တော်သလင်းလပြည့်နေ့ သို့မဟုတ် ဂရုဓမ္မအခါတော်နေ့

တော်သလင်းလပြည့်နေ့ သို့မဟုတ် ဂရုဓမ္မအခါတော်နေ့
Published 7 September 2022

တော်သလင်း (တဝ်သလင်း) လသည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက်ဖြစ်ပြီး သြဂုတ်နှင့် စက်တင်ဘာလအတွင်း ကျရောက်လေ့ရှိသည်။ တော်သလင်းလတွင် ရက် ၃၀ ရှိပြီး ရက်စုံသောလဖြစ်သည်။ “တော်” ဆိုသည်မှာ “မြင့်မြတ်သည်။ အထွတ်အထိပ် ဖြစ်သည်။ အထက်ကောင်းကင်ဖြစ်သည်” ဟူ၍လည်းကောင်း၊ “သလင်း” ဆိုသည်မှာ “သာလင်း” မှလာ၍ “သာယာထွန်းလင်း” ဟူသော အဓိပ္ပာယ်ရှိသည်ဟူ၍လည်းကောင်း ဆိုကြသည်။ ထို့ကြောင့် တဝ်သလင်းမှာ “မိုးကောင်းကင် ကြည်လင်သာယာသည်” ဟူ သောအနက်ကို ဆောင်လေသည်။ “လေပြင်းမိုးပြင်း တိုက်ခတ်ရွာသွန်းသောကာလ ပြီးဆုံးလေပြီ” ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် အင်းဝခေတ်နှောင်းပိုင်းတွင် “သစ်ဆင်းလ” ဟူသော အရေးအသားကို ပျို့ကဗျာများ၌ တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရှင် တို့က “သစ်ဖောင်ဝါးဖောင်များ စုန်ဆင်းသောလ” ဟု အဓိပ္ပာယ်ကောက်ကြသည်။

သို့ရာတွင် စာဆိုဦးအောင်ကြီး၏ လူးတားတွင် “တိုင်လေးစင်၏ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ ခုန်ဆင်းသည့်ပျော်ပွဲသဘင်” ဟု အခိုင်အမာ ဖော်ပြထားသောကြောင့် “ပန်းလုသဘင်၊ သစ်ဆင်းရင်သောပွဲတော်” ကို အစွဲပြု၍ “သစ်ဆင်းလ” ဟု ခေါ်ကြောင်း အဆိုကို အများက လက်ခံကြသည်။ ဤအချက်ကို လှေသင်းဝင်မင်းက သဘောမတူသည့်အပြင် တော်သလင်း၏ဇာစ်မြစ်ကို ကြံဆရာ၌ “ကောသိတုံအလံ” ဟူသော ပါဠိမှဆင်းသက်၍ “တော်သလင်း” ဟူသော စကားဖြစ်လာသည်ဟု ဆိုသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟုခေါ်သည်။ ကန်ရာသီကား “ကညာ” ကို အစွဲပြုခေါ်ဆိုခြင်းဖြစ်သည်။ ကညာသည် ယောကျ်ားကို နှစ်သက်စေခြင်းဖြစ်ရာ သဒ္ဒါသည် ပါဠိတွင် “တောသ” ဟူ၍လည်း ရှိသည်။ “တောသ” မှ “တော်သလင်း” အဖြစ်သို့ ရွေ့လျား လာသည်ဟု လှေသင်းအတွင်းဝန်က မိန့်ဆိုသည်။

တော်သလင်းလတွင် ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန်မြူးထူးပြီး ရေထဲသို့ခုန်ချသည့် ပျော်ပွဲရွှင်ပွဲများနှင့် လှေပြိုင်ပွဲများကို ကျင်းပကြ သည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူးပျော်ပါးသည့်လဟုလည်း ဆိုနိုင်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ယင်းမာပန်းကို သတ်မှတ်ထားသည်။ ဤလတွင် မြစ်ချောင်းတို့၌ လှိုင်း လေကင်းရှင်းပြီး ရေပြင်မှာ သင်ဖြူးဖျာခင်းထားသကဲ့သို့ ပြေပြစ်ငြိမ်သက်စွာ ရှိတတ်သောကြောင့် “တော်သလင်းမြစ်တွင်း သင်ဖြူးခင်း” ဟု ဆိုရိုးရှိသည်။ ထို့ကြောင့် ဤလတွင် လှေပြိုင်ပွဲများကို ကျင်းပကြခြင်းဖြစ်သည်။ ရှေးအခါက လှေပြိုင်ပွဲများကို ဘုရင်များ ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိသည်။ လှေလှော်သားတို့ကိုလည်း ဆုတော်လာဘ်တော်များ ချီးမြှင့်လေ့ရှိသည်။ တော်သလင်းလသည် မိုးနှောင်းပိုင်းကာလဖြစ်၍ ရွာသောမိုးသည် လယ်ကန်သင်းများကျိုးအောင် သဲသဲမဲမဲရွာတတ်သည်။ “တော်သလင်းမိုး ကန်သင်း ကျိုး” ဟူ၍ ဆိုရိုးရှိသည်။ မိုးများသဖြင့် စပါးကိုပင် နေလှန်းပြီးမှ ထမင်းချက်ရသည်။ ထို့ ကြောင့် ရှေးစာဆိုတို့က “တော်သလင်းတိမ်ညို စားဖိုသည်ဆင်းရဲမိုးမစဲ” ဟု ဆိုရိုးပြုခဲ့ကြသည်။

တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ်ဖြစ်သော တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကျင်းပကြပြီး ကျောင်းကန်ဘုရားများတွင် ငါးပါးသီလ ဥပုသ်သီတင်း စောင့်ထိန်းကြသည်။ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင်ဖြစ်သည်။ မြတ်ဗုဒ္ဓဟော ကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တနနဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင်ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။ ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ယူဆကာ ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟုယူဆကာ ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျ ဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူ တော်ကိုပြန်ပို့ကာ မိုးရွာစေသောနည်းများရှိလျှင်ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန် သည်။ ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသူပြည်သားများ ကျင့်သုံးသော “သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး သားမယားတို့ကို ကာမဂုဏ်ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း” ဟူသည့် ဂရုဓမ္မငါးပါး သီလကို ရွှေပေလွှာ၌ ရေးသားပေးပို့လိုက်သည်။ ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာပေါများကာ သာယာဝပြောလာ၏။

ထို့ကြောင့် ကုရုတိုင်းသူပြည်သားတို့က အမြဲမပြတ် အခါမလပ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြု ကျင့်သုံးဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များက သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent