ရွှေနှင့် ငွေကြေးစျေးကွက်တည်ငြိမ်ရေး၊ ရွှေတုံး၊ ရွှေခဲရောင်းဝယ်ရာတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန် ဆောင်ရွက်နေခြင်းနှင့် နေပြည်တော်၌ရောင်းချသည့် ရွှေဒင်္ဂါးပြားများ တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် သတ်မှတ်ရောင်းချခြင်း

ရွှေနှင့် ငွေကြေးစျေးကွက်တည်ငြိမ်ရေး၊ ရွှေတုံး၊ ရွှေခဲရောင်းဝယ်ရာတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန် ဆောင်ရွက်နေခြင်းနှင့် နေပြည်တော်၌ရောင်းချသည့် ရွှေဒင်္ဂါးပြားများ တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် သတ်မှတ်ရောင်းချခြင်း
Published 19 September 2022

ကမ္ဘောဇဘဏ် (KBZ)က  နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ်ကြောင်း အတည်ပြုကြောင်း Hana Bank Myanmar Page က ထုတ်ပြန်ထားသည်။

“ထပ်မံအတည်ပြုပြီးဖြစ်ပါ တယ်။ လွှဲထားသူများလည်း အတည်ပြုပြီးဖြစ်ပါတယ်။ စာရွက်စာတမ်း ထပ်တောင်းတာမျိုးမရှိ၊ တိုကင်ယူစရာမလို၊ ငွေပမာဏကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပါတယ်။ အဆင်မပြေတာရှိရင် KBZ နဲ့ တိုက်ရိုက်ချိတ် ဆက်ဆက်သွယ်ပေးတာမို့ တာဝန်ခံကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်”ဟု အဆိုပါ Hana Bank Myanmar Page က ထုတ်ပြန်ခဲ့သည်။

လစာငွေလွှဲဆိုသည်မှာ Hana EZ ထဲတွင် လက်ခံသူစာရင်းသွင်းသည့်အခါ ငွေလွှဲ ရည်ရွယ်ချက်တွင် လစာကို ရွေးထားပြီး  စာရင်းသွင်းထားပါက အသေးစိတ်အချက်အလက်တွင် SALARY သို့မဟုတ် ကုတ်နံပါတ် “5200” ဟု ပေါ်နေမည်ဖြစ်ကြောင်း၊ အဆိုပါစာရင်း သွင်းထားသူအားလုံး KBZ သို့ ပြည်ပ ငွေလွှဲပြုလုပ်ပါက တစ်ဒေါ်လာလျှင်  ကျပ်  ၃၀၀၀ ဖြင့် ထည့်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထပ်မံ အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ငွေလွှဲရည်ရွယ်ချက်တွင် တခြားအသုံးစရိတ်နှင့် စာရင်းသွင်းထားခြင်းမျိုးဆိုပါက  ကြေညာပေးထားသည့်နှုန်းထားဖြင့် မရနိုင်ခြင်းမျိုးရှိသည့်အတွက် ပြန်လည်စစ်ဆေးပေးရန်၊ အကယ်၍ ရည်ရွယ်ချက် မှားထည့်ထားပါက မိမိစာရင်းသွင်းထားခြင်းကို ဖျက်ပြီး အသစ်ပြန်လည်စာရင်းသွင်းပြီးမှ ငွေလွှဲပြုလုပ်ပေးပါက အထက်ပါနှုန်းထားဖြင့် ကျိန်းသေရရှိနိုင်မည်ဖြစ်ကြောင်း Hana Bank Myanmar Page ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက  ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ငွေစာရင်းကို ဗဟိုဘဏ်က ၂၀၁၄ ခုနှစ်မှ စတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၂၀၂၂ ခုနှစ် ခုနစ်လပိုင်းအထိ မိသားစုလွှဲပို့ငွေရရှိမှုမှာ ဗဟိုဘဏ်၏ စာရင်းအရ ဒေါ်လာ ၆၁၅၂  ဒသ မ ၀၄၄ သန်းရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြော ကြားသည်။

ရွှေတုံး၊ ရွှေခဲရောင်းဝယ်ရာတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

ရွှေတုံး၊ ရွှေခဲအရောင်းအဝယ် ဆောင်ရွက်ရာတွင်ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက် ဘဏ်များက ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် ရွှေစျေးနှင့်ငွေကြေးစျေးကွက် တည်ငြိမ်ခိုင်မာစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ရွှေနှင့် ငွေကြေးစျေးကွက် တည်ငြိမ်ခိုင်မာစေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ဆက်လက်ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ် ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက် ဘဏ်များက ပံ့ပိုးပေးမည့်အစီအမံများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ရွှေနှင့်ငွေကြေးစျေးကွက် တည်ငြိမ်စေရေးအတွက် ဆက်လက်ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ရွှေလုပ်ငန်းရှင်များက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

နေပြည်တော်၌ ရောင်းချသည့် ရွှေဒင်္ဂါးပြားများ စက်တင်ဘာ ၁၄ ရက်တွင် တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် သတ်မှတ်ရောင်းချ

နေပြည်တော်၌ ရောင်းချနေသည့် ရွှေဒင်္ဂါးပြားကို စက်တင်ဘာ ၁၄ ရက်တွင် တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် သတ်မှတ်ရောင်းချပေးနေကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

“ကျွန်တော်တို့က စျေးကတော့ ဒီနေ့ ၂၈ သိန်းနဲ့ ရောင်းတယ်။ မနေ့ကတော့ ၂၈ သိန်းငါးသောင်းပေါ့။ ဒီနေ့ ငါးသောင်းကျသွားတယ်ပေါ့”ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက The Daily Eleven သတင်းစာသို့ ဖြေကြားသည်။

နေပြည်တော်တွင် စက်တင်ဘာ ၅ ရက် မှစတင်၍ တစ်မတ်သား ရွှေဒင်္ဂါးပြား၊ ငါးမူးသား ရွှေဒင်္ဂါးပြားနှင့် တစ်ကျပ်သားရွှေဒင်္ဂါးပြားများကို ရောင်းချနေခြင်းဖြစ်ပြီး စတင်ရောင်းချသည့်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းခွဲဖြင့် ရောင်းချခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်က တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်၌သာ ရွှေဒင်္ဂါးပြားများကို ရောင်းချနေသော်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများတွင်လည်း ရောင်းချရန် အစီအစဉ်ရှိကြောင်း ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားထားသည်။

ရွှေဒင်္ဂါးပြားများကို ရောင်းချရာတွင် အလျော့တွက်နှင့် ကုန်ကျစရိတ်အဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးဆိုပါက ကျပ် ၃၈၉၅၀၊ ငါးမူးသား ရွှေဒင်္ဂါးဆိုပါက ကျပ် ၂၅၀၀၀၊ တစ်မတ်သား ရွှေဒင်္ဂါးဆိုပါက ကျပ် ၁၂၅၀၀၀ သတ်မှတ်ထားပြီး ယင်းကို ဘူးဖိုးကောက်ခံသည်ဟု နားလည်မှုလွဲနေခြင်းများရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းအပေါ် အခြေခံတွက်ချက်ကာ စျေးနှုန်းသတ်မှတ်၍ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက စက်တင်ဘာ ၆ ရက်တွင် ဖြေကြားထားသည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရွှေဒင်္ဂါးပြားများကို အပတ်စဉ်ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာမှ သောကြာနေ့အထိ ရောင်းချပေးလျက်ရှိပြီး နေ့စဉ် မွန်း တည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရုံးပိတ်ရက်များတွင် ရွှေဒင်္ဂါးပြားများကို ရောင်းချမည်မဟုတ်ကြောင်း သိရသည်။

နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရေး လိုအပ်ချက်များ DICA ထုတ်ပြန်

နိုင်ငံခြားသားများ ဗီဇာသက်တမ်း ထောက်ခံချက်ရရှိရေးအတွက် လိုအပ်ချက်များ ထုတ်ပြန်ထားပြီး လက်ရှိချမှတ်ထားသောမူဝါဒများနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထားခြင်းကို ငြင်းပယ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၄ ရက်မှစ၍ DICA အနေဖြင့် နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ကို အောက်ပါစည်းကမ်းချက်များဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးရန်တင်ပြသည့်ကုမ္ပဏီသည် မှတ်ပုံတင်ကာလ တစ်နှစ်ပြည့်ပြီးသည့် ကုမ္ပဏီဖြစ်ရမည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ  (၂၀၁၇)ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဆိုင်းငံ့ခြင်း (Suspended)၊ ပယ်ဖျက်ခြင်း (Struck-off) ခံရသောကုမ္ပဏီများသည် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နောက်တစ်နှစ်ကြာပြီးမှသာ သက်တမ်းတိုး ထောက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးမည်။

ကုမ္ပဏီမှ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရယူလိုသည့် နိုင်ငံခြားသားများအတွက် ၎င်း၏ ဗီဇာ သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက် ၉၀ မှ ၁၂၀ အတွင်း ကြိုတင်လျှောက်ထားရမည်။ နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်သက်တမ်းသည် အနည်းဆုံး ခြောက်လသက်တမ်းကျန်ရှိရမည်။

နိုင်ငံခြားသား ဗီဇာသက် တမ်း တိုးလျှောက်ထားရန်အတွက် ကုမ္ပဏီသည် ကုမ္ပဏီအချက်အလက်အကျဉ်းချုပ် (Updated Company Extract Form)၊ ကုမ္ပဏီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း၊ လိုင်စင်/ပါမစ်/လုပ်ငန်းအထောက်အထား၊ လုပ်ငန်းစာချုပ်၊ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၏ နိုင်ငံခြားသားနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ခံဝန်ချက် တင်ပြစာ၊ ကုမ္ပဏီသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်များအတွက် အခွန်ထမ်းဆောင်ပြီးမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အခွန်ထမ်းဆောင်ပြီးမှု (သို့မဟုတ်) စာရင်းစစ်အစီရင်ခံစာ (သို့မဟုတ်) ကြိုတင်ဝင်ငွေခွန် ထမ်းဆောင်ထားသည့် အထောက်အထား (ရှိလျှင်) တင်ပြရမည်။ သက်ဆိုင်ရာ နိုင်ငံခြားသား၏ ခြောက်လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ပညာအရည်အချင်း၊ လုပ်ငန်းကျွမ်းကျင်မှု၊ ပြည်ပတွင်နေထိုင်သည့် အမြဲတမ်းနေရပ်လိပ်စာ (ပြည်တွင်းတွင် နေထိုင်သည့်နေရပ်လိပ်စာ) တို့ ပါဝင်သည့် CV Form၊ နိုင်ငံခြားသား ဝန်ထမ်း၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်သည့် ရာထူးနှင့် လုပ်ငန်းတာဝန်များ၊ ပြည်တွင်းနေရပ်လိပ်စာ အပြောင်းအလဲရှိပါက ဌာနသို့အကြောင်းကြားရန်၊ နိုင်ငံခြားသားအနေဖြင့် ဒုတိယအကြိမ် သက်တမ်းတိုးတင်ပြပါက အဆိုပါ ပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်ကာလများ၏ လစာဝင်ငွေခွန် ထမ်းဆောင်ပြီးသည့် အထောက်အထားစသည်တို့ကို အထောက်အထားခိုင်လုံစွာ ပူးတွဲတင်ပြရမည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်/အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် MOVAS (https: //movas.dica.gov.mm)တွင်သာ လျှောက်ထားရမည်။ အွန်လိုင်းဗီဇာသက်တမ်းတိုး ထောက်ခံချက် (Recommendation Letter For Visa Extension) (https: //visaonline.dica.gov.mm) သို့ လာရောက်လျှောက်ထားပါက လက်ခံဆောင်ရွက်မည် မဟုတ်ပါ။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် တင်ပြလာသော ဗီဇာကိစ္စအပေါ် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်သော်လည်း လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက ယင်းလျှောက်ထားခြင်းကို ငြင်းပယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent