မြန်မာ အမျိုးသား လေကြောင်းလိုင်းပိုင် ရန်ကုန်-လွိုင်ကော် ခရီးသည်တင် ​လေယာဉ်တစ်စင်း ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ဒဏ်ရာရရှိ

မြန်မာ အမျိုးသား လေကြောင်းလိုင်းပိုင် ရန်ကုန်-လွိုင်ကော် ခရီးသည်တင် ​လေယာဉ်တစ်စင်း ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ဒဏ်ရာရရှိ
Published 30 September 2022

ရန်ကုန်-လွိုင်ကော် ခရီးသည်တင် လေယာဉ်တစ်စင်း ယနေ့(စက်တင်ဘာ ၃၀ ရက်)တွင် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည်။

​​နေ့(စက်တင်ဘာ ၃၀ ရက်)နံနက်ပိုင်းက ရန်ကုန်-လွိုင်ကော် ခရီးသည်တင် လေယာဉ်တစ်စင်း ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒီမနက်တော့ ရန်ကုန်ကနေပြီးတော့ လွိုင်ကော်ကို ပြေးဆွဲတဲ့ လေယာဉ်ပေါ့၊ မြန်မာ့လေကြောင်းက လေယာဉ်ဖြစ်ပါတယ်။ အဲလေယာဉ်ကတော့ ခရီးသည် ၆၃ ဦးပါတယ်၊ လွိုင်ကော်လေဆိပ်ကို မနက် ၉ နာရီ ၃၅ လောက်မှာ ဆင်းသက်ဖို့ လုပ်တယ်။ ဆင်းသက်ဖို့ လုပ်တဲ့နေရာမှာ အဲ့ဒီလေယာဉ်ပြေးလမ်း ဆင်းသက်ဖို့ လုပ်ခါနီးမှာ လေယာဉ်ပြေးလမ်းရဲ့ ​​မြောက်ဘက်ပေါ့၊ မြောက်ဘက်ကနေပြီးတော့ ရွာနားလောက်ကနေပြီးတော့ အောက်ကနေပြီးတော့ ပစ်ခတ်ခံရတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

နေ့နက်ပိုင်းတွင် ရန်ကုန်-လွိုင်ကော် ခရီးသည်တင် လေယာဉ် ပစ်ခတ်ခံရသည့် ဖြစ်စဉ်တွင် လေယာဉ်ဝမ်းဗိုက် တစ်ချက်ထိမှန်ပြီး ခရီးသည်တစ်ဦး ထိမှန်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " လက်နက်ငယ်နဲ့ပစ်ခတ်တာ ဖြစ်မယ်နဲ့တူတယ်။ လေယာဉ်ဝမ်းဗိုက် တစ်ချက် ထိမှန်တယ်။ အဲကနေ​​ဖောက်ပြီးတော့ အပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ယောက်ကတော့ ထိမှန်ခဲ့တာရှိတယ်။ ခရီးသည်တစ်​​​​​ယောက်ကတော့ ညာဘက်ပါး နားရွက်နားလေးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ လေယာဉ်ကတော့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်။ ပြီးရင် ကျွန်တော်တို့ ဒီခရီးသည်ကိုတော့ လွိုင်ကော်ဆေးရုံကိုပို့ပြီး ဆေးကုသမှုခံယူ လျက်ရှိတယ်။ ကျန်တာတော့ စိုးရိမ်စရာ အနေအထားမရှိပါဘူး" ဟု ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်-လွိုင်ကော် ခရီးသည်တင် လေယာဉ်အား ပစ်ခတ်ခဲ့နေရာ အနီးတဝိုက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent