၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ရန်နှင့် လယ်ယာကဏ္ဍမှ နှစ်ရာခိုင်နှုန်းကျော်၊ စက်မှုကဏ္ဍမှ လေးရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍမှ လေးရာခိုင်နှုန်းကျော်တိုးတက်ရန် ရည်မှန်းထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ရန်နှင့် လယ်ယာကဏ္ဍမှ နှစ်ရာခိုင်နှုန်းကျော်၊ စက်မှုကဏ္ဍမှ လေးရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍမှ လေးရာခိုင်နှုန်းကျော်တိုးတက်ရန် ရည်မှန်းထား
တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 17 September 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်နှင့် လယ်ယာကဏ္ဍမှ နှစ်ရာခိုင်နှုန်းကျော်၊ စက်မှုကဏ္ဍမှ လေးရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍမှ လေးရာခိုင်နှုန်းကျော် တိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာအချက်အလက်များ(Citizen’s Budget)တွင် ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမျိုးသားစီမံကိန်းအတွက် စီမံကိန်းရည်မှန်းချက်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းများအရ ကျပ် ၁၂၃၉၃၃၇၄၁ ဒသမ ၉ သန်းရရှိရန်နှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် ရန် ရည်မှန်းထားသည်။

ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် လေးရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်း ထားသည်။

လယ်ယာကဏ္ဍတွင် လယ်ယာထွက် ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်၊ အ လျင်အမြန်အကျိုးခံစားခွင့်ရရှိစေမည့်လုပ်ငန်းများဖြစ်သည့် ဆီမီးခုံမြစ်ရေတင်လုပ်ငန်းနှင့်  နေကြာမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်မွေးမြူ ထုတ်လုပ်နိုင်ရေးအတွက် မေထုန်မဲ့သားစပ်ခြင်း၊ ဆည်မြောင်း၊ တာတမံများအတွင်း ငါးမျိုးစိုက်ထည့်၍ ငါးအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မွေးမြူရေးချေးငွေရရှိရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ သားရေစိမ်း၊ သားရေချော၊ ကျွဲနွားအရှင်နှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများ၊ ငါး၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်ရန်၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းများ၊ ကျေးရွာသုံးစိုက်ခင်းများ၊ ရေဝေရေလဲစိုက်ခင်းများနှင့် ဒီရေးတောစိုက် ခင်းများ တည်ထောင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ရပ်ဆိုင်းထားသည့် နိုင်ငံပိုင်စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် ဆောင်ရွက်ရန်ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

စက်မှုကဏ္ဍကြီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရည်အသွေးတိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်ပမှသံနှင့်သံမဏိတင်သွင်းမှုများကို လျှော့ချနိုင်ရန်အတွက် နိုင်ငံပိုင်စက်ရုံများဖြစ်သည့် မြင်းခြံသံမဏိစက်ရုံနှင့် ပင်းပက်သံမဏိစက်ရုံများ ပြန်လည် လည်ပတ်နိုင်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ Sinopharm CNBC ဆေးဝါးစက်ရုံနှင့် ပူးပေါင်း၍ Myancopharm ကာကွယ်ဆေးအား Dose ၁၀ သန်း ထုတ်လုပ်ရန်ရည်မှန်း ထားကြောင်း ဖော်ပြထားသည်။

ကျေးရွာအရောက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံ/ထရန်စဖော်များ တိုးချဲ့တည်ဆောက်ရန်၊ အဆင့်မီလမ်းမကြီးများ၊ တံတားကြီးပေါ်ပေါက်လာစေရေးဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ ကုန်စည် စီးဆင်းမှုနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ကျေးလက်လမ်း၊ ကျေးလက်အိမ်ရာများ တည်ဆောက်ပေးရန် ရည်မှန်းထားသည်။

ဝန်ဆောင်မှုကဏ္ဍကြီးတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုများ အချိန်တိုအတွင်း လျင်မြန်စွာပို့ဆောင်ရေး ဆောင်ရွက်ပေးရန်၊ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသေးသည့် နယ်မြေဒေသများ Underserved Area တွင် အခြေခံဆက်သွယ်ရေးအဆောက် အဦးများတိုးချဲ့တည်ဆောက်ပေးရန်နှင့် အ ခြေခံဆက်သွယ်ရေးမရှိသေးသည့် နေရာဒေသများတွင် အသစ်ထပ်မံတည်ဆောက်ရန်၊ Digital ဘဏ်စနစ်၊ အီလက်ထရောနစ်ဘဏ်စနစ်များ ဖွံ့ဖြိုးတိုတက်ရေး၊ ပညာရေး၊ကျန်းမာရေးဝန်ဆောက်မှုများ ပိုမိုကောင်းမွန်စေ ရန်၊ ပို့ကုန်သွင်းကုန် လျာထားချက် ပြည့်မီကျော်လွန်စေရေး၊ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အလာအလာရှိသောကုန်စည်များကို အားပေးမြှင့်တင်ခြင်း၊ နိုင်ငံတကာကုန်စည်ပြပွဲများသို့  သွားရောက်ပြသနိုင်ရေး ပ့ံပိုးကူညီပေးခြင်းများ ဆောင်ရွက်ရန်လျာထားကြောင်း ဖော်ပြထားသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်ကြီးများ၊ စီးပွားရေးအချက်အချာကျသော မြို့ကြီးများနှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်လျက်ရှိသော မြို့ကြီးများတွင် ကုန်သွယ်မှုဗဟိုဌာနများ ရည်မှန်းချက်အတိုင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်တို့ကို ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

 

 

Most Read

Most Recent