နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်

နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 19 August 2022

၂၀၂၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ဗဟိုဘဏ်စျေးနှုန်းနိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၉၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲ  ကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။

“အခုကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ် သဘောပဲ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာတွေကလဲ အရင်လို အပြင်ပေါက် စျေးနဲ့ မဝယ်တော့ဘဲ ဗဟိုဘဏ်ပေါက်စျေးနဲ့ပဲဝယ်ပြီး ပြန်ရောင်းတာမရှိတော့ ငွေလဲကောင်တာတွေမှာ ဒေါ်လာအရောင်းအဝယ် စျေးကွက်က ရပ်ဆိုင်းနေတယ်လို့တောင် ပြောလို့ရတယ်။ အပြင်စျေးကွက်မှပဲဝယ်တဲ့ သူနဲ့ရောင်းတဲ့သူ ချိတ်ဆက်ပြီး ဝယ်ရောင်း လုပ်နေကြတာ” ဟု နိုင်ငံခြားငွေကြေး ရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၈၉၀ ကျပ်၊ စင်ကာပူ ဒေါ် လာ ၂၀၈၅ ကျပ်၊ မလေးရှားရင်းဂစ် ၆၆၅ ကျပ်၊ ထိုင်းဘတ် ၈၃ ကျပ်၊ တရုတ်ယွမ် ၄၀၅  ကျပ်၊ ဂျပန်ယန်း ၂၀  ကျပ်တို့ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလအလိုက် ဒေါ်လာရောင်းချခဲ့မှု အနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင်ဒေါ်လာ  ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလ တွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင်ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိလအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင်ဒေါ်လာ တစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။

 

 

 

 

 

Most Read

Most Recent