စီးပွားရေးကို အရှိန်အဟုန်မြင့်အောင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်း၌ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ပြောကြား

စီးပွားရေးကို အရှိန်အဟုန်မြင့်အောင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်း၌ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ပြောကြား
Published 11 August 2022

စီးပွားရေးကို အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်း၌ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ၏စီးပွားရေးခိုင်မာရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်းပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ စီးပွားရေးကိုလည်း အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိပြီး မိမိတို့မျှော်မှန်းထားသည့်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလာမည့် ခြောက်လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။

ထို့အတူသမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှု များရှိကြောင်း၊ သမဝါယမအသင်းများကို အမှန်တစ်ကယ်လုပ်ကိုင်သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝများပိုမိုတိုး တက်လာမည်ဖြစ်ကြောင်း၊ အလားတူစက်မှုလုပ်ငန်းများကို ပြန်လည်အားပေးဆောင်ရွက်ပြီး ပြည်တွင်း၌ လူသုံးကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် မူတည်၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ရန်အခက်အခဲရှိသည့် ကိစ္စရပ်များကိုလည်းတင်ပြ၍ ပြင်ဆင်ရန်လိုအပ်သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်၍ ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုအထက်တန်းကျောင်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ယင်းအပြင် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းဆောင်ရွက်ရန် လိုသကဲ့သို့ မြန်မာစာပေ၊ မြန်မာစကားနှင့်မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပြည်သူများ၏ ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ပြည့်ဝစွာထိုးနှံနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလည်း လိုက်နာ နိုင်ရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မပေါ့ဆစေလို ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် စားရေရိက္ခာ ပြည့်ဝစွာစားသုံးနိုင်ရန်လိုကြောင်း၊ စားရေရိက္ခာပြည့်စုံမှုမရှိပါက ကျန်ရှိသည့်ကိစ္စရပ်များကိုလည်း ထိခိုက်လာနိုင်သည့်အတွက် စားရေရိက္ခာပေါများရေးအတွက် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဒေသအလိုက် ဘက်ပေါင်းစုံမှစဉ်းစား၍ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent