သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလန်ခြောက်သန်းကျော်ကို ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်

သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလန်ခြောက်သန်းကျော်ကို ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
Published 27 September 2022

စက်တင်ဘာ ၂၅ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလံခြောက်သန်းကျော်ကို ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၅ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Yi သင်္ဘောသည် ရိုးရိုးဒီဇယ်ဂါလံ ၁ ဒသမ ၈၆ သန်းနှင့် ပရီမီယံဒီဇယ်ဂါလံ ၂ ဒသမ ၁၇ သန်း၊ စုစုပေါင်းဒီဇယ်ဂါလံ ၄ ဒသမ ၀၃ သန်းကို ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron ဂါလံ ၂ ဒသမ ၁၃ သန်းကို ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဒီဇယ်နှင့်ဓာတ်ဆီ စုစုပေါင်းဂါလံ ၆ ဒသမ ၁၆ သန်းအထိ ဆီချလုပ်ငန်းများ ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Premium၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာ တွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။ သို့ရာတွင်အချို့သောမြို့နယ်များသို့ စက်သုံးဆီဖြန့်ဖြူးဆောင်ရွက်ရာတွင် စက်သုံးဆီတင်ဘောက်ဆာ (Bowser) များနှင့် ဆီတွဲရေယာဉ် (Barge) များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်လုယက်မှုများ ပြုလုပ်လျက်ရှိသဖြင့် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့တိုင်းဒေသကြီး/ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီတင်သွင်းမှုများကိုလည်း ကြီးကြပ်စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

Most Read

Most Recent