ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) အပေါ် နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်မည်ဆိုသော စာတစ်စောင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ ခဲ့သည်။
အဆိုပါစာထဲတွင် ကရင်အ မျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) ခေါင်းဆောင်ထံ လိပ်မူထားသည်။
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ PPST အား အကြောင်းပြန်သည့်စာတွင် PPST ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှု အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးအား PPST အတွက် နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန်အတွက် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ စတုတ္ထအကြိမ်မြောက် NCA-S-EAO Summit က အတည်ပြုသော TORျ အရ PPSTအား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် ခန့်အပ်လိုခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများ၏ သဘောဆန္ဒဖြစ်ပြီး အဆိုပါသဘောဆန္ဒကို ၎င်းအနေဖြင့် အသိအမှတ်ပြုကြောင်း၊ ထို့ပြင် TOR အရ ဦးဆောင်နာယကသည် အဖွဲ့အစည်း၏ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်သောဆန္ဒအရဟု ပြဋ္ဌာန်းထားသဖြင့် ၎င်း၏ကိုယ်ပိုင်သဘောဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်း ကိုယ်စားပြုရန်မလိုဘဲ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်စွာ ပါဝင်ခွင့်ရှိသည်ကို သိရှိရသဖြင့် ၎င်း၏သဘောထားယုံကြည်ချက်ဖြစ်သော ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ကြရန် လွတ်လပ်စွာ ဦးဆောင်လမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် မေတ္တာရပ်ခံချက်အပေါ် အဖွဲ့အစည်းအား ကိုယ်စားမပြုဘဲ ၎င်း၏ပုဂ္ဂိုလ်ရေးအရ ပါဝင်ကာ ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အကြောင်းပြန်ခဲ့သည်။
ယင်းစာနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက PPST ကို တရားဝင်အကြောင်းပြန်သည့်စာဖြစ်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။
“အဘိုး မူတူးစေးဖိုးကို PPST ရဲ့ ဦးဆောင်နာယကအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ PPST ခေါင်းဆောင်တွေကနေပြီးတော့ ကမ်းလှမ်းမှုတွေကို လူပုဂ္ဂိုလ်အရသော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း ကြိုးပမ်းဆောင်ရွက်မှုတွေရှိခဲ့တယ်။ အခုသြဂုတ်လဆန်းပိုင်းကတည်းက အဘိုးဆီကနေ ပူးပေါင်းဆောင်ရွက်ပြီး ဦးဆောင်မှုပေးဖို့ တရားဝင်ပြန်ကြားတဲ့ အခင်းအကျင်းကို ကျွန်တော်တို့ တွေ့ရတဲ့အချိန်မှာတော့ စာထဲမှာ တွေ့ရတဲ့အတိုင်းပါပဲ။ အဲဒါ မှန်ပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ အကြောင်းပြန်သည့် စာထဲတွင် ထူးခြားချက်အဖြစ် ၎င်းအနေဖြင့် PPST ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်မည်ကို တွေ့ရသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးအနေဖြင့် PPST ဦးဆောင် နာယကတာဝန်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌတစ်ဦးအနေနှင့် ထမ်းဆောင်မည်မဟုတ်ဘဲ ၎င်း၏ ပုဂ္ဂိုလ်ရေးအရသာ ဆောင်ရွက်မည်ဟု နားလည်ရသည်။
PPST အနေဖြင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ဦးဆောင်နာယကအဖြစ် တာဝန်ယူပေးရန် ပန်ကြားရာတွင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။
“လက်ရှိအခင်းအကျင်းအရ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားပြုမှု မဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေးအရပေါ့လေ။ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။
PPST ၏ ဦးဆောင်နာယကအဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တာဝန်ယူဆောင်ရွက်ခြင်းသည် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။
“သူ့ရဲ့ နိုင်ငံရေး အာသီသ၊ သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့စေတနာ။ ဒါတွေက ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အများကြီးအထောက်အကူပြုနိုင်တဲ့ လမ်းညွှန်မှုတွေ၊ ပဲ့ကိုင်မှုတွေအတွက် အများကြီး အားသာချက်တွေ ဖြစ်ထွန်းလာမယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌကိုယ်တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) တွင် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်မည်ဆိုသော်လည်း တစ်ဖက်တွင်မူ တပ်မတော်နှင့် KNU အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုမှာ ပြင်းထန်နေသည်။
■ ခုနစ်လအတွင်း လက်နက်ကိုင်ပဋိပက္ခ ၂၉၀၀ ကျော်ဖြစ်ပွား
KNU သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို အကြောင်းမပြန်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။
နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍သက်ဆိုင်သူအားလုံးပါဝင် ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း KNU က ကြေညာချက်ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာခြောက်ခုအတွင်း တပ်မတော်နှင့် KNU အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု ပြင်းထန်နေသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခ ၂ç၉၄၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။
အနီးစပ်ဆုံး ဇွန်လနှင့် ဇူလိုင်လ နှစ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွင် လက်နက်ကိုင်ပဋိပက္ခ ၆၂၄ ကြိမ် ဖြစ်ပွားခဲ့သည်။
ဇွန်လတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့မှု အကြိမ်အရေအတွက် ၃၆၅ ကြိမ်ရှိသည်။
ဇူလိုင်တွင်လည်း KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုး သားကာကွယ်ရေး (KNDO)နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား လက်နက်ကိုင်ပဋိပက္ခ ၂၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
KNU ဒူးသထူခရိုင် တပ်မဟာ -၁ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား ဇူလိုင်လတွင် လက်နက်ကိုင်ပဋိပက္ခ ၂၅ ကြိမ် ဖြစ်ပွားခဲ့သည်။
KNU တောင်ငူခရိုင် တပ်မဟာ(၂) နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့သည်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၄၂ ကြိမ် ဖြစ်ပွားခဲ့သည်။
KNU ဘိတ်/ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေတွင် ဇူလိုင်လအတွင်း ထိတွေ့ပစ်ခတ်မှုပေါင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့သည်။
KNU မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေတွင် ဇူလိုင်လအတွင်း ထိတွေ့ပစ်ခတ်မှု ၇၂ ကြိမ်နှင့်ပြောက် ကျားပစ်ခတ်မှု ၃၈ ကြိမ်ရှိသည့်အတွက် အကြိမ် ၁၁၀ ဖြစ်ပွားခဲ့သည်။
KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ၃၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။
■ အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၉၁ ဦး သေဆုံးခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုသည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်ကျရောက်မှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဗဟိုက ဆိုသည်။
အနီးစပ်ဆုံးအနေဖြင့် ဇူလိုင်လတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒူးသထူခရိုင် တပ်မဟာ (၁) နယ်မြေ၌ ဇူလိုင်လတွင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO)နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုအတွင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၌ ဇူလိုင်လတွင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား ၁၀ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေ၌ ဇူလိုင်လက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။
မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ၌ ဇူလိုင်လတွင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေ၌ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
■ စစ်ဘေးရှောင် သုံးသိန်းကျော်
ကရင်အမျိုးသားအစည်းအရုံး (KNU)ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများတွင် နေ့စဉ်လက်နက် ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)တို့အကြား နေ့စဉ်လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ဦးရေမှာ ၃၅၆,၆၇၄ ဦးအထိရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ခရိုင်ခြောက်ခုအတွင်း အတည်ပြု၍ရသော စာရင်းများအရ သထုံခရိုင် တပ်မဟာ (၁) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၄,၇၆၈ ဦး၊ တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၇,၅၃၇ ဦး၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၆၁ç၈၉၈ ဦး၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၆,၀၀၀၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၆,၁၈၀ နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၀,၂၉၁ ဦးရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အဆိုပါစာရင်းမှာ ကောက်ခံရရှိသော စစ်ဘေးရှောင်ပြည်သူအရေအတွက်သာဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ မြင့်တက်လာသည့်အတွက် ဆက်လက်ကောက်ခံနေကြောင်းကိုလည်း KNUဗဟိုက ထုတ်ပြန်ထားသည်။
လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးလိုအပ်ချက်များ ရှိနေကြောင်း KNUက ဆိုသည်။










