အောက်တိုဘာ ၅ ရက်က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီတွင် ဓာတုဗေဒဆိုင်ရာနိုဘယ်ကော်မတီက ၂၀၂၂ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်ဆုရရှိသူများကို ထုတ်ပြန်ကြေညာနေစဉ် (Photo: AFP)
၂၀၂၂ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကိုအောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ကြေညာရာ အမေရိကန်နှင့်ဒိန်းမတ် မှ ဓာတုဗေဒပညာရှင်သုံးဦးက ပူးတွဲရရှိသွား သည်။
မော်လီကျူးများတွယ်ဆက်မှုနှင့်ဆိုင်သည့် ဓာတုဗေဒပညာရပ်ကို ပိုမိုလက်တွေ့အသုံးဝင်သည့်ပုံစံဖြစ်အောင် ရှေ့ဆောင် ဖော်ထုတ်လေ့လာခဲ့မှုအတွက် ကယ်လီဖိုးနီး ယားရှိ စတန်းဖို့ဒ်တက္ကသိုလ်မှ ကယ်ရိုလင်း ဘာတိုဇီ၊ Scripps Research သုတေသနဌာ နမှ ဘယ်ရီရှာ့ပလက်စ်၊ ဒိန်းမတ်ရှိ ကိုပင်ဟေ ဂင်တက္ကသိုလ်မှ မော်တင်မယ်လ်ဒယ်တို့ သုံးဦးကို ပူးတွဲဂုဏ်ပြုလိုက်ခြင်းဖြစ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကဆိုသည်။
နိုဘယ်ဆုပေးအပ်လာသည့်သမိုင်းတွင် အထူးသဖြင့် သိပ္ပံပညာရပ်တွင် အမျိုးသမီး သိပ္ပံပညာရှင်များ နိုဘယ်ဆုရသည်မှာ အင် မတန်နည်းပြီး၊ ဘာတိုဇီသည် ယနေ့အထိဓာတုဗေဒနိုဘယ်ဆုချီးမြှင့်ခံရသူပေါင်း ၁၈၉ ဦးထဲတွင် ရှစ်ဦးမြောက်အမျိုးသမီးဖြစ် သည်။
အသက် ၈၁ နှစ်အရွယ် ဘယ်ရီရှာ့ ပလက်စ်ကမူ ၂၀၀၁ ခုနှစ်တွင် ဓာတုဗေဒနို ဘယ်ဆုရထားပြီးဖြစ်သည့်အတွက် ယခုဆု သည် ၎င်းအတွက် ဒုတိယမြောက်ဖြစ်သည်။ နိုဘယ်ဆုနှစ်ဆုရသည့် သိပ္ပံပညာရှင် အရေ အတွက်သည် ရှာ့ပလက်စ်အပါအဝင် ငါးဦး သာရှိသေးသည်။
ဘာတိုဇီအဆိုအရ ၎င်းနှင့်အဖွဲ့သည် ဆဲလ်မျက်နှာပြင်တည်ဆောက်ပုံများကို နားလည်နိုင်ခဲ့သည့်အတွက် ကင်ဆာကုထုံးတွင် အိုင်ဒီယာသစ်တစ်ခုရခဲ့သည်ဟုဆိုသည်။
မော်တင်မယ်လ်ဒယ် က ၎င်းတို့လေ့လာခဲ့သည့် Click Chemistry ခေါ် ကလစ်ဓာတု ဗေဒကို လီဂိုပလတ်စတစ်အတုံးများနှင့် ခိုင်း နှိုင်းကာ ရှုပ်ထွေးသည့်တည်ဆောက်ပုံများကို တည်ဆောက်သည့်နည်းဟုဆိုပြီး ၎င်းနည်းပညာကို ကမ္ဘာတစ်ဝန်းတွင် ဆဲလ်များအ ကြောင်းနှင့် ဇီဝလုပ်ငန်းစဉ်များအကြောင်း ပိုမိုသိရှိလေ့လာနိုင်အောင် အသုံးချလျက် ရှိသည်။
နိုဘယ်ဆုရွေးချယ်ရေးအကယ်ဒမီ၏ ကြေညာချက်တွင် ၎င်းတို့သုံးဦး၏ ရှာဖွေတွေ့ ရှိမှုများကိုအကျိတ်ကုသမှုအပြင် ပေါင်းသတ်ဆေးများ၊ ရောဂါရှာဖွေစစ်ဆေးမှုများ၊ အရောင်တင်ဆေးများ ပြုလုပ်ရာတွင်လည်း အသုံးချနေသည်ဟုဆိုသည်။
နိုဘယ်ဆုရသူများသည် ဆုကြေးငွေ ဆွီဒင်ခရိုနော် ၁၀ သန်းကို ခွဲဝေ ယူကြရမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်းမြို့၌ အခမ်းအနားဖြင့် ဆုလက်ခံရယူမည်ဖြစ် သည်။
နိုဘယ်ဆုရာသီ၏ ပထမဆုံးဆုဖြစ် သည့် ဆေးပညာဆိုင်ရာနိုဘယ်ဆုကို အောက်တိုဘာ ၃ ရက်၊ ရူပဗေဒဆိုင်ရာနို ဘယ်ဆုကို အောက်တိုဘာ ၄ ရက်တွင် ပေးအပ်ပြီးပြီဖြစ်ကာ စာပေဆိုင်ရာနိုဘယ်ဆုကိုအောက်တိုဘာ ၆ ရက်တွင် ကြေညာပြီး စောင့်ကြည့်အခံရဆုံးဖြစ်သည့် ငြိမ်းချမ်း ရေးနိုဘယ်ဆုကိုအောက်တိုဘာ ၇ ရက်တွင် ကြေညာသွားမည်။ နောက်ဆုံးကြေညာမည့် ဆုက အောက်တိုဘာ ၁၀ ရက်တွင် ကြေညာ မည့် စီးပွားရေးနိုဘယ်ဆုဖြစ်သည်။
မနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို သတင်းလွတ်လပ်ခွင့် အားထုတ်ကြိုးပမ်းမှုများ ကြောင့် ရုရှားသတင်းသမား ဒီမစ်ထရီမူရာ တော့ဗ်နှင့် ဖိလစ်ပိုင်သတင်းသမား မာရီယာ ရက်ဆာတို့ ပူးတွဲရရှိထားသည်။















