ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် တပ်မတော်နှင့်လက်တွဲ၍ ဌာနေပြည်သူ့စစ်အဖြစ် ပူးပေါင်းဆောင်ရွက်မည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် တပ်မတော်နှင့်လက်တွဲ၍ ဌာနေပြည်သူ့စစ်အဖြစ် ပူးပေါင်းဆောင်ရွက်မည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
Published 11 October 2022

ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် တပ်မတော်နှင့်လက်တွဲ၍ ဌာနေပြည်သူ့စစ်အဖြစ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (ဗဟိုဌာနချုပ်) က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နိုင်ရှောင်၏ တာဝန်များကို ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးကို ရှေးရှု၍ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့သည့် ၁၂ နှစ်မြောက်နေ့တွင် အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် တပ်မတော်နှင့်လက်တွဲကာ ဌာနေပြည်သူ့စစ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (ဗဟိုဌာနချုပ်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချောကာင်းနှင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝတည်ငြိမ်ရေးအတွက် ၎င်းတို့အဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (ဗဟိုဌာနချုပ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် မိခင်ပါတီဖြစ်သော မွန်ပြည်သစ်ပါတီမှ ခွဲထွက်၍ မွန်ပြည်သစ်ပါတီ (ဒုစစ်ဦးစီး ဗိုလ်ချုပ်အောင်နိုင်) ဦးဆောင်၍ နိုင်ငံတော်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်အပ်ပြီး အလင်းဝင်လာခဲ့သည့် တပ်ဖွဲ့မဟုတ်ကြောင်းကိုလည်း ငြင်းဆိုထားသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၎င်း၏မိခင်တပ်ဖြစ်သော မွန်ပြည်သစ်ပါတီကို သစ္စာဖောက်ခြင်း၊ မုန်းတီးခြင်း၊ နာကြည်းခြင်းမရှိပဲ ၎င်းတို့သဘောအရ ခွဲထွက်လာခြင်းဖြစ်ပြီး အစိုးရနှင့်လက်တွဲ၍ ငြိမ်းချမ်းသည့်လမ်းစဉ်ကို ၀ိုင်းဝန်းကူညီသွားမည်ဟု စိတ်ဓာတ်ချမှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအပေါ် အခွန်ကောက်ခံခြင်း၊ အကူအညီယူခြင်းနှင့် ဗိုလ်ကျအနိုင်ကျင့်ခြင်း မရှိခဲ့သည့်အပြင် ၎င်းတို့တပ်ဖွဲ့အနေဖြင့် လက်နက်ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းနှင့် မူးရစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းတို့ကိုလည်း မပြုလုပ်ရန် အစိုးရနှင့် သဘောတူညီချက်ရယူခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရေးရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent