Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air India လေကြောင်းလိုင်းက ရန်ကုန်-နယူးဒေလီခရီးစဉ်အား တစ်လနှစ်ကြိမ် ပျံသန်းမည်

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air India လေကြောင်းလိုင်းက ရန်ကုန်-နယူးဒေလီခရီးစဉ်အား တစ်လနှစ်ကြိမ် ပျံသန်းမည်
Published 29 August 2022

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air India လေကြောင်းလိုင်းက ရန်ကုန်-နယူးဒေလီခရီးစဉ်အား တစ်လနှစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ Air India လေကြောင်းလိုင်းသည် ရန်ကုန်-ဒေလီခရီးစဉ်အား လာမည့်စက်တင်ဘာလမှစတင်ကာ တစ်လနှစ်ကြိမ်ပျံသန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

Air India လေကြောင်းလိုင်းသည် လာမည့်စက်တင်ဘာ ၇ ရက်နှင့် ၂၁ ရက်၊ အောက်တိုဘာ ၅ ရက်နှင့် ၁၉ ရက်များတွင် ရန်ကုန်-နယူးဒေလီခရီးစဉ်အား ပျံသန်းသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ စရိတ်နည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Nok Air လေကြောင်းလိုင်းက ဘန်ကောက်-ရန်ကုန်ခရီးစဉ်အား ညခရီးစဉ်ကိုပါ တိုးချဲ့ပျံသန်းမည်ဖြစ်သည်။ Nok Air လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို နေ့ဘက်ခရီးစဉ်များ ပျံသန်းနေရာမှ လာမည့်စက်တင်ဘာမှစတင်ကာ ည Flight များကို တစ်ပတ် လေးရက် ထပ်တိုးပျံသန်းသွားမည်ဟု သိရသည်။

လေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ Business Visa အပါအဝင် ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားခရီးသွားနှစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားများမှာ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ ထိုင်ဝမ်၊ သီရိလင်္ကာနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်နိုင်ငံခြားသားများအား စတင်လည်ပတ်ခွင့်ပြုပေးခဲ့သည့် ကာလမှစတင်ပြီး သုံးလတာအတွင်း ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွားသုံးထောင်ကျော်ရှိ  ကြောင်း သိရသည်။

ကမ္ဘာလှည့်ဗီဇာအား၂၀၂၂ ခုနှစ် မေလ ၂၀ ရက်မှ စတင်ခွင့်ပြုပေးခဲ့ပြီး သြဂုတ် ၁၂ ရက်အထိ ရန်ကုန်လေဆိပ်တစ်ခုတည်းမှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသည့်ခရီးသွား သုံးထောင်ကျော်ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ သြဂုတ် ၁ ရက်မှစတင်၍ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံးသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အသိမှတ်ပြုထားသည့် COVID-19 ရောဂါကာကွယ်ဆေးတစ်မျိုးမျိုးအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့်နေ့ရက်မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်၊ RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ၊ နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ့အာမခံလုပ်ငန်းထံမှ COVID-19 ဆိုင်ရာ ကျန်းမာရေးအာမခံ စသည်ဖြင့် စာရွက်စာတမ်းအထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent