စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာငါးသိန်းခွဲရယူမှုစွဲချက်ဖြင့် အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် စက်တင်ဘာ ၂၀ ရက်ရုံးချိန်းတွင် ဒေါ်​အောင်ဆန်းစုကြည်ကို စစ်​​ဆေးမည်

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာငါးသိန်းခွဲရယူမှုစွဲချက်ဖြင့် အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် စက်တင်ဘာ ၂၀ ရက်ရုံးချိန်းတွင် ဒေါ်​အောင်ဆန်းစုကြည်ကို စစ်​​ဆေးမည်
Published 19 September 2022

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ​အ​မေရိကန်ဒေါ်လာ ငါးသိန်းခွဲရ​ယူမှုစွဲချက်ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ​ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပဒေဖြင့် တရားစွဲဆို၍ စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် စစ်​ဆေးရန် ကျန်ရှိ​​နေသည့် သက်​သေနှစ်အား ပယ်ချခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

​နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၁၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ​ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်​ဆေးခဲ့​ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲရယူမှုစွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂နှင့် ၄/၂၀၂၂ တို့အတွက် စစ်ဆေးရန်ကျန်ရှိ​နေသည့်  တရားလိုပြသက်နှစ်ဦးကို ပယ်ချခဲ့ကြောင်း သိရသည်။

ယင်းအမှုများနှင့်ပတ်သက်၍ စက်တင်ဘာ ၂၀ ရက်တွင် ချိန်းဆိုထား​သည့် ရုံးချိန်း၌ စွပ်စွဲရသူဖြစ်သည့် ​ဒေါ်အောင်ဆန်းစုကြည်အား စစ်​ဆေးမည်ဖြစ်​ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ နစကကထုတ်ပြန်သည့် ဦးမောင်ဝိတ်၏ ရုပ်သံထွက်ဆိုချက်တွင် ၎င်းအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ​စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီကို စတင်တည်​ထောင်ခဲ့ပြီး လုပ်ငန်းများ အဆင်ပြေ​ချောမွေ့စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ​ငွေကြေးကူညီခြင်း၊ လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ​ဒေါ်အောင်ဆန်းစုကြည်၏​နေအိမ်တွင်အလုပ်လုပ်နေသည့် ​ဒေါ်ခင်ခင်ဦးနှင့်ရင်းနှီးခဲ့​ကြောင်း၊ ၂၀၁၈ ခုနှစ် ​မေလခန့်တွင် ​ဒေါ်ခင်ခင်ဦး၏ အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကန်တော့ခဲ့ပြီး ​ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာတစ်သိန်းကို စက္ကူလက်​ဆောင်အိတ်အနက်ဖြင့် ထည့်သွင်း၍ ဦး​ရှောက်စန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ​ဒေါ်​အောင်ဆန်းစုကြည်ကို ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း ပါရှိသည်။

ထို့အတူ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာတစ်သိန်းခွဲကို စက္ကူလက်​ဆောင်အိတ်အနက်ထဲသို့ထည့်၍ ​ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာငါးသောင်းကို  ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့​ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန် ဒေါ်လာနှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ပေးအပ်ခဲ့​ကြောင်းနှင့် ယင်းသို့ပေးအပ်ချိန်တွင် အနားတွင် မည်သူမျှရှိမ​နေ​ကြောင်းလည်း ဦး​မောင်ဝိတ်က ထည့်သွင်းထွက်ဆိုထားသည်။

လက်ရှိတွင် ဒေါ်​အောင်ဆန်းစုကြည်အ​​နေဖြင့်  စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် ​ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရပြီး ​နေပြည်​တော်အချုပ်​ထောင်တွင် သီးခြားထားရှိ​ထားသည်။

Most Read

Most Recent