ပြည်တွင်း၌ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးနေသည့် PUMA Energy  မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ထုတ်ပြန်ခြင်း၊ မန္တလေးမြို့၌ မီးလင်းရွှေ ခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် ရောင်းချခဲ့ခြင်း

ပြည်တွင်း၌ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးနေသည့် PUMA Energy  မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ထုတ်ပြန်ခြင်း၊ မန္တလေးမြို့၌ မီးလင်းရွှေ ခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် ရောင်းချခဲ့ခြင်း
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းရုံးရှေ့တွင် ရွှေဝယ်ယူမည့်သူများအား အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ကြီး-MDY)
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းရုံးရှေ့တွင် ရွှေဝယ်ယူမည့်သူများအား အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ကြီး-MDY)
Published 10 October 2022

ပြည်တွင်း၌ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးနေသည့် PUMA Energy မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုမှ ထွက်ခွာမည်ဟု  PUMA  Energy မှ အောက်တိုဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

PUMA Energy ကုမ္ပဏီအနေဖြင့် Puma Energy  Asia Sun (PEAS)နှင့် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုလုပ်ငန်းတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော National Energy Puma Aviation Services Co.,Ltd (NEPAS) မှ ရှယ်ယာများကို  ပြည်တွင်းကုမ္ပဏီတစ်ခုသို့ ရောင်းချကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း PUMA Energy က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်ကတည်းက ဝင်ရောက်မြှုပ်နှံခဲ့သည့် PUMA စွမ်းအင်ကုမ္ပဏီသည် Asia Sun Energy (ASE) နှင့် အကျိုးတူ ပူးပေါင်းပြီး Puma Energy Asia Sun (PEAS) အမည်ဖြင့် မြန်မာနိုင်ငံ၏ ရေနံထွက်ကုန်ဖြန့်ဖြူးမှုကဏ္ဍတွင် လေယာဉ်ဆီနှင့် အခြားလောင်စာဆီ တင်သွင်း ရောင်းချခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခဲ့ကာ မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းဖြင့် အကျိုးတူပူးပေါင်း၍လည်း National Energy Puma Aviation Services Co.,Ltd (NEPAS) ဖက်စပ်ကုမ္ပဏီထူထောင်၍ လေယာဉ်ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် PUMA စွမ်းအင်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီးနောက် ယခုနှစ်အစောပိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှုမှထွက်ခွာရန် ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် PUMA  Energy  ပိုင်ဆိုင်သည့် PUMA Energy Asia Sun(PEAS) နှင့် National Energy PUMA Aviation Service (NEPAS) မှ အစုရှယ်ယာများကို ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ပြီး PUMA Energy ၏ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်အရ ပြည်တွင်းကုမ္ပဏီတစ်ခုထံ PUMA ၏ ရှယ်ယာများ ရောင်းချရန် သဘောတူညီ ရရှိထားပြီးဖြစ်သည်ဟုလည်း သိရသည်။

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီ ကြီးများဖြစ်သည့် ပြင်သစ်နိုင်ငံမှ Total Energies  နှင့် အမေရိကန်မှ Chevron တို့ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ကြေ ညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအရေအတွက် ပိုများပြားလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

၎င်းကုမ္ပဏီနှစ်ခုက အန်ဒမန်ပင်လယ်အတွင်း ရတနာရေနံ သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပေးဆောင်ငွေနှင့် အခွန်အခမှာ ဒေါ်လာတစ်ဘီလျံကျော်ရှိနေကာ မြန်မာနိုင်ငံ၏ စီမံကိန်းတစ်ခုချင်းအလိုက် အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရပေါက်ရလမ်း ဖြစ်သည့်အတွက် ၎င်းကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်သည် သိသာထင်ရှားမှု ရှိလာလိမ့်မည်ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့၏ အဆိုအရ သိရသည်ဟု  သတင်းဌာနက ဖော်ပြခဲ့သည်။

မန္တလေးမြို့၌ ရွှေတစ်ကျပ်သား ကျပ် ၂၅ သိန်း လေးသောင်းနှုန်းဖြင့် မီးလင်းရွှေ ခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးရာတွင် အကုန်နီးပါး ရောင်းချနိုင်ခဲ့ကြောင်း မန္တလေးရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

စျေးနှုန်းမှာ ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်း လေးသောင်းနှုန်းဖြင့် အောက်တိုဘာ ၇ ရက် မွန်း လွဲ ၂ နာရီမှစတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး တစ်နာရီကျော်အကြာတွင် ရွှေခုနစ်ပိသာကို အကုန်နီးပါး ရောင်းချခဲ့ရကြောင်း သိရသည်။

“ရောင်းတာ ခဏလေးနဲ့ ကုန် သွားပါတယ်။ နောက်ရက်တွေကတော့ စျေးနှုန်း မငြိမ်သေးရင်တော့ ဆက်ရောင်းပေးမယ်နဲ့ တူတယ်။ အတိအကျတော့ မသိသေးဘူး” ဟု မန္တလေးတိုင်းဒေသကြီးမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

မီးလင်းရွှေ ခုနစ်ပိသာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဝယ်ယူရာတွင် မန္တလေးတိုင်း ရွှေအသင်းဝင်များမှအပ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ဝယ်ယူသူများအနေဖြင့် မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရောင်းချမည့်နေရာမှာ မဟာအောင်မြေ မြို့နယ် ၆၇ လမ်း၊ ၄၀ _ ၄၁ လမ်းကြား၊ ၄၀ (အေ) ထောင့်ရှိ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးချုပ်၌ ဖြစ်ကြောင်း သိရသည်။

အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနက လေလံစနစ်ဖြင့် ရောင်းချပေးသည့် ရွှေခြောက် ပိဿာမှာလည်း အောက်တိုဘာ ၆ ရက်က ပြုလုပ်သည့် လေလံပွဲတွင် အားလုံးရောင်းချခဲ့ရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရွှေလေလံပွဲတွင် တစ်ကျပ်သား လျှင် ကျပ် ၂၅ သိန်းဖြင့် လေလံ အောင်မြင်သွားကြောင်း ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ရွှေသုံးပိဿာကိုလည်း လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ ကြမ်းခင်းစျေးအဖြစ် တစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်း သတ်မှတ်ခဲ့ပြီး ကျပ် ၂၄ သိန်းခွဲဖြင့် နှစ်ပိဿာ၊ ကျပ် ၂၄ သိန်း ရှစ်သောင်းဖြင့် တစ်ပိဿာ ရောင်းချခဲ့ရကြောင်း မန္တလေး ရွှေအသိုင်းအဝိုင်းမှ သိရသည်။

အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သား ကျပ် ၂၀၀၇၀၀၀ ဝန်းကျင် သတ်မှတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၆၃၀၀၀၀ ဝန်းကျင် အထိရှိလာခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း အသင်းရွှေလုပ်ငန်းရှင်များအသင်းတွင် ရွှေအတုံး/အခဲ (၁၀) ပိဿာအား ရောင်းချပေးသွားမည်ဖြစ်ကာ အသင်းဝင်များမှအပ မည်သူမဆို မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့်အတူ လူတစ်ဦးလျှင် တစ်ကျပ်သားမှ ၁၀ ကျပ်သားအထိ တစ်ကြိမ်စီဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးတွင် ရွှေခြောက် ပိဿာလေလံတင်ရောင်းချမှုတွင် ကြမ်းခင်းစျေး တစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်း သတ်မှတ်ခဲ့ပြီး ရွှေပိဿာအားလုံး ရောင်းချခဲ့ရကြောင်း သိရသည်။

ရန်ကုန်တွင်ပြုလုပ်သည့် ရွှေလေလံပွဲ  တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းဖြင့် လေလံအောင်မြင်သွားကြောင်း ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ကျောက်မျက်ခန်းမတွင်ပြုလုပ်သည့် ရွှေလေလံတင်ရောင်းချပွဲတွင် ရွှေသုံးပိဿာအား တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းဝန်းကျင်ဖြင့် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ရွှေလေလံပွဲတွင် ကြမ်းခင်းစျေး မှာ တစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်း သတ်မှတ်ထားပြီး လေလံတင် ရောင်းချခဲ့သည့် ရွှေသုံးပိဿာလုံးကို ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ရွှေသုံးပိဿာကိုလည်း လေလံစနစ်ဖြင့် ရောင်းချ ခဲ့ရာ ကြမ်းခင်းစျေးအဖြစ် တစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်းသတ်မှတ်ခဲ့ပြီး ၂၄ သိန်းခွဲဖြင့် နှစ်ပိဿာ ၂၄ သိန်း ရှစ်သောင်းဖြင့် တစ်ပိဿာ ရောင်းချခဲ့ရကြောင်း မန္တလေးရွှေအသိုင်းအဝိုင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို စျေးပြိုင် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ရွှေစင်တုံးနှင့် ရွှေစင်ခဲများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ နေပြည်တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံးတို့တွင် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent