ကုသိုလ်နှင့် အကုသိုလ်

ကုသိုလ်နှင့် အကုသိုလ်
Published 10 October 2022

- နဟိဓမ္မော အဓမ္မောစ၊ ဥဘော သမဝိပါကိနော။ - အဓမ္မော နိရယံနေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။ (ဇာတက-၁-၃၅၇၊ နေတ္တိ-၁၅၇)

သုစရိုက်ဆယ်ပါး သူတော်တရား/ ကုသိုလ်တရားသည်လည်းကောင်း (ဓမ္မောစ)၊ ဒုစရိုက်ဆယ်ပါး မသူတော်တရား/အကုသိုလ်တရားသည်လည်းကောင်း (အဓမ္မောစ) ဓမ္မ-အဓမ္မ နှစ်ဝကုန်သော တရားတို့သည် (ဥဘော) မျှတသော အကျိုးတရား ရှိကြကုန်သည် (သမဝိပါကိနော)။ ဒုစရိုက်ဆယ်ပါး မသူတော်တရား/ အကုသိုလ်တရား) သည် (အဓမ္မော) ငရဲသို့ (နိရယံ) ရောက်အောင် (နေတိ) မသွေ ပို့ဆောင်တတ်ပါပေ၏။ သုစရိုက်ဆယ်ပါး သူတော်တရား/ကုသိုလ်တရားသည် (ဓမ္မော) လူနတ်နိဗ္ဗာန် သုံးတန် ဘူမိအကောင်းဆုံးသော ဂတိသို့ (သုဂတိံ) ရောက်အောင် ပို့ဆောင်တတ်ပေ၏ (ပါပေတိ)။

ဘာသာရေး၊ ကျင့်ဝတ်၊ ဒဿနိကဗေဒနှင့် စိတ်ပညာတို့တွင် ကောင်းမှုနှင့် မကောင်းမှုဟူသည် အလွန်တွင်ကျယ်သည့် ဆန့်ကျင်ဘက် စကားရပ်အတွဲဖြစ်သည်။ ဗုဒ္ဓဘာသာလွှမ်းမိုးသော ယဉ်ကျေးမှုများ၌ ကောင်းမှုနှင့် မကောင်းမှုကို သုစရိုက်နှင့် ဒုစရိုက်ဟူ၍ခွဲခြားဖော်ပြတတ်သည်။ ဒဿနိကဗေဒတွင် ဓမ္မနှင့် အဓမ္မဟူ၍ ခွဲခြားတတ်သည်။ မကောင်းမှုဟူသည် အထွေထွေသဘောအရ ကောင်းမှုဖြစ်ခြင်း၏ ဆန့်ကျင်ဘက် သို့မဟုတ် ကောင်းမှုမရှိခြင်းဖြစ်သည်။ မကောင်းမှုကို ကိုယ်ကျင့်တရားနှင့် အကြီးအကျယ်မညီခြင်းအဖြစ် အသုံးပြုကြသည်။ မကောင်းမှုကို အဓိပ္ပာယ်သတ်မှတ်ချက်များမှာ ယင်း၏ စေ့ဆော်မှုကို သုံးသပ်မှုအလိုက် များစွာ ကွဲပြားခြားနားကြသည။် သို့သော် မကောင်းမှုနှင့် ပက်သတ်နေသည်ဟု အများက ယူဆကြသော အရာများထဲတွင် ထင်ရာစိုင်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မသိနားမလည်ခြင်းနှင့် ဂရုမစိုက်ခြင်းအပါအဝင် မမျှတသည့် အမူအကျင့်များ ပါဝင်သည်။

ကောင်းမှု မကောင်းမှုနှင့် ပတ်သက်သည့် ခေတ်သစ်ဒဿနိကဗေဒဆိုင်ရာ မေးခွန်းများအား လေ့လာစရာ အဓိကနယ်ပယ် သုံးခုအဖြစ် ခွဲခြားစုစည်းထားသည်။ Metaethics သည် ကောင်းမှု မကောင်းမှု၏ သဘောသဘာဝနှင့် သက်ဆိုင်ပြီး Normative Ethics ဟူသည် လူသားတို့အနေဖြင့် မည်သို့မည်ပုံ ပြုမူသင့်သည်နှင့် သက်ဆိုင်သည်။ Applied Ethics ဟူသည် သီးခြားကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်သည်။ ယနေ့ ခေတ်သစ်စိတ်ကူးထည်များ၌ ကောင်းမှုဟူသည် ကျယ်ပြန့်သော သဘောတရားတစ်ရပ်ဖြစ်ပြီး ဘဝ၊ ဒါန၊ ဇွဲသတ္တိ၊ ပျော်ရွှင်မှု၊ မေတ္တာတရား၊ တရားမျှတမှုတို့နှင့် ပတ်သက်လေ့ရှိသည်။ မကောင်းမှုဟူသည် သိလျက်နှင့် တမင်တကာ အမှားပြုလုပ်ခြင်း၊ အခြားသူအား ထိခိုက်စေရန် တမင်ရည်ရွယ်လျက် ခွဲခြားဆက်ဆံခြင်း၊ အခြားသူများကို စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ဂုဏ်သိက္ခာတို့အား နှိမ့်ချရန် ရည်ရွယ်လျက် အရှက်ခွဲခြင်း၊ ဖျက်ဆီးတတ်ခြင်းနှင့် မလိုလားအပ်သော အကြမ်းဖက်မှုများ ပြုလုပ်ခြင်း အစရှိသည်တို့နှင့် ပတ်သက်နေသည်။

ကောင်းမှုဖြစ်ခြင်း သဘောသဘာဝသည် များစွာသော ဆက်ဆံရေးများကို ဖြစ်စေသည်။ ယင်းတို့အနက် တစ်ခုမှာ ကောင်းမှုသည် လူသားတစ်ဦးချင်း ဖွံ့ဖြိုးလာမှု အစောဆုံးအဆင့်များ၌ စတင်သည့် သဘာဝ မေတ္တာတရား၊ သံယောဇဉ်နှင့် ခင်တွယ်မှုတို့အပေါ်အခြေခံသည်။ အခြားတစ်ခုမှာ အမှန်တရားကို သိခြင်း၏ ထုတ်ကုန်တစ်ရပ်ဖြစ်သော ဓမ္မတရားဖြစ်သည်။ မကောင်းမှု သို့မဟုတ် အဓမ္မတရား အဘယ်ကြောင့် မြင့်တက်လာသနည်းဟူသည်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော အမြင်များရှိကြသည်။ များစွာသောဘာသာရေးနှင့် ဒဿနိကဗေဒဆိုင်ရာ အစဉ်အလာများက မကောင်းမှုအပြုအမူသည် ပြည့်စုံမှုမရှိသော လူသားအခြေအနေ တစ်ရပ်မှလာသည့် ဖောက်ပြန်မှုတစ်ရပ်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသည်။ တစ်ခါတစ်ရံတွင် မကောင်းမှုသည် စိတ်လွတ် ကိုယ်လွတ်ပြုမူခြင်းနှင့် သက်ဆိုင်တတ်သည်။ အချို့က မကောင်းမှုကိုယ်နှိုက်သည် (လူသားတို့၏စံတန်ဖိုးနှင့် မွန်မြတ်သန့်စင်မှု အစရှိသော) ဓမ္မတရားကို လျစ်လျူပြုခြင်းအပေါ်၌ အခြေခံသည်ဟု ဆိုကြသည်။ တွေးခေါ်ရှင်များစွာက မကောင်းမှုကို နိုင်လိုမင်းထက် လူမှုအဆောက်အအုံများ၏ အကျိုးဆက်တစ်ရပ်အဖြစ် ထောက်ပြကြသည်။

မည်သို့ပင်ဆိုစေကာမူ လူသားအသီးသီးတို့အနေဖြင့် အကုသိုလ်ကို ရှောင်လျက် ကုသိုလ်ကို ဆောင်ကြမှသာ လူ့ဘောင်လောကကြီးအနေဖြင့် သဟဇာတဖြစ်စွာ ဖွံ့ဖြိုးစည်ပင်၍လာမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent