္ဘောများအား မကြာသေးမီက တိုက်ခိုက်မှုများတွင် အဆိုပါဒရုန်းများကို အသုံးပြုခဲ့ပုံရသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
လန်ဒန်မြို့ ကင်းကောလိပ်မှ ကာကွယ်ရေးလေ့လာမှုဆိုင်ရာ သုတေသီ ဒေါက်တာမာရီနာမီရွန်က “တိုက်ခိုက်မှုအတွင်း ပေါက် ကွဲမှုတွေကို ကြည့်ရင်တော့ သေးငယ်ပါတယ်။ အဲဒါတွေဟာ လက်လုပ်ဒရုန်းတွေဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေ ချည်နှောင်ထားတဲ့ ဒရုန်းတွေလို့ ကျွန်မ သံသယဖြစ်မိပါတယ်။”
■ယူကရိန်းနဲ့ ရုရှားမှာ တခြားဒရုန်းတွေရှိသေးလား။
ယူကရိန်း၏ အဓိက စစ်ဘက်သုံးဒရုန်းမှာ တူရကီလုပ် Bayraktar TB2 ဖြစ် သည်။ လေယာဉ်ငယ်အရွယ်အစားခန့် ရှိပြီး ယာဉ်ပေါ်တွင် ကင်မရာများပါရှိကာ လေဆာလမ်းညွှန်ဗုံးများကို တပ်ဆင်နိုင်သည်။
စစ်ပွဲအစတွင် ယူကရိန်းတို့၌ ယင်းဒရုန်းအရေအတွက်မှာ ၅၀ ပင် မပြည့်ဟု Royal United Services Institute(Rusi) မှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဂျက်ဝက်လင်းက ဆိုသည်။
အသေခံဒရုန်းများဖြစ်သည့် Switch ဒရုန်း ၇၀၀ ကို ကရိန်းသို့ ပေးပို့ထားသည်ဟု အမေရိကန်က ဆိုသည်။
ရုရှားနိုင်ငံသည်လည်း ကင်မရာများပါရှိပြီး သေးငယ်သော ဗုံးများကို သယ်ဆောင်နိုင်သည့် “ပို၍သေးငယ်ပြီး အခြေခံကျသော” Orlan-10 ဒရုန်းများကို အသုံးပြု သည်။
■ စစ်ဘက်ဆိုင်ရာ ဒရုန်းတွေကို ဘယ်လိုအသုံးပြုခဲ့လဲ။
ရုရှားနှင့် ယူကရိန်း၊ နှစ်ဖက်စလုံးမှ ဒရုန်းများသည် ရန်သူပစ်မှတ်များကို ရှာဖွေခြင်းနှင့် ယင်းတို့ဆီသို့ အမြောက်များဖြင့် ပစ်ခတ်ရန်လမ်းညွှန်ခြင်းတို့အတွက် ထိရောက်မှုရှိခဲ့သည်။
“ရုရှားတပ်ဖွဲ့တွေက Orlan-10 ဒရုန်းနဲ့ ပစ်မှတ်ကို ရှာတွေ့ပြီး သုံးမိနစ်ကနေ ငါးမိနစ်အတွင်း ရန်သူကို တိုက်ခိုက်ဖို့ သူတို့အမြောက်တွေကို ရွှေ့နိုင်ပါတယ်”ဟု ဒေါက်တာ ဝက်လင်းက ဆိုသည်။ သို့သော် တိုက်ခိုက်မှုတစ်ခုကို အကောင်အထည်ဖော်ရန် မိနစ် ၂၀ မှ ၃၀ အထိ ကြာနိုင်ပါသည်။
ဒေါက်တာမာရီနာမီရွန်က ဒရုန်းများသည် ယူကရိန်း၏ အကန့်အသတ်ရှိသော တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ရန် ဖြစ်နိုင်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
“အရင်တုန်းက ရန်သူ့နေရာတွေကို လိုက်ရှာချင်တယ်ဆိုရင်တော့ အထူးတပ်ဖွဲ့တွေကို လွှတ်ထားရမှာပဲ… ပြီးတော့ တပ်ဖွဲ့ ဝင်တချို့ ဆုံးရှုံးသွားနိုင်တယ်။ အခုတော့ ဒရုန်းတစ်စင်းပဲ စွန့်စားပြီး ရင်းရမှာ”ဟု သူက ဆိုသည်။
စစ်ပွဲ၏ ပထမရက်သတ္တပတ် အနည်းငယ်တွင် ယူကရိန်း၏ Bayraktar ဒရုန်းများကို အကြီးအကျယ် ချီးကျူးခဲ့ကြသည်။
“ဒါတွေနဲ့ လက်နက်တိုက်တွေလို ပစ်မှတ်တွေကို တိုက်ခိုက်ပြခဲ့ပြီး Moskva(စစ် သင်္ဘောအမည်) နစ်မြုပ်မှုမှာလည်း ပါဝင်ခဲ့တယ်”ဟု ဒေါက်တာမီရွန်က ပြောကြားခဲ့သည်။
သို့သော်လည်း Bayraktar သည် ကြီးမားပြီး နှေးကွေးစွာ ရွေ့လျားသော ဒရုန်းဖြစ်သောကြောင့် ရုရှားသည် ၎င်း၏လေကြောင်း ရန်ကာကွယ်ရေးစနစ်များဖြင့် ထိရောက်စွာတန်ပြန်နိုင်ခဲ့သည်။
■စစ်ဘက်ဆိုင်ရာမဟုတ်တဲ့ ဒရုန်းတွေကို ဘယ်လိုအသုံးပြုနေကြသလဲ။
စစ်ဘက်ဆိုင်ရာ ဒရုန်းများသည် အစားထိုးရန် အကုန်အကျများလှသည်။ Bayraktar TB2 တစ်စင်းသည် ဒေါ်လာနှစ်သန်း (ပေါင် ၁.၇ သန်း)ခန့် ကုန်ကျသည်။
ထို့ကြောင့် နှစ်ဖက်စလုံး - အထူးသဖြင့် ယူကရိန်းသည် ပေါင် ၁,၇၀၀ ခန့်သာ ကုန်ကျသော DJI Mavic 3 ကဲ့သို့သော သေးငယ်သည့် လုပ်ငန်းသုံးမော်ဒယ်များကိုလည်း အသုံးပြုသည်။
ယင်းလုပ်ငန်းသုံး ဒရုန်းများကို ဗုံးအသေးများ တပ်ဆင်နိုင်သည်။ သို့သော် ရန်သူတပ်များကို ထောက်လှမ်းရန်နှင့် တိုက်ခိုက်မှုများကို ညွှန်ပြရန်သာ အဓိကအားဖြင့် ၎င်းတို့ကို အသုံးပြုကြသည်။
“ယူကရိန်းမှာ ရုရှားလောက် လက်နက်ခဲယမ်းတွေ အများကြီးမရှိဘူး” ဟု ဒေါက်တာ မီရွန်က ဆိုသည်။ “ပစ်မှတ်များကို ထောက်လှမ်းရန်နှင့် အမြောက်များ ပစ်ခတ်မှုကို လမ်းညွှန်ရန်တို့အတွက် ‘ကောင်းကင်၌ မျက်လုံးရှိရေးတွင်’၎င်းင်းတို့၌ ရှိသည့် အရာများကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်သည်”ဟု ၎င်းက ဆိုသည်။
သို့သော် လုပ်ငန်းသုံးဒရုန်းများသည် စစ်ဘက်သုံး ဒရုန်းများထက် စွမ်းဆောင်နိုင်စွမ်းလွန်စွာ နည်းပါးကြသည်။
ဥပမာအားဖြင့် DJI Mavic 3 ၏ စုစုပေါင်း ပျံသန်းနိုင်မှုအကွာအဝေးသည် ၃၀ ကီလိုမီတာသာ ရှိပြီး အများဆုံး ၄၆ မိနစ်သာ ပျံသန်းနိုင်သည်။
ရုရှားသည် ယင်းတို့အား တန်ပြန်ရန် အီလက်ထရွန်နစ်ကိရိယာများကို အသုံးပြုနေကြောင်း ဒေါက်တာ မီရွန်က ပြောကြားခဲ့သည်။
“ရုရှားတပ်ဖွဲ့တွေမှာ လျှပ်စစ်သံလိုက် တုန်ခါမှုတွေကို ပစ်လွှတ်နိုင်တဲ့ Stupor ဆိုတဲ့ ရိုင်ဖယ်တွေ ရှိပါတယ်“ဟု သူက ပြောပြသည်။ ယင်းသည် လုပ်ငန်းသုံး ဒရုန်းများကို GPS အသုံးပြု၍ သွားလာနိုင်ခြင်းအား ရပ်တန့်သွားစေသည်ဟု သူက ရှင်းပြသည်။
ရုရှားတပ်ဖွဲ့များသည် လုပ်ငန်းသုံး ဒရုန်းများနှင့် ၎င်းတို့၏ အော်ပရေတာများ အကြား ဆက်သွယ်မှုများကို ရှာဖွေရန်နှင့် အနှောင့်အယှက်ပေးရန်အတွက် Aeroscope ကဲ့သို့သော အွန်လိုင်းစနစ်များကိုလည်း အသုံးပြုကြသည်။
ယင်းစနစ်များသည် ဒရုန်းအား ပျက်ကျစေခြင်း သို့မဟုတ် အခြေစိုက်စခန်းသို့ ပြန်သွားစေခြင်းတို့ ပြုလုပ်နိုင်ပြီး အချက်အလက်များ ပြန်လည်ပေးပို့ခြင်းကို ရပ်တန့်စေနိုင်သည်။ Ref: BBC










