ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်မှုအပေါ် ဥရောပသမဂ္ဂ(အီးယူ)က ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်မှုအပေါ် ဥရောပသမဂ္ဂ(အီးယူ)က ရှုတ်ချ
Published 5 September 2022
Ref:Reuters

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးစွဲမှုစွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့သည့်အတွက် စက်တင်ဘာ ၄ ရက်တွင် ဥရောပသမဂ္ဂ(အီးယူ)က ရှုတ်ချခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုချမှတ်တဲ့ တရားနည်းလမ်းမကျတဲ့ အလုပ်ကြမ်းနဲ့ နောက်ထပ် ထောင်ဒဏ်သုံးနှစ်ချမှတ်တာကို ဥရောပသမဂ္ဂက ရှုတ်ချပါတယ်။ အခုဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ မပြီးသေးတဲ့ အမှုအချို့နဲ့အတူ အမှု ၁၁ ခုအတွက် ထောင်ဒဏ်အနှစ် ၂၀ ရင်ဆိုင်နေရပါတယ်” ဟု အီးယူထိပ်တန်းသံတမန်ဂျိုးဆက်ဘောရယ်က Twitter တွင် ရေးသားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံံးကို လွှတ်ပေးဖို့ အီးယူက မြန်မာပြည်က နစကကို တောင်းဆိုပါတယ်” ဟု ဘောရယ်က ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သောနှစ်အစောပိုင်းတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်များချမှတ်ခံထားရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်းအပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှတ်ထားမှုများမှာ နေပြည်တော်လရောင်တောစီမံကိန်းမြေလျှောက်ထားရယူမှုနှင့် အဆောက်အအုံတစ်လုံးဆောက်လုပ်သည့်ကိစ္စများနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုသုံးမှုအတွက် တစ်ပေါင်းတည်းထောင်ဒဏ်သုံးနှစ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် ဖွင့်လှစ်ရန်အတွက် ရန်ကုန်မြို့၌ မြေနှင့်အဆောက်အအုံများ ငှားရမ်းမှုနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ဒေါ်လာများ ရယူခဲ့သည်ဆိုသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်ငါးနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ်လေးနှစ်၊ ဆက်သွယ်ရေးဥပဒေနှင့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုနှစ်မှုအတွက် တစ်ပေါင်းတည်းထောင်ဒဏ်နှစ်နှစ်၊ ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးစွဲမှုစွဲချက်ဖြင့် ထောင်ဒဏ်သုံးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၂  နှစ်ချမှတ်ခံထားရသည်။

သို့ရာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာက ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုထားသည့်အမှုများအနက် ပထမဆုံး ထောင်ဒဏ်များ စတင်ချမှတ်ချိန်တွင် နစကဥက္ကဋ္ဌက ၎င်းအား ထောင်ဒဏ်နှစ်နှစ် လွတ်ငြိမ်းသက်သာခွင့်ပြုထားသဖြင့် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည်။