မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ

မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ
Published 30 August 2022
ဇင်မျိုး

ပါကစ္စတန်နိုင်ငံအနှံ့ လူသန်းပေါင်းများစွာသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး မုတ်သုံရေကြီးမှုများကို ရင်ဆိုင်နေရသည်။ အိမ်အများအပြား ရေထဲမျောပါသွားသည်။ အရေးပါသော စိုက်ပျိုးမြေများ ပျက်စီးကုန်သည်။ နိုင်ငံ၏အဓိကမြစ်တစ်စင်းမှာ မြစ်ကမ်းပါးများကို ရေကျော်တော့မည့်အနေအထားဖြစ်နေသည်။

နိုင်ငံ၏ သုံးပုံတစ်ပုံမှာ ရေကြီးလျက်ရှိရာ ကြီးကြီးမားမားအကျပ်အတည်းတစ်ရပ်ကို ဖန်တီးနေသည်ဟု ရာသီဥတုပြောင်းလဲမှုဝန်ကြီး ရှယ်ရီရာမန်က ပြောကြားသည်။

မိုးရာသီစတင်သည့် ဇွန်လအလယ်ကတည်းက လူ ၁၁၃၆ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ထားသော်လည်း ရေလျှံနေသော မြစ်များက ကားလမ်းများနှင့် တံတားများကို တိုက်စားသွားခဲ့ပြီးနောက် တောင်ထူထပ်သည့် မြောက်ပိုင်းကရွာအများအပြားနှင့် အဆက်အသွယ်များပြတ်တောက်နေရာ သေဆုံးသူ တိုးလာနိုင်စရာရှိနေသည်။

သမုဒ္ဒရာတစ်စင်းလိုဖြစ်နေ

ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် နှစ်စဉ်မုတ်သုံရာသီသည် ကောက်ပဲသီးနှံများအတွက် ရေရရှိစေခြင်း၊ ကန်များနှင့် ဆည်များကို ရေပြန်လည်ပြည့်စေခြင်းတို့အတွက် အဓိကကျနေသည်ဆိုသော်လည်း မုတ်သုံသည် ပျက်စီးမှုများကိုလည်း ဖြစ်ပေါ်စေတတ်သည်။

ယခုနှစ်၏ရေကြီးမှုက ပြည်သူ ၃၃ သန်းကျော်ကို ထိခိုက်စေခဲ့ရာ ပါကစ္စတန်ပြည်သူ ခုနစ်ဦးတွင် တစ်ဦးထိခိုက်ခြင်းဖြစ်သည်ဟု အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ ပါကစ္စတန်သည် လူဦးရေ ၂၂၉ သန်းရှိသည်။

“အားလုံးဟာ သမုဒ္ဒရာအကြီးကြီးတစ်စင်းဖြစ်နေတာပါ။ ရေတွေကို ဖောက်ထုတ််ထုတ်ဖို့ ခြောက်သွေ့မြေ မရှိပါဘူး” ဟု ရာမန်က အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး စီးပွားရေးဆိုင်ရာစရိတ်စကကို ကြီးမားစေလိမ့်မည်ဟု ဆိုသည်။ ယခုနှစ်၏ ရေကြီးမှုများသည် လူ ၂၀၀၀ ကျော်သေဆုံးခဲ့သည့် ၂၀၁၀ တုန်းက စံချိန်တင်ရေကြီးမှုများနှင့် နှိုင်းယှဉ်နိုင်သည်။

ကယ်ဆယ်ရေးစခန်းများ မှိုလိုပေါက်

ရေဘေးဒုက္ခသည်များသည် ကြံရာမရဖြစ်သော ပါကစ္စတန်နိုင်ငံအနှံ့တွင် မှိုလိုပေါက်နေသော ယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေကြရသည်။ “ဒီနေရာမှာ နေရတာဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ့်သိက္ခာကိုယ်လေးစားမှုဟာ ဆုံးရှုံးရမယ့်အနေအထားဖြစ်နေပါတယ်” ဟု ဖယ်ဇီးလာမူးလ်က ပြောသည်။ သူသည် ဟိုင်းဘန်းပသုဝါပြည်နယ် နဘူရှာမြို့က စာသင်ကျောင်းဝင်းထဲတွင် ခိုလှုံနေသူတစ်ဦးဖြစ်သည်။ ထိုနေရာတွင် ရေဘေးဒုက္ခသည် ၂၅၀၀ ဝန်းကျင် ရောက်ရှိနေသည်။

သီတင်းရှစ်ပတ်ကြာ မရပ်မနားမိုးသည်းထန်စွာရွာခဲ့ခြင်းနှင့်အတူ မုတ်သုံမိုးစံချိန်တင်ခဲ့သည်ဟု ရာသီဥတုပြောင်းလဲမှုဝန်ကြီး ရှယ်ရီရာမန်က ပြောကြားသည်။ မုတ်သုံသည် အရေးပါလွန်းသည်ဆိုသော်လည်း မုတ်သုံမိုးများလွန်းပါက အန္တရာယ်လည်း ကြီးမားလှသည်။ ရာသီဥတုပြောင်းလဲမှုနှင့် လူသားဖန်တီးသော အခြားသက်ရောက်မှုတို့က အရေးပါသော မုတ်သုံကို ပြင်းထန်ရာသီဥတုပုံစံအဖြစ် ပြောင်းလဲစေသည်။ ယခုပါကစ္စတန် ကြုံတွေ့နေရသော မုတ်သုံသည် ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေသော မုတ်သုံဖြစ်သည်။

တောင်အာရှမုတ်သုံဆိုသည်မှာ

အနောက်တောင်မုတ်သုံ သို့မဟုတ် အာရှနွေရာသီမုတ်သုံသည် အခြေခံအားဖြင့် အားကောင်းသော ပင်လယ်လေကြောင့်ဖြစ်ပေါ်ခြင်းဖြစ်၍ နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအကြားတွင် တောင်အာရှ၏ နှစ်စဉ်မုတ်သုံ မိုးရေချိန် ၇၀-၈၀ ရာခိုင်နှုန်းကိုရရှိစေသည်။ နွေရာသီအပူသည် တိုက်ငယ် (subcontinent) ၏ ကုန်းမြေစိုင်ကို ပူနွေးစေပေရာ လေကိုအထက်သို့ တက်စေပြီး မိုးအများအပြားကို ရွာစေသော ပိုမိုအေးမြသည့် အိန္ဒိယသမုဒ္ဒရာလေများကို စုပ်ယူသည်။

မုတ်သုံသည် စိုက်ပျိုးရေးအတွက် အရေးပါသည်။ လယ်သမားသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းအလုပ်များအတွက်လည်းကောင်း၊ လူဦးရေ သန်းနှစ်ထောင် ဝန်းကျင်နေထိုင်သည့် ဆင်းရဲသောဒေသတောင်အာရှတွင် စားနပ်ရိက္ခာဖူလုံမှုအတွက်လည်းကောင်း မုတ်သုံသည် အရေးပါသည်။ သို့ရာတွင်မုတ်သုံသည် နှစ်စဉ်မြေပြိုမှုများနှင့် ရေကြီးမှုများဖြင့် ပျက်စီးမှုများကို ဖြစ်ပေါ်စေသည်။ ရေခဲမြစ်များ အရည်ပျော်ခြင်းက ရေပမာဏကို တိုးလာစေသည်။ ရေကြီးမှုဖြစ်လွယ်သော ဒေသများတွင် စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းကလည်း ထိခိုက်ဆုံးရှုံးမှုများကို ပိုမိုကြီးမားစေသည်။

နားမလည်သေး

ကြိုးစားပမ်းစားလေ့လာမှုများ လုပ်ဆောင်နေသည့်တိုင် မုတ်သုံအကြောင်းအား ရစရာကောင်းလောင်အောင် နားမလည်ကြသေးပါ။ မည်သည့်နေရာတွင် မိုးရွာမည်၊ မည်သည့်အချိန်တွင် မိုးရွာမည်ဆိုသည်ကို တိကျစွာ ခန့်မှန်းရန်ခက်ခဲပြီး မုတ်သုံသည် အပြောင်းအလဲအများအပြား ရှိနေသည်။

ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သော အယ်လ်နီညိုသက်ရောက်မှုနှင့် ၂၀၀၂ ခုနှစ်တွင်သာ ရှာဖွေတွေ့ရှိခဲ့သည့် အီကွေတာရပ်ဝန်း အိန္ဒိယသမုဒ္ဒရာ မိုးတိမ်ဖြစ်ပေါ်မှုဟုခေါ်သည့် ရာသီဥတုဖြစ်စဉ်ကဲ့သို့သော ကမ္ဘာ့လေထုဆိုင်ရာအခြေအနေများနှင့် ကမ္ဘာ့သမုဒ္ဒရာဆိုင်ရာအခြေအနေများတွင် ဖြစ်ပေါ်သော အပြောင်းအလဲများက ရာသီဥတုပြောင်းလဲမှုများကို အချိန်မရွေးဖြစ်စေသည်။

မိုးလေဝသအခြေအနေ ရုတ်တရက်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အခြားအချက်များတွင် ဒေသဆိုင်ရာသက်ရောက်မှုများဖြစ်သည့် ဖုန်အခိုးအငွေ့ညစ်ညမ်းမှု၊ ဆဟာရာသဲကန္တာရမှ တိုက်သော ဖုန်လုံးများ၊ လေထုညစ်ညမ်းမှုနှင့် လယ်သမားများ၏ ရေသွယ်မှုများပင် ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့်လော

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ပိုမိုပူပြင်းလာသည်။ မကြာသေးမီနှစ်များအတွင်း ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာပူနွေးလာမှုက ပိုမိုရှုပ်ထွေးသော မုတ်သုံကို မည်သို့မည်ပုံသက်ရောက်နေသလဲဆိုသည်ကို သိပ္ပံပညာရှင်များ ရှင်းရှင်းလင်းလင်း မသိကြပါ။

နှစ်ဆယ်ရာစုအလယ်မှစ၍ မုတ်သုံပြောင်းလဲမှုများကို ခြေရာခံနေသော ရာသီဥတုသက်ရောက်မှုသုတေသနဆိုင်ရာ Potsdam Institute ၏ လွန်ခဲ့သောနှစ်က လေ့လာချက်တွင် မုတ်သုံသည် ပို၍အားကောင်းလာကာ အပြောင်းအလဲပိုမြန်လာသည်ဟု ဖော်ပြခဲ့သည်။

အစပိုင်းတွင် နေရောင်ခြည်ကို သက်ရောက်သော ဖုန်အခိုးအငွေ့ညစ်ညမ်းမှုက မိုးရွာသွန်းမှုကို ထိန်းချုပ်ထားသည်ဆိုသော်လည်း  ၁၉၈၀ ပြည့်နှစ်ကာလများတွင် ဖန်လုံအိမ်ဓာတ်ငွေ့များ၏ ပူနွေးသောသက်ရောက်မှုများက မိုးရာသီများကို စတင်အားကောင်းစေပြီး ပိုမိုမတည်မငြိမ်ဖြစ်စေသည်ဟု အဆိုပါလေ့လာချက်တွင် ဖော်ပြထားသည်။

ဆုံးရှုံးမှုကြီးမား

ရုတ်တရက်ရေကြီးများမှုက ကားလမ်းအရှည် ၁၈၆၄ မိုင်(ကီလိုမီတာ ၃၀၀၀) ကျော်နှင့် တံတားအစင်း ၁၃၀ ကိုပျက်စီးစေခဲ့ပြီး အိမ် ၄၉၅၀၀၀ ကို ပျက်စီးစေခဲ့သည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားကြောင်း CNN က ဖော်ပြခဲ့သည်။ ရေကြီးနေသောနေရာများကို သွားရန် ပိုမိုခက်ခဲနေသည်ဟု ဆိုသည်။ ယခုနှစ်၏ မုတ်သုံသည် လုံးလုံးဆိုးရွားသည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝါဘူတိုဇာဒါရီက ပြောကြားခဲ့သည်။

IMF ချေးငွေ

စီးပွားရေး တစ်ဟုန်ထိုးကျဆင်းနေသော ပါကစ္စတန်နိုင်ငံတွင် ယခုရေကြီးမှုများဖြစ်ပေါ်နေခြင်းမှာ နိုင်ငံ၏စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစေသည်။ ယင်းသို့သောအနေအထားတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ဘုတ်အဖွဲ့က ပါကစ္စတန်အတွက် များပြားလှသော ချေးငွေအစီအစဉ်ကို ပြန်လည်အားဖြည့်ပေးရန် သြဂုတ် ၂၉ ရက်တွင် သဘောတူခဲ့သည်။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံချက်ချင်း ချထားပေးမည်ဖြစ်ပြီး ချေးငွေတစ်ခုလုံးအပြင် နောက်ထပ်ဒေါ်လာသန်း ၅၀၀ ကိုထပ်ဆောင်းပေးဦးမည်ဖြစ်ရာ ယခုအခါ IMF သည် ပါကစ္စတန်ကို အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံ ထုတ်ချေးသည့် အနေအထားဖြစ်လာသည်။

အခြေခံစားကုန်များ စျေးတက်

ဆင်းပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်တို့တွင် ရေကြီးနေသဖြင့် ထိုပြည်နယ်များမှလာသော ကြက်သွန်နီ၊ အာလူးနှင့် ကုလားပဲတို့လို အခြေခံစားကုန်များသည် စျေးတက်ကုန်သည်။ ပစ္စည်းများ ပြတ်လပ်နေသည့်အတွက် စျေးသည်များ ညည်းညူလျက်ရှိကြသည်။

တစ်နိုင်ငံလုံးတွင် ပုံမှန်မုတ်သုံမိုးထက် နှစ်ဆရွာခဲ့သည်ဟု မိုးလေဝသရုံးက ထုတ်ပြန်ခဲ့သော်လည်း ဘာလိုချီစတန်နှင့် ဆင်းပြည်နယ်တို့မှာ လွန်ခဲ့သော နှစ်သုံးဆယ်၏ပျမ်းမျှ မိုးရေချိန်ထက် လေးဆကျော် ပိုများခဲ့သည်ဟု ဆိုသည်။ ဆင်းပြည်နယ်ရှိ မြို့လေးတစ်မြို့ဖြစ်သော ပါဒီဒန်သည် ဇွန်လကတည်းက မိုးရေချိန် ၄၇ လက်မ (၁.၂ မီတာ) ကျော် ရရှိခဲ့ရာ ပါကစ္စတန်တွင် မိုးအများဆုံးမြို့ဖြစ်လာသည်။

ဆင်းပြည်နယ်တစ်ဝန်းမှ ရေဘေးဒုက္ခသည်များသည် မြင့်သောအဝေးပြေးကားလမ်းများနှင့် ရထားလမ်းများတစ်လျှောက် စခန်းချနေထိုင်နေကြရသည်။ အထူးသဖြင့် ခြောက်သွေ့သော နေရာများတွင် ဒုက္ခသည်များ စတည်းချနေကြသည်ကို တွေ့ရသည်။ သူတို့သည် ရေပြန်ကျသွားမှသာ နေရပ်ပြန်ကြမည်ဖြစ်ရာ ရေမကျသေးပါက လမ်းဘေးများတွင် ဖြစ်သလို နေကြရဦးမည်ဖြစ်သည်။

Ref:AFP.CNN

Most Read

Most Recent