ကိုယ့်အားကိုယ်ကိုးခြင်း သို့မဟုတ် မိမိဘာသာ သင်ယူခြင်း

ကိုယ့်အားကိုယ်ကိုးခြင်း သို့မဟုတ် မိမိဘာသာ သင်ယူခြင်း
Published 1 September 2022

တစ်စုံတစ်ရာ ပညာကို သင်ဆရာများထံမှ တိုက်ရိုက်သင်ယူရန် ခက်ခဲလာသည့်အခါ ကိုယ့်အားကိုယ်ကိုးလျက် မိမိဘာသာ သင်ယူခြင်း ပြုလုပ်ရမည်သာဖြစ်သည်။ ယနေ့ခေတ် တွင် များပြားလှစွာသော အချက်အလက်များကို အလွယ်တကူရရှိနိုင်မှုနှင့်အတူ ကျောင်း သားများအတွက် မိမိဘာသာ သင်ယူခြင်းပြုလုပ်ရန် ပို၍လွယ်ကူလာသည်။ ကျောင်းသား များအနေဖြင့် စာသင်ခန်းထဲ၌ လေ့လာသင်ယူရမှုနှင့်အတူ မိမိဘာသာ သင်ယူခြင်းသည် လည်း ပို၍ပို၍ ခေတ်စား၍လာသည်။ ကျောင်းသားများအနေဖြင့် များစွာသော ရင်းမြစ်များ ကို အသုံးပြုနိုင်စွမ်းရှိလာသောကြောင့် စာသင်ခန်းအတွင်း၌သာမဟုတ်ဘဲ မည်သည့် အချိန်၊ မည်သည့်နေရာ၌မဆို လေ့လာသင်ယူမှုကို ပြုလုပ်လာနိုင်သည်။

မိမိဘာသာ သင်ယူခြင်းဟူသည် စာသင်ခန်းပြင်ပ၌ တိုက်ရိုက်ကြီးကြပ်မှုမရှိဘဲ ကျောင်းသားများအနေဖြင့် မိမိ၏လေ့လာမှုကို မိမိဘာသာ ညွှန်ကြားသည့် လေ့လာသင် ယူခြင်း နည်းလမ်းဖြစ်သည်။ ကျောင်းသားများအနေဖြင့် မိမိတို့ လေ့လာမည့်အရာနှင့် လေ့လာပုံကို မိမိတို့ဘာသာ ထိန်းချုပ်နိုင်သောကြောင့် မိမိဘာသာ သင်ယူခြင်းသည် ကျောင်းသားများစွာတို့အတွက် အလွန်တန်ဖိုးရှိသော နည်းလမ်းဖြစ်သည်။ လေ့လာ သင်ယူခြင်း အတွေ့အကြုံရရှိရေး အထောက်အကူပြုရန်အတွက် အစဉ်အလာအတိုင်း စာသင်ခန်းအတွင်း သင်ယူမှုအပြင် မိမိဘာသာ သင်ယူခြင်းနည်းလမ်းကိုပါ ကျင့်သုံးနိုင် သည်။ ယင်းကဲ့သို့ သင်ယူမှုနှစ်ရပ်စလုံးကို ကျင့်သုံးခြင်းက အချက်အလက်များကို ပို၍ ကောင်းစွာ လေ့လာနိုင်ခြင်းနှင့် ထိန်းသိမ်းထားနိုင်ခြင်းကို ဖြစ်စေနိုင်သည်။

ကျောင်းသားတစ်ဦးအနေဖြင့် သင်ရိုးတစ်ခုအတိုင်း လေ့လာနေသည်ဖြစ်စေ၊ မိမိ စိတ်ကျေနပ်မှုအတွက် အကြောင်းအရာတစ်ခုကို လေ့လာသည်ဖြစ်စေ၊ မိမိတို့၏ လေ့လာ သင်ယူမှုအတွေ့အကြုံကို တိုးမြှင့်ရန် အသုံးပြုနိုင်သောကြောင့် မိမိဘာသာ သင်ယူခြင်း သည် ကျောင်းသားများအတွက် အလွန်ကောင်းမွန်သော နည်းလမ်းဖြစ်သည်။ မိမိဘာသာ သင်ယူခြင်းကို အသုံးပြုလျက် ကျောင်းသားများအနေဖြင့် စာသင်ခန်းအတွင်း ပြဋ္ဌာန်း စာအုပ်များ၌သာ လေ့လာသင်ယူမှုနှင့် ဆရာများ၏ ညွှန်ကြားမှုသက်သက်ကို ကျော်လွန် အောင် သွားနိုင်သည်။ မိမိဘာသာ သင်ယူခြင်းကို ကျင့်သုံးခြင်းအားဖြင့် မိမိ စိတ်ဝင်စားရာ အကြောင်းအရာများကို ထပ်မံစူးစမ်းနိုင်ရန် အားပေးပြီး အကျိုးရလဒ်အနေဖြင့် ပိုမိုအား ကောင်းသော လေ့လာခြင်းကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာနိုင်သည်။ မိမိဘာသာ သင်ယူခြင်း နည်းလမ်း၏ အကျိုးကျေးဇူးများကို အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

ပိုမိုထိရောက်စွာ လေ့လာသင်ယူနိုင်ခြင်း - မိမိကိုယ်တိုင်၏ တိုက်တွန်းမှုဖြင့် အကြောင်းအရာ တစ်ခုကို လေ့လာခြင်းဖြစ်သောကြောင့် အချက်အလက်များနှင့်ပတ်သက်၍ ပိုမိုတက်ကြွစွာ အာရုံစိုက်နိုင်သည်။ မိမိဘာသာ သင်ယူသူများသည် အကြောင်းအရာများနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းစွာ တွေးနိုင်ကြပြီး မိမိတို့ သင်ယူသည့်အရာနှင့် မိမိတို့၏အတွေးအကြား ဆက်နွှယ်ချက်များကို ရှာဖွေဖော်ထုတ်နိုင်သည်။ မိမိတို့ လေ့လာနေသည်များနှင့်ပတ်သက် ၍ ပိုမိုထက်သန်သောကြောင့် ပို၍ကောင်းမွန်စွာလည်း မှတ်မိနိုင်သည်။ အကြောင်းအရာ အသစ်များကို လေ့လာစူးစမ်းရန် အသုံးပြုနိုင်သည့် ကျွမ်းကျင်မှုမျိုး တည်ဆောက်ရာ၌ အထောက်အကူပြုစေပြီး စိန်ခေါ်မှုရှိသည့် ကျောင်းစာများကိုလည်း ကောင်းစွာ ကိုင်တွယ် လာနိုင်စေသည်။

မိမိတို့ လေ့လာနေသော အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုရှာဖွေတွေ့ရှိနိုင်ခြင်း - မိမိဘာသာ သင်ယူခြင်းသည် မိမိစိတ်ဝင်စားရာ အကြောင်းအရာတစ်ရပ်နှင့်ပတ်သက်၍ အချက်အ လက်အသစ်များကို မိမိဘာသာရှာဖွေခြင်းဖြစ်သည်။ အချက်အလက်များကို မိမိဘာသာ ရှာဖွေခြင်းက အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ (စာသင်ခန်းအတွင်း၌ သင်ယူရ သည်ထက်ပို၍) ပိုမိုလေ့လာနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ရရှိစေသည်။

မိမိကိုယ်မိမိ ယုံကြည်မှုအား တိုးတက်စေခြင်း - ကျောင်းသားများအနေဖြင့် မိမိဘာသာ သင်ယူမှု ပိုမိုပြုလုပ်လာသည့်အခါ မိမိကိုယ်မိမိ ယုံကြည်မှု ပို၍ရှိလာသည်။ မည်သူ့အကူ အညီမျှမပါဘဲ အကြောင်းအရာသစ်များကို လေ့လာနိုင်စွမ်းရှိသည့် လွတ်လပ်သော သူတစ်ဦးအဖြစ် မိမိကိုယ်မိမိ ယုံကြည်လာနိုင်စေသည်။

ကိုယ့်အားကိုယ်ကိုးမှုဖြင့် လေ့လာလာနိုင်ခြင်း - မိမိစိတ်အဝင်စားဆုံးနယ်ပယ်များ (သို့မဟုတ် ပို၍ကောင်းစွာ နားလည်လိုသည့်နယ်ပယ်များ) အပေါ် အာရုံစိုက်လျက် ကိုယ့်အားကိုယ် ကိုးမှုဖြင့် လေ့လာမှုကိုဖြစ်စေသည်။ စာသင်ခန်းအတွင်း ကျောင်းသားများ ရင်ဆိုင်ရလေ့ ရှိသည့် စိတ်ရှုပ်ထွေးခြင်း၊ စိတ်ပူပန်ခြင်းနှင့် ပျင်းရိငြီးငွေ့ခြင်း အစရှိသော ခံစားမှုများကို လည်း လျှော့ချပေးနိုင်သည်။

သိချင်စိတ်ကို အားပေးခြင်း - ကျောင်းသားများအား လေ့လာသင်ယူလိုစိတ်ဖြစ်အောင် စေ့ဆော်မှု၌ သိချင်စိတ်သည် အကြီးမားဆုံးစေ့ဆော်မှုဖြစ်သည်။ ကျောင်းသားများအနေဖြင့် မိမိတို့လေ့လာသင်ယူနေသည့်အရာအား စိတ်ပါဝင်စားမှုမရှိပါက အချက်အလက်များကို မှတ်သားနားလည်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။ ၎င်းင်းတို့အနေဖြင့် အချက်အလက်များကို နားလည်အောင် ပြုလုပ်သည်ထက် အသေမှတ်ထားရန် ပို၍အားသန်သွားမည်ဖြစ်သည်။ မိမိဘာသာ သင်ယူခြင်းကမူ ကျောင်းသားများအား မိမိတို့ စိတ်ပါဝင်စားရာကို ရွေးချယ် ခွင့်ရစေပြီး မိမိလေ့လာသည့်အရာနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှုအပြည့်ရှိသောကြောင့် ပို၍ထိရောက်သော သင်ယူမှုအတွေ့အကြုံကို ရရှိစေနိုင်သည်။

ထို့ကြောင့် အချက်အလက်များ အလွယ်တကူရနိုင်ပြီး ရင်းမြစ်များစွာကို အသုံးပြုခွင့် ရှိနေသော ယနေ့ခေတ်တွင် ကျောင်းသားများအနေဖြင့် မိမိဘာသာ သင်ယူခြင်းအလေ့ အထအား ဖွံ့ဖြိုးအောင်ပြုလုပ်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent