ငွေကြေးဖောင်းပွမှု

ငွေကြေးဖောင်းပွမှု
Published 15 August 2022

ငွေကြေးဖောင်းပွမှုဟူသည် စီးပွားရေး၌ လူအများ အကျွမ်းအဝင်ဆုံး စကားလုံးဖြစ်နိုင်သည်။ ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများအနေဖြင့် မတည်ငြိမ်မှုအတွင်းသို့ ကာလကြာရှည်စွာ သက်ဆင်းသွားနိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်မည်ဟူသော ကတိများဖြင့် နိုင်ငံရေးသမားများ ရွေးကောက်ပွဲ၌ အနိုင်ရရှိနိုင်သကဲ့သို့ ယင်းသို့မလုပ်နိုင်သောကြောင့်လည်း အာဏာကို လက်လွှတ်ဆုံးရှုံးရတတ်သည်။ အမေရိကန်သမ္မတ ဂျရက်ဖို့ဒ်သည် ၁၉၇၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုက ပြည်သူ့ရန်သူနံပါတ်-၁ ဟုပင် ကြေညာခဲ့သည်။ ငွေကြေးဖောင်းပွမှုဟူသည် သက်ဆိုင်ရာ အချိန်ကာလတစ်ခုအတွင်း စျေးနှုန်းများမြင့်တက်သည့်နှုန်းထားဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှုအမျိုးမျိုးရှိပြီး ယေဘုယျသဘောအရ အထွေထွေစျေးနှုန်းများ မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်နိုင်ငံအတွင်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ငွေကြေးဖောင်းပွမှုဟူသည် သတ်မှတ်အချိန်ကာလ (များသောအားဖြင့် တစ်နှစ်ဟု သတ်မှတ်) တစ်ရပ်အတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ မည်မျှပို၍ စျေးကြီးလာသနည်းဟူသည့် အချက်သာဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း ရေရှည်မြင့်မားနေခြင်းသည် လျော့ရဲသော ငွေကြေးဆိုင်ရာမူဝါဒကြောင့် ဖြစ်တတ်သည်။ စီးပွားရေးတစ်ခု၏ အရွယ်အစားနှင့် နှိုင်းဆပါက ငွေကြေးရိုက်ထုတ်မှု အလွန်များပြားလျှင် ငွေကြေး၏တန်ဖိုးမှာ လျော့ကျ၍သွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဝယ်ယူနိုင်သည့် ပါ၀ါကျလာပြီး စျေးနှုန်းများ မြင့်မားလာခြင်းဖြစ်သည်။ စီးပွားရေး၏ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား တစ်ဘက်ဘက်တွင် ဖိအားများ သက်ရောက်ခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်သည်။ ရေနံစျေးနှုန်း မြင့်တက်ခြင်းကဲ့သို့သော ထုတ်လုပ်မှုစရိတ်မြင့်တက်ခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခြင်းအစရှိသည့် ရောင်းလိုအားအပေါ် ဖိအားဖြစ်စေခြင်းသည် ရောင်းလိုအား ကျဆင်းမှုကို ဖြစ်စေသောကြောင့် စျေးနှုန်းမြင့်တက်ကာ ငွေကြေးဖောင်းပွမှုဖြစ် ရသည်။ ယင်းကဲ့သို့သော ငွေကြေးဖောင်းပွမှုကြောင့် ဆင်းရဲသော နိုင်ငံများသည် ချမ်းသာသော နိုင်ငံများထက်ပို၍ ယင်းဒဏ်ကိုခံကြရသည်။ စတော့စျေးကွက်၌ ကမောက်ကမဖြစ်ခြင်းနှင့် ဗဟိုဘဏ်က အတိုးနှုန်းများကို ချပစ်လိုက်ခြင်း သို့မဟုတ် အစိုးရက အသုံးစရိတ် မြှင့်တင်လိုက်ခြင်းကဲ့သို့သော မူဝါဒအပြောင်းအလဲများကြောင့် ဝယ်လိုအားအပေါ် ဖိအားဖြစ်စေခြင်းသည်လည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည်။ ၎င်းအပြင် လူအများ၏ မျှော်မှန်းချက်များသည်လည်း ငွေကြေးဖောင်းပွမှုအပေါ် အဓိကသက်ရောက်သော အကြောင်းတရားတစ်ရပ်ဖြစ်သည်။ လူအများက ကုန်စျေးနှုန်းများတက်မည်ဟု ယုံကြည်မျှော်မှန်းလာခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန် ရည်ရွယ်သည့် ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးမူဝါဒများသည် ငွေကြေးဖောင်းပွမှု ဖြစ်ပွားရခြင်း အကြောင်းရင်းပေါ်၌ မူတည်နေသည်။ စီးပွားရေး၌ အလွန်အမင်းလှုပ်ခတ်ပြီး ဝယ်လိုအားများလွန်းပါက အတိုးနှုန်းများကို မြှင့်တင်ခြင်းဖြင့် ဝယ်လိုအားကို ထိန်းချုပ်ရန်လိုသည်။ အချို့သော ဗဟိုဘဏ်များသည် မိမိငွေကြေးနှင့် အခြားငွေကြေးများ ဆက်နွှယ်နေသည့် ငွေလဲနှုန်းကို ကန့်သတ်ရန် စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် အောင်မြင်မှုရတတ်ကြသည်။ ယင်းတွင် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးဆိုင်ရာ မူဝါဒက ငွေကြေးဖောင်းပွမှုနှင့် ဆက်နွှယ်နေကြောင်းကို ပြနေသည်။ သို့သော် ပြည်တွင်းအကြောင်းအရာများထက် ကမ္ဘာ့အကြောင်းအရာများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သည့်အခါ ယင်းကဲ့သို့သော မူဝါဒမျိုးက အထောက်အကူမပြုပေ။ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် စားနပ်ရိက္ခာများ စျေးနှုန်းမြင့်မားမှုနှင့် လောင်စာဆီ စျေးနှုန်းမြင့်တက်မှုတို့ကြောင့် တစ်ကမ္ဘာလုံး၌ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့သည်။ ထိုစဉ်က နိုင်ငံများစွာတို့သည် ကမ္ဘာ့စျေးနှုန်း မြင့်တက်မှုကိုလိုက်၍ ပြည်တွင်းစီးပွားရေး၌ လက်ခံခွင့်ပြုခဲ့သည်။ ယင်းကဲ့သို့ အုပ်ချုပ်ရေးပိုင်းက စျေးနှုန်းသတ်မှတ်ပေးသည့် နည်းလမ်းများသည် ဝင်ငွေဆုံးရှုံးမှုအတွက် ထုတ်လုပ်သူများကို လျော်ကြေးပေးရန် အကြီးအကျယ် ထောက်ပံ့သည့် ဥပဒေများကို အစိုးရက ပြုလုပ်ရမှုကို ဖြစ်စေသည်။ ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်သော လူအများ၏ မျှော်မှန်းချက်အပေါ် ၎င်းတို့၏ သြဇာသက်ရောက်နိုင်စွမ်းကို တိုး၍တိုး၍ မှီခိုလာရသည်။ ဗဟိုဘဏ်များအနေဖြင့် လူအများ၏ စိတ်ချယုံကြည်မှု ပို၍ရလေလေ ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်သော လူအများ၏ မျှော်မှန်းချက်များအပေါ် ပို၍သြဇာသက်ရောက်နိုင်လေလေဖြစ်သည်။

ထို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးဆိုင်ရာ မူဝါဒများအပြင် ဗဟိုဘဏ်အပေါ် လူအများ၏ စိတ်ချယုံကြည်မှုတို့နှင့် များစွာ ပတ်သက်မှုရှိနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

သြဂုတ် ၁၆ ရက် ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent