ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ထုတ်ပြန်ပြီးနောက် ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီစျေးနှုန်းများ ကျဆင်းခဲ့ခြင်းနှင့် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား အလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာရောင်းချပေးမည်ဟု ထုတ်ပြန်ခြင်း

ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ထုတ်ပြန်ပြီးနောက် ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီစျေးနှုန်းများ ကျဆင်းခဲ့ခြင်းနှင့် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား အလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာရောင်းချပေးမည်ဟု ထုတ်ပြန်ခြင်း
အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
Published 4 September 2022

သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက  စက်တင်ဘာ ၂ ရက်မှစ၍ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား အလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာရောင်းချပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာသည်။

ထုတ်ပြန်ကြေညာချက်တွင် သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သားအလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာရောင်းချပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ကြေညာခဲ့ပြီး မည်သည့်စျေးနှုန်း၊ အရေအတွက် မည်မျှရောင်းချပေးမည်ကိုမူ   ကြေညာခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

ယင်းသို့ကြေညာခြင်းကြောင့် ရွှေစျေးကွက်အတွင်း စျေးနှုန်းများ ထပ်မံကျဆင်းနိုင်သည်ဟု သုံးသပ်မှုများရှိနေပြီး စက်တင်ဘာ ၁ ရက်တွင် စျေးနှုန်းများမှာ ကျဆင်းခဲ့သည်။

စက်တင်ဘာ ၁ ရက်တွင် ရွှေစျေးနှုန်းများ ကျဆင်းခဲ့ရခြင်းမှာ ဒေါ်လာစျေး ကျဆင်းမှုကြောင့် ရွှေပါ လိုက်ပါကျဆင်းခဲ့ခြင်း ဖြစ်သည်ဟု စျေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်းကြီးမြင့်လာမှုသက်သာ‌စေရန် နိုင်ငံခြားသုံးငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်

စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်းကြီးမြင့်လာမှု သက်သာ‌စေရန် နိုင်ငံခြားသုံးငွေစျေးကွက်မှတစ်ဆင့်  ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၃၁ ရက်၌ ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်စျေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်မှတစ်ဆင့် ဒေါ်လာသန်း ၂၀၀  ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၁ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးမှာ ၉၂ တစ် လီတာ ၂၆၀၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ်  ၂၆၇၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ်  ၃၃၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၂၄၅ ကျပ်ဖြစ်သည်။

သြဂုတ် ၃၀ ရက်တွင် စက်သုံးဆီ စျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၅၇၀၊ ၉၅ တစ်လီတာ ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၃၃၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်သည်။

စက်တင်ဘာ ၁ ရက်တွင် ရောင်းချနေသည့် စက်သုံးဆီစျေးမှာ ၉၂ တစ်လီတာ ၂၃၇၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၄၄၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၃၂၂၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာ ကျပ် ၃၁၄၀ ဖြစ်သည်။

ငွေကြေးစျေးကွက်သို့ ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ထုတ်ပြန်ပြီးနောက် ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီစျေးနှုန်းများ ကျဆင်း

ငွေကြေးစျေးကွက်သို့ ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ထုတ်ပြန်ပြီးနောက် ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီစျေးနှုန်းများ ကျဆင်းခဲ့ပြီး စျေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်ရပ်တန့်သွားခဲ့ကြောင်း နိုင်ငံခြားငွေကြေးစျေးကွက်မှ သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ စက်သုံးဆီစျေးတင်မက ရွှေစျေးရော၊ ဒေါ်လာစျေးရောတစ်ပြိုင်နက် ပြုတ်ကျတာ။ ရွှေစျေးက မနက်ပိုင်း မှာ ၃၂ သိန်းနဲ့ စျေးဖွင့်တော့ ပြန်ရောင်းကြသေးတယ်။ စျေးကွက်မှာ ၃၂ သိန်းနဲ့စျေးဖွင့်ပေမဲ့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး မီးလင်းရွှေအပိုင်းတွေ အများဆုံးရောင်းချတဲ့ ရွှေဆိုင်ကြီးက တစ်ကျပ်သားကို ၃၂ သိန်းနဲ့ပဲ ပြန်ဝယ်ပေးတယ်။ သူတို့ဆီသွားပြန်ဝယ်တော့ တစ်ကျပ်သားကို သိန်း ၃၀  ဝန်းကျင်နဲ့ ပြန်ရောင်းတယ်။ ဒါတောင် လိုသလောက် အပိုင်းဝယ်မရဘူး။ စျေးဘယ်လောက် တက်တက်ကျကျ သူတို့ဆီမှာတော့ ဝယ်မယ့်သူတွေပဲ များနေတာ”ဟု ရွှေရောင်းဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက  စက်တင်ဘာ ၁ ရက်က ပြောကြားသည်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင်မူ ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်းများ ဆက်လက်ကျဆင်းပြီး တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သြဂုတ် ၃၁ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄၃၀၀ အထိ မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်း စက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၀ ဝန်းကျင်၊ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၃၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် အမိန့်အရ ဒေါ်လာသန်း ၂၀၀ ကို ထုတ်ရောင်းပေးခြင်းမဟုတ်ကြောင်း၊  ပုဂ္ဂလိကဘဏ်များနှင့် ဗဟိုဘဏ်က ကြားခံပေးထားခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

“ဒေါ်လာ သန်း ၂၀၀ က အစိုး ရက စျေးကွက်ထဲကို ချထားပေးတာပါ။ ထုတ်ရောင်းတာ မဟုတ်ဘူး။ အဓိကကတော့ အပြင်မှာ ဒေါ်လာ ထွက်မဝယ်အောင် ဗဟိုဘဏ်က ကြားထဲက ခံပေးထားတာပေါ့။ ဒီအချိန် ကျွန်တော်တို့ ဆီသမားထွက်ဝယ်ရင် ဒေါ်လာက တက်တယ်လေ။ မတက်အောင်လို့ပေါ့။ အခု သန်း ၂၀၀ က အများဆုံးနှစ်လအတွက် လောက်တော့ အဆင်ပြေမှာပေါ့။ အခုလုပ်ထားတာကတော့ လောလောဆယ်ချေးတဲ့ပုံစံလို့ပဲ ပြောမလားပေါ့။ ပုဂ္ဂလိကဘဏ်တွေမှာလည်း ဒေါ်လာတွေရှိတယ်။ သူတို့ဆီကို ဝင်ထားတဲ့ ဒေါ်လာတွေလည်း ရှိတယ်လေ”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြည်ပရောက် နိုင်ငံသားများ၏ လွှဲပြောင်းပေးပို့သည့် ငွေများကို လွတ်လပ်စွာ လွှဲပြောင်းရောင်းချနိုင်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ခြင်း

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့်လစာဝင်ငွေများကို အခြားသူသို့ရောင်းချခြင်း၊ ဘဏ်သို့ လွှဲပြောင်းခြင်းတို့ လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ် က၂၀၂၂ ခုနှစ် သြဂုတ် ၃၀ ရက်စွဲ ဖြင့် အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၂ ကို ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer) လိုင်စင်ရဘဏ်များ မှတစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေ ဖြင့်ရရှိသော လုပ်ခသို့မဟုတ် လစာဝင်ငွေများကိုမိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူသို့လွှဲပြောင်းခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ခ သို့မဟုတ် လစာဝင်ငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူ၊ ကုမ္ပဏီ၊ အဖွဲ့အစည်း များအနေဖြင့် ထပ်ဆင့်ရောင်းချ ခြင်းမပြုရ။ မိမိကိုယ်တိုင်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်သို့ ရောင်းချခြင်းကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း သိရသည်။

အထက်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရာတွင် AD လိုင်စင်ရဘဏ်သို့ နိုင်ငံခြားငွေဝင် ရောက်သည့်နေ့မှစ၍အပြီးသတ် ရောင်းချသည်အထိ အချိန်ကာလ စုစုပေါင်းသည ်၂၁ ရက်ထက် ကျော်လွန်ခြင်းမရှိစေဘဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ယင်းအမိန့်ကြော်ငြာစာသည်၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်ပစ္စည်းသင်္ဘောတင်ခ၊ ကုန်ပစ္စည်းစစ်ဆေးခနှင့် ကော်မရှင်ခများကို ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းမှသာ  သုံးစွဲရန်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြတောင်းခံခြင်း မပြုရန် ထုတ်ပြန်

ကုန်ပစ္စည်းသင်္ဘောတင်ခ၊ ပေးပို့သည့် လစာဝင်ငွေများကို ကုန်ပစ္စည်းစစ်ဆေးခနှင့် ကော်မရှင်ခများကို ပို့ကုန်ရ ငွေ ၃၅ ရာခိုင်နှုန်းမှသာ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးစွဲရန်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြတောင်းခံခြင်းမပြုရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင်  ကုန်ကျလျက်ရှိသည့် ကုန်ပစ္စည်းသင်္ဘောခ၊  ကုန်ပစ္စည်း စစ်ဆေးခနှင့် ကော်မရှင်ခများအား ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းမှသာ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးစွဲစေရန်နှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) အစည်းအဝေး သို့တင်ပြတောင်းခံခြင်းမပြုရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေး အမှတ်စဉ် (၄၃/ ၂၀၂၂) က ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေး၏လမ်းညွှန်ချက်ကို တိကျစွာလိုက်နာဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာအသင်းများသို့ အသိပေးညှိနှိုင်း ဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သော ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာအမှတ်(၃၆/ ၂၀၂၂)အရ ပို့ကုန်တင်ပို့သူများသည်  ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ အမိန့်ကြော်ငြာစာအ မှတ် (၁၂/ ၂၀၂၂) ပါ  သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ် မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဒေါ်လာမှကျပ်ငွေသို့ လဲလှယ်မှုမှ ကင်းလွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရောင်းချခွင့်ပြုကြောင်း  သြဂုတ် ၁၅ ရက်နှင့် ၁၆ ရက် နေ့စွဲများဖြင့်  ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ညွှန်းချက် (၁) ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသောဝင်ငွေ  များနှင့်စပ်လျဉ်း၍ အဆိုပါကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အနေဖြင့် မိမိကိုယ်တိုင်အတွက်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent