အိမ်ရှင်ပရိသတ်များရှေ့မှောက်တွင်ကစားရမည်ဖြစ်သော်လည်း ဖိအားရှိမည့်အသင်းမှာ အိမ်ရှင်အင်ဒိုနီးရှားသာဖြစ်မည်ဟု မြန်မာအသင်းနည်းပြ ဆို

အိမ်ရှင်ပရိသတ်များရှေ့မှောက်တွင်ကစားရမည်ဖြစ်သော်လည်း ဖိအားရှိမည့်အသင်းမှာ အိမ်ရှင်အင်ဒိုနီးရှားသာဖြစ်မည်ဟု မြန်မာအသင်းနည်းပြ ဆို
Photo: MFF
Photo: MFF
Published 10 August 2022

 

မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးက ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံနေပြီး အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် ကစားရမည်ဖြစ်သော်လည်း ဖိအားရှိမည့်အသင်းမှာ အိမ်ရှင်  အင်ဒိုနီးရှားအသင်းသာဖြစ်မည်ဟု ဆီမီးဖိုင်နယ်အကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ကျင်းပမည် ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အင်ဒိုနီးရှား အသင်းနှင့် မြန်မာအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သြဂုတ် ၉ ရက်က ယိုဂျကာတာမြို့ရှိThe Rich Hotel ၌ ပြုလုပ်ခဲ့ရာ မြန်မာအသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးအပါအဝင် အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် ထိုင်းအသင်းနည်းပြချုပ်များ တက်ရောက်ခဲ့သည်။ 

မြန်မာအသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးက "အရင်ဆုံး ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့အသင်းအားလုံးကို ဂုဏ်ပြုစကားပြောကြားလိုပါတယ်။ အားလုံးက အသင်းကောင်းတွေပါ။ ကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်။ အင်ဒိုနီးရှားက အိမ်ရှင်ဖြစ်တဲ့အပြင် အသင်းကောင်းတစ်သင်းပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဆီမီးဖိုင်နယ်ပွဲအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်သွားမှာပါ။ အုပ်စုပွဲအပြီးမှာ နားရက်တစ်ရက်ပဲ ရပေမယ့် ကစားသမားတွေကို ကောင်းကောင်း အနားပေးထားလို့ ကိစ္စမရှိပါဘူး။ ပရိသတ် အများကြီးရှေ့မှာ ကစားရမှာကတော့ ကျွန်တော့်ကစားသမားတွေအတွက် ပထမဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဖိအားကတော့ အိမ်ရှင်ဘက်မှာသာ ရှိနေပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စု (A) ပထမနေရာရ အင်ဒိုနီးရှား၊ အုပ်စု (B) ပထမနေရာရ ထိုင်း၊ အုပ်စု (C) ပထမ နေရာရ မြန်မာနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးအသင်းဖြစ်သည့် ဗီယက်နမ်အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ် များတွင် မိနစ်အတွင်း သရေကျနေပါက အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်မည်ဖြစ်သည်။ 

မြန်မာအသင်းသည် အုပ်စုပွဲများတွင် သြစတြေးလျ နှင့် ကမ္ဘောဒီးယားကို အနိုင်ကစားပြီး မလေးရှားနှင့် သရေကျကာ အုပ်စုသုံးပွဲတွင် ရှုံးပွဲမရှိဘဲ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ခုနစ်မှတ် ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်လာခြင်းဖြစ်သည်။

Most Read

Most Recent