အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ကျင်းပမှာလား

အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ကျင်းပမှာလား
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
Published 4 September 2022

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကို ပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလကို ခြောက်လသက်တမ်း တိုးမြှင့်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) အရ  အရေးပေါ်အခြေအနေကြေညာထားတဲ့ ကာလကို ခြောက်လသက်တမ်း တိုးမြှင့်ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တုန်းကလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို ခြောက်လသက်တမ်းတိုး မြှင့်ခဲ့ပါသေးတယ်။

အရေးပေါ်ကာလလုပ်ငန်းစဉ်တွေကို တစ်နှစ်အတွင်း ဆောင်ရွက်ပြီးစီးခြင်းမရှိပါက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ တင်ပြပြီး ခြောက်လနှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) မှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကို ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးတာကြောင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးဖို့ အကြောင်းအကျိုး ဖော်ပြပြီး တင်ပြလာရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်ကို ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) အရ လက်ရှိမှာတော့ ခြောက်လသက်တမ်း နှစ်ကြိမ် တိုးပြီးသွားပါပြီ။ နောက်ဆုံး ခြောက်လသက်တမ်းတိုးထားတဲ့ ကာလဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြည့်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အနေနဲ့ အရေးပေါ် အခြေအနေကြေညာထားတဲ့ကာလ သက်တမ်းပြည့်သွားပါက ဘာဆက်လုပ်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေပါတယ်။ အဓိက,ကတော့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလပြီးသွားရင် အထွေထွေရွေးကောက်ပွဲ ကျင်းပမှာလား ဆိုတာကို အားလုံးက သိချင်နေကြတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကို ပေးအပ်ထားတဲ့ တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြလာတဲ့ အစီရင်ခံစာကို လက်ခံရရှိတဲ့အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့်ပယ်ဖျက်ကြောင်း ကြေညာရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ပြီး ပုဒ်မ ၄၂၉ မှာတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့် ပယ်ဖျက်ကြောင်း ကြေညာတဲ့နေ့က စပြီး ခြောက်လအတွင်း ဖွဲ့စည်းအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၆ နဲ့ ၄၂၉ အရ အရေးပေါ်အခြေအနေကြေညာထားတဲ့ကာလ ပြည့်သွားတဲ့အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကို ပေးအပ်ထားတဲ့တာဝန် ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြမှသာ နိုင်ငံတော်အာဏာလွှဲအပ် ဆောင်ရွက်စေခဲ့တဲ့အမိန့်ကို ပယ်ဖျက်ပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

နစက ဥက္ကဋ္ဌကလည်း ၂၀၂၃ ခုနှစ် သြဂုတ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ပြောကြားထားပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလကို နောက်ဆုံး  ခြောက်လ သက်တမ်းတိုးထားတာကလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြည့်မှာဖြစ်တဲ့အတွက် ကြားမှာ ရှစ်လကွာဟနေပါတယ်။ ဒါကြောင့်လည်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလ ပြီးမြောက်တဲ့အခါ ရွေးကောက်ပွဲ ကျင်းပမှာလား မကျင်းပဘူးလားဆိုတာ လူတွေကြားမှာ ဒွိဟဖြစ်လို့ နေပါတယ်။

အရေးပေါ်အခြေအနေ ကြေညာခြင်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုပမာဏ ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက တပ်မတော်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီဖြစ်စဉ်တွေကို ယခင်အစိုးရနဲ့ ယခင်ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းဆောင်ရွက်ပေးဖို့ တပ်မတော်က တောင်းဆိုခဲ့ပေမဲ့ ဖြေရှင်းခဲ့ခြင်း မရှိတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းရယူခဲ့ပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ် ဆောင်ရွက်ခဲ့သလို ဒီလုပ်ငန်းစဉ် ငါးရပ်ထဲမှာ လုပ်ငန်းစဉ်(၁)နဲ့ လုပ်ငန်းစဉ်(၅)က ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေပါတယ်။ လုပ်ငန်းစဉ်(၁)မှာ မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။ လုပ်ငန်းစဉ် (၅) မှာလည်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း နစကဥက္ကဋ္ဌဟာ လုပ်ငန်းစဉ် (၁) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်းနဲ့ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းတွေကို လုပ်ဆောင်စေခဲ့ပါတယ်။

မဲစာရင်းစစ်ဆေးခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေက သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့အတူ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းတွေ စစ်ဆေးခြင်းနဲ့ မဲလက်မှတ်တွေ မြေပြင်စစ်ဆေးခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ရပ်လုံးနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးတွေအပါအဝင် သက်ဆိုင်သူ အားလုံးကို တွေ့ဆုံမေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုစိစစ်ခဲ့ရာမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေအနက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ်မရှိသူတွေ၊ မဲစာရင်းမှာ နှစ်ကြိမ်၊ သုံးကြိမ် အထက် ပါဝင်ပြီး မဲစာရင်းထပ်နေသူတွေ၊ အသက် ၁၀၀ နှစ်အထက်နဲ့ အသက် ၁၈ နှစ်မပြည့်ဘဲပါသူ စတဲ့ မဲမသမာမှုပြုနိုင်တဲ့ မဲဆန္ဒရှင်ပေါင်း ၁၁ ဒသမ ၃ သန်းကျော်၊ မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်တွေကို စစ်ဆေးရာမှာလည်း လျော့နည်းပျောက်ဆုံးမဲ လက်မှတ် ၁ ဒသမ ၄ သန်းကျော်နဲ့ အပိုမဲလက်မှတ် ၄ ဒသမ ၃ သိန်း ကျော် တွေ့ရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက် ပွဲအလွန်ကာလ ဖြစ်စဉ်တစ်ရပ်လုံးအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေအရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကလည်း အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး  ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့တာ တွေ့ရတဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ဥပဒေနဲ့အညီ ပယ်ဖျက်ကြောင်း ကော်မရှင်အသစ်က ကြေညာထားပါတယ်။ 

နိုင်ငံရေးပါတီ စစ်ဆေးခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့အညီ စစ်ဆေးရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တွေနဲ့ သက်ဆိုင်ရာနိုင်ငံရေးပါတီဌာနချုပ် အခြေစိုက်တဲ့ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးတွေမှာ စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒီလိုစစ်ဆေးရာမှာ နိုင်ငံရေးပါတီတွေရဲ့ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်းနဲ့ ပါတီရုံးခန်းတွေ ဖွင့်လှစ်ထားရှိမှုတို့ကို စစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေး၊ ပြည်တွင်း အလှူရှင်တွေက လှူဒါန်းတဲ့ ငွေကြေး၊ ပစ္စည်းစာရင်းနဲ့ ပါတီပိုင် စီးပွားရေးလုပ်ငန်းတွေ စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနဲ့အညီ သတ်မှတ်ထားတဲ့အသုံးစရိတ်သုံးစွဲခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီပိုင်ရန်ပုံငွေ၊ ပါတီပိုင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယား၊ မှတ်တမ်းတွေကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအသုံးစရိတ်တွေကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိမရှိ စစ်ဆေးခြင်း၊ ပါတီရဲ့နှစ်စဉ် ငွေစာရင်းရှင်းတမ်းတွေကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ ဒီစာရင်းတွေကို ပါတီတွင်းစာရင်းစစ်ကော်မတီ ထားရှိစစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း အပါအဝင် လိုအပ်တဲ့ စာရင်းဇယားတွေကို စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီလိုစစ်ဆေးရာမှာ ၂၀၂၁ ခုနှစ် သြဂုတ်ကနေ ဒီဇင်ဘာအထိ စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၅၁ ပါတီ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လ တတိယပတ်အထိ စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၃၅ ပါတီရှိကြောင်း ကော်မရှင်က ဆိုပါတယ်။ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေးဖို့ကျန်ရှိတဲ့ နိုင်ငံရေးပါတီ ခုနစ်ပါတီကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မဲဆန္ဒရှင်စာရင်းပြုစုခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဆောင်ရွက်ခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ပြည်ထောင်စုနယ် မြေအတွင်းက မြို့နယ်တွေမှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ တွေ့ရှိရတဲ့ တွေ့ရှိချက်တွေအပေါ် သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းဒေသကြီး/ပြည်နယ်အားလုံးမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွေ၊ သက်ဆိုင်ရာဌာနတွေက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေအနေနဲ့ အနီးကပ်လိုက်လံစစ်ဆေး ကြပ်မတ်ဆောင်ရွက် လျက်ရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒီလို မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဝန်ထမ်းတွေ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်က ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ရပ်/ကျေး စာရေးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ မြို့နယ်လဝကမှ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆေးဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၃၂၅ မြို့ နယ်အနက် နယ်မြေလုံခြုံရေးအခြေအနေအရ တိုက်ဆိုင်စစ်ဆေးမှုတွေ မြို့နယ်တစ်ခုလုံးနဲ့ တစ်ခုလုံးနီးပါး ဆောင်ရွက်နိုင်ခြင်းမပြုနိုင်တဲ့ မြို့နယ်တွေကတော့ ကချင်ပြည်နယ် တစ်မြို့နယ်၊ ကယားပြည်နယ် နှစ်မြို့ နယ်၊ ကရင်ပြည်နယ် တစ်မြို့နယ်၊ ချင်းပြည်နယ် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်း ခုနစ်မြို့နယ်၊ မကွေးတိုင်း ခြောက်မြို့နယ်နဲ့ ရှမ်းပြည်နယ် သုံးမြို့နယ်တို့ဖြစ်ပြီး တိုက်ဆိုင်စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွား မယ်လို့ UEC က ဆိုပါတယ်။

PR စနစ် ကျင့်သုံးမယ်

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့  နိုင်ငံရေးပါတီတွေ လေးကြိမ်တိတိ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းအပါအဝင် မဲဆန္ဒနယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အစုအဖွဲ့အလိုက် ဆောင်ရွက်ခဲ့ပြီးပြီလို့ သိရပါတယ်။

ဒီလို UEC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းရာမှာ နိုင်သူအကုန်ယူစနစ် (FPTP) အစား အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ နဲ့ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုအပါအဝင် ရွေးကောက်ပွဲအတွေ့အကြုံအရ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Close List PR) ကို ကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေက  သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

PR စနစ်ကို ကျင့်သုံးပါက တိုင်းရင်းသားပါတီတွေ၊ လူနည်းစု ကိုယ်စားပြု ပါတီငယ်တွေအနေနဲ့ မိမိနယ်မြေဒေသအလိုက် ရရှိတဲ့ ဆန္ဒမဲအရေအတွက်အပေါ် မူတည်ပြီး လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်နေရာ အချိုးကျရရှိမှာဖြစ်တဲ့အတွက် မိမိတို့လူမျိုးစုတွေနဲ့ ဒေသအကျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မေ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲမှာ UEC အဖွဲ့ဝင် ဦး ခင်မောင်ဦးက ရှင်းပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေး ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

“ပေးတဲ့မဲအတိုင်း အဟောသိကံမဖြစ်ဘဲနဲ့ ရရှိတဲ့ဆန္ဒမဲအတိုင်း အချိုးကျရတာ ဖြစ်ပါတယ်။ ဒါ ကြောင့် တိုင်းရင်းသားတွေရော၊ လူ နည်းစုပါတီတွေရော အားလုံးအ တွက် အခွင့်အရေး ညီမျှပြီးတော့ အလဟဿမဖြစ်တဲ့ ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့အတွက် ပါတီ အားလုံးကလည်း သဘောတူတဲ့အတွက် သွားမှာဖြစ်ပါတယ်”လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ခရိုင် ၄၆ ခရိုင်တိုးလိုက်တဲ့အတွက် မူလကရှိပြီးသား ၇၅ ခရိုင်အပါအဝင် ခရိုင်စုစုပေါင်း ၁၂၁ ခရိုင်အထိ ရှိလာပါတယ်။ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးတဲ့အခါ စနစ်တကျခရိုင်ဖွဲ့စည်းမှုဟာ မဲဆန္ဒနယ်သတ်မှတ်မှုတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

“မဲဆန္ဒနယ်တွေ သတ်မှတ်တဲ့အခါမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုရင်တော့ မဲဆန္ဒနယ်တွေ သတ်မှတ်ပေးရပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကတော့ တစ်မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပြီးတော့ နှစ်ယောက်ကို PR စနစ်နဲ့ ရွေးလို့ ရပါတယ်။ ဒါကတော့ ရှင်းတယ်။ ကျန်တဲ့ဟာတွေကျတော့ ဘယ်လိုဖြစ်မလဲဆိုရင် သူ့ရဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခွဲဝေတဲ့အခါမှာ ဒီတိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ ပထဝီဝင်အနေအထား၊ နောက်နေထိုင်တဲ့ လူမျိုးစုတွေ ပြီးတဲ့အခါ အုပ်ချုပ်မှုအရ ဆက်သွယ်သွားလာမှု၊ လမ်းပန်း ဆက်သွယ်မှုအနေအထား၊ လူဦးရေ ထူထပ်မှု ဒါတွေအပေါ် မူတည်ပြီး ကာကျမှ အားလုံးအတွက် ညီညွတ် မျှတအောင် အကျယ်အဝန်းသတ် မှတ်ပြီးကာကျမှ အဲဒီအကျယ်အဝန်း မှာ သတ်မှတ်တဲ့ မဲဆန္ဒနယ်မှာ ရွေး ကောက်တင်မြှောက်မယ့် ကိုယ်စား လှယ်ဦးရေကို သတ်မှတ်ပါမယ်။ သတ် မှတ်ပြီးကာကျမှ  PR စနစ်ကို အသုံးပြုပြီးကာကျမှ လွှတ်တော်သုံးရပ်စလုံးအတွက် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဦးခင်မောင်ဦးရဲ့ ပြောကြားချက်အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ သေချာသလောက် ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR)  ကို ကျင့်သုံးမယ်ဆိုပေမဲ့ ခြွင်းချက်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော် ခြောက်နေရာနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် နေရာတွေကိုတော့ နိုင်သူအကုန်ယူစနစ် (FPTP)ကို ကျင့်သုံးသွားဖို့ ရှိနေပါတယ်။

“နောက်တစ်ခုကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ ဒေသတို့ အမျိုးသားလွှတ်တော်မှာ ခြောက်ခုရှိပါတယ်။ အဲဒီခြောက်ခုက ကိုယ်စားလှယ်တွေကတော့ တစ်ယောက်စီ ရွေးရတာဖြစ်တဲ့အတွက် FPTP စနစ်ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အလားတူ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ သတ်မှတ်ထားတဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ ရတာတွေ ရှိပါတယ်။ အဲဒီတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တွေက တော့ တစ်ယောက်စီပဲ ရွေးရမှာမို့ FPTP စနစ်ကို ကျင့်သုံးပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ ဦး ခင်မောင်ဦးက ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော် မရှင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပေမဲ့ ဥပဒေအကြောင်းအရ ဆက်လက်လုပ်ဆောင်ရမယ့် အခြေအနေတွေ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ဖို့အတွက် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ဖို့ တင်ပြထားဆဲဖြစ်တယ်လို့ ဦးခင်မောင်ဦးက ဝန်ခံပြောကြားထားပါတယ်။

ရွေးကောက်ပွဲကျင်းပမှာလား

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းမှု ခြောက်လပြည့်မှာ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် အချိန်နဲ့စပ်လျဉ်းပြီး အရိပ်အမြွက်ပြောကြားမှုကို ၂၀၂၁ ခုနှစ် ကုန်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြုခဲ့ပါတယ်။

“နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ ၂၀၂၃ ခုနှစ် သြ ဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” ဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရာရှိ၊ အရာခံတွေနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ဒါကြောင့် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တစ်နှစ်နီးပါး သာလိုတော့ပြီး UEC ကလည်း လက်ရှိကာလကို ရွေးကောက်ပွဲ အကြိုကာလလို့ သတ်မှတ်ထားပါတယ်။

“ယခုကာလသည် ရွေးကောက်ပွဲအကြိုကာလဖြစ်တယ်လို့ ပြောလိုပါတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဇွန် ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံ မှန်ကန်ရေးဆောင်ရွက်ခြင်း၊ ပြောင်းလဲကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ် နဲ့အညီ ဥပဒေ၊ နည်းဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေးမှုတွေ ဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ် ဖြည့်တင်းလေ့ကျင့်ခြင်းနဲ့ ရုံးဌာနတွေ တည်ဆောက်ခြင်း စတာတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ လာမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကတော့ ရှေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ မတူပါဘူး။ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွှတ်တော်သက်တမ်းအလိုက် ပုံမှန် Circulation အရ ဆောင်ရွက်ရတဲ့ ရွေးကောက်ပွဲတွေ လည်း ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလ လုပ်ငန်းစဉ်တွေအတိုင်း Timeline တွေ၊ Schedule တွေနဲ့ ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲကတော့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီး ကျင်းပရမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ရွေးကောက်ပွဲကို ခြောက်လအတွင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဆောင်ရွက်ရမယ့် အနေအထားရောက်ရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သတ်မှတ်ချက်နဲ့အညီ ရွေးကောက်ပွဲကို ကျင်းပပေးသွားမှာဖြစ်ပါတယ်”လို့  သြဂုတ် ၁၇ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုလေ့ရှိပါတယ်။

“ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန် လိုအပ်ပါတယ်”လို့  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မှ အရာရှိ၊ အရာခံတွေနဲ့ ဇွန်  ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ချိတ်ဆက်ထားပေမဲ့ တည်ငြိမ်အေးချမ်းမှုမရှိပါက ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ရှိ မရှိ ယတိပြတ် ပြောကြားတာတော့ မရှိပါဘူး။

“ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်းနယ်မြေမှာရှိတဲ့ ပြည်သူများရဲ့ အခွင့်အရေးများ ဆုံးရှုံးမှု ရှိနိုင်ပါတယ်”လို့သာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၉ ရက်က ပြောကြားထားပါတယ်။

ဒီစကားက နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိရင်တောင် ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ကျင်းပမယ်ဆိုတဲ့ တစ်ထစ်ချ ပြောကြားမှုမျိုးလည်း မဟုတ်ပါဘူး။

နစကဥက္ကဋ္ဌနည်းတူ ရွေးကောက်ပွဲကို ကြီးကြပ်ရမယ့် ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကလည်း ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း ပြည်ပအဖွဲ့အစည်းတစ်ခုမှ ဂုဏ်ထူးဆောင် ပါမောက္ခနဲ့ ဇွန် ၁၀ ရက်က တွေ့ဆုံရာမှာ ဆိုလာပြန်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၃ သြဂုတ်မှာ အထွေထွေရွေးကောက်ပွဲ သေချာပေါက် ကျင်းပနိုင်ဖို့ ရှိ မရှိ ဇူလိုင် ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကို မေးမြန်းခဲ့ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)နဲ့အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ကော်မရှင်က တာဝန်ယူဆောင်ရွက်ရမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ရည်မှန်းပြီးဆောင်ရွက်လျက်ရှိတယ်လို့ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Most Read

Most Recent