အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေဖြင့် ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဘဏ်များလက်ဝယ်ရှိငွေသားဖြင့် သုည ဒသမ ၅ ရာခိုင်နှုန်း ထားရှိရန် ပြင်ဆင်သတ်မှတ်

အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေဖြင့် ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဘဏ်များလက်ဝယ်ရှိငွေသားဖြင့် သုည ဒသမ ၅ ရာခိုင်နှုန်း ထားရှိရန် ပြင်ဆင်သတ်မှတ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 8 October 2022

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာခိုင်နှုန်းတွင် ဘဏ်များ၏ဗဟိုဘဏ် ရှိ စာရင်းရှင်အပ်ငွေဖြင့် ၂ ဒသမ ၅ ရာခိုင် နှုန်းနှင့် ဘဏ်များလက်ဝယ်ရှိ ငွေသားဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်းထားရှိရန် ပြင်ဆင် သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက် စွဲဖြင့်ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၁၂/၂၀၂၂)တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သုံး ရာခိုင်နှုန်း သတ်မှတ်ထားရှိရာတွင် ဘဏ်များက ဗဟိုဘဏ်ရှိစာရှင်းရှင်အပ်ငွေ (Bank’s Deposits at Central Bank-CAB)အပြင် ဘဏ်များ လက်ဝယ်ရှိငွေသား (Cash at Bank) ကိုပါ ထည့်သွင်းတွက်ချက် ခွင့်ပြုသည့်တွက်ချက်မှုပုံစံသစ် ပြင်ဆင်သတ်မှတ်ခြင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၅.၁၁.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ဆောင် ရွက်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေကြေးစီမံခန့်ခွဲမှု ကောင်းမွန်စေရန်ရည်ရွယ်၍ ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးသုံးရာခိုင်နှုန်း သတ်မှတ်ချက်အား ပြောင်းလဲမှုမရှိဘဲ တွက်ချက်မှုပုံစံအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်။

(က)အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးသုံးရာခိုင်နှုန်းတွင် ဘဏ်များ၏ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ(CAB) ဖြင့် ၂ ဒသမ ၅ ရာခိုင်နှုန်းထားရှိရန်နှင့် (ခ)ဘဏ်များလက်ဝယ်ရှိငွေသား(Cash at Bank) ဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်းထားရှိရန်တို့ဖြစ်သည်။

ဘဏ်သည် ထိန်းသိမ်းမှုကာလနောက်ဆုံးရက်တွင် ပျမ်းမျှစာရှင်းရှင်အပ်ငွေ(Average CAB) အရလည်းကောင်း၊  ပျမ်းမျှ လက်ဝယ်ရှိ ငွေသား (Average Cash)အရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းအသီးသီးးကို ပြည့်မီရမည်ဖြစ်သည်။ အကယ်၍ ပြည့်မီမှုမရှိပါက အဆိုပါဘဏ်အား အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်လိုက်နာမှုမရှိသောဘဏ်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာညွှန်ကြားချက်အမှတ်(၁၂/၂၀၁၆)ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်သည်။

အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ပြင်ဆင်သတ်မှတ်ခြင်းအား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ မှ နိုဝင်ဘာ ၈ ရက်အထိ ထိန်းသိမ်းမှုကာလမှစတင်၍ ၂၀၂၃ ခုနှစ် မတ် ၁ ရက်မှ ၂၈ ရက်အထိ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ညွန်ကြားချက်အမှတ်(၁၉/၂၀၂၁)နှင့် ညွှန်ကြားချက်အမှတ် (၃/၂၀၂၂)တို့အား ယခုညွှန်ကြားချက်ဖြင့် လွှမ်းမိုးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent