စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်သောကြောင့် နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်စေမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်သောကြောင့် နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်စေမည်ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 4 October 2022

စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်သောကြောင့် နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အောက်တိုဘာ ၃ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နိုင်ငံ၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်စေ SME လုပ်ငန်းများကို အဓိကထားဆောင် ရွက်ကြကြောင်း၊ ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း၌ နိုင်ငံရေးအရအခက်အခဲများ၊ ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရကြောင်း၊ စီးပွားရေးအရ ကျဆင်းမှုရှိစေရေး နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှုများကြောင့် ငွေကြေးတန်ဖိုးတက်လာခဲ့ပြီး ကုန်စျေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားမှုရှိရမည်ဖြစ်ပြီး စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားများလိုအပ်ပြီး စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် ငွေကြေးများချေးပေးမှုနှင့်ပတ်သက်၍ ယခင်နှစ်က ကိုဗစ်အခက်အခဲ၊ နိုင်ငံရေးအခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံစီးပွားရေး ပျက်ယွင်းအောင် ဆောင်ရွက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန်ဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းများကို ခြိမ်းခြောက်ခြင်းများနှင့် အကြောက်တရားများ ဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ဘဏ်စနစ် ပြိုလဲအောင်နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်လုပ်ဆောင်ခဲ့သော်လည်း ပြိုလဲမှုမရှိစေရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ငွေကြေးလည်ပတ်သုံးစွဲမှုများကိုလည်း ထိခိုက်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ ငွေကစားသူများရှိခြင်းကြောင့် ငွေကြေးတန်ဖိုးများကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ငွေကြေးကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်း ဆီထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက် များပြားနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent