တောင်ကိုရီးယားလျှောက်နေသည့် အန္တရာယ်လမ်း

တောင်ကိုရီးယားလျှောက်နေသည့် အန္တရာယ်လမ်း
Published 9 August 2022
ဇင်မျိုး

မြောက်ကိုရီးယားကို ရွှေပြည်အေးတရားဟောသည့် ခေတ်ကုန်သွားပြီဆိုသည်ကို သက်သေပြရန်အလို့ငှာ တောင်ကိုရီးယား၏ အသစ်တက်လာသော သမ္မတယွန်းဆက်ယိုလ်က မြောက်ကိုရီးယားအပေါ်ထားသည့် Kill Chain မဟာဗျူဟာကို အလျင်အမြန်သုံးသပ်ခဲ့သည်။ Kill Chain ဗျူဟာဆိုသည်မှာ နျူကလီးယားတိုက်ခိုက်မှု ဖြစ်ပေါ်လာတော့မည့်အနေအထားတွင် မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကို ဖယ်ရှားရန် လက်ဦးမှုရယူတိုက်ခိုက်မည့် မဟာဗျူဟာဖြစ်သည်။

ဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် အချိန်အလုံအလောက်မရှိသောကြောင့် လက်ဦးမှုရယူ၍ တိုက်ခိုက်ရုံမှတစ်ပါး တောင်ကိုရီးယားတွင် အားကိုးအားထားစရာမရှိဟု ယွန်းဆက်ယိုလ်က စည်းရုံးရေးခရီးစဉ်များ၌ တွင်တွင်ပြောခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း လွန်ခဲ့သောလတွင် တုံ့ပြန်ခဲ့သည်။ လက်ဦးမှုရယူ၍ တိုက်ခိုက်ခြင်းသည် ဆိုးလ်ကို ကျဆုံးစေရုံသာ အဖတ်တင်စေမည်ဟု ကင်က တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်မည်ဆိုပါက မိမိသည် နျူကလီးယားလက်နက်များကို အသုံးပြုမည်ဟုလည်း တောင်ကိုရီးယားကို သတိပေးခဲ့သည်။

Kill Chain မဟာဗျူဟာနှင့်ပတ်သက်၍ ယွန်းဆက်ယိုလ်၏ ပြောဆိုမှုများကို စဉ်းစားသုံးသပ်ကာ ကျွမ်းကျင်သူများနှင့် အစိုးရတာဝန်ရှိသူများက သတိပေးပြောဆိုမှုများ ဆက်တိုက်လုပ်လာခဲ့ကြသည်။ မီးကုန်ယမ်းကုန်အကျပ်အတည်းထံ ဦးတည်သွားစေနိုင်သည့် နျူကလီးယားလက်နက်စမ်းသပ်မှုကို မြောက်ကိုရီးယားက မကြာမီလုပ်ဆောင်တော့မည်ဟု ၎င်းတို့က သုံးသပ်ခဲ့ကြသည်။

တောင်ကိုရီးယားအနေဖြင့် စစ်ရေးစွမ်းရည်များကို စဉ်ဆက်မပြတ်ဟန့်တားမှု (extended deterrence) မဟာဗျူဟာအဖြစ် တည်ဆောက်မည့်အကြောင်း မေလတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံရာ၌ ယွန်းဆက်ယိုလ်က ပြောခဲ့သည်။

မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် သံတမန်ရေးကြိုးပမ်းမှုကို အထောက်အကူပြုစေရေးအတွက် ဒေါ်နယ်ထရန့်နှင့် မွန်ဂျေအင်းတို့လက်ထက်တွင် အမေရိကန်အစိုးရနှင့် တောင်ကိုရီးယားအစိုးရတို့က အင်အားလျှော့ချထားသော (တောင်ကိုရီးယားနှင့် အမေရိကန်) ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားအစိုးရက ဝေဖန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးတွဲလုပ်ဆောင်ထားသည့် စဉ်ဆက်မပြတ်ဟန့်တားမှုမဟာဗျူဟာနှင့် အတိုင်ပင်ခံအုပ်စု (Extended Deterrence Strategy and consultation Group-EDSCG) ကို တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုလ်က ပြန်လည်အသက်သွင်းလိုသည်။ EDSCG သည် မြောက်ကိုရီးယားရန်စမှုများမှ တောင်ကိုရီးယားကို မည်သို့မည်ပုံအကာအကွယ်ပေးမလဲဆိုသည့်ကိစ္စကို မဟာမိတ်နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆန်းစစ်နိုင်ရန် အထောက်အကူပြုပေးသည်။

အမေရိကန်ပြည်ထောင်စုထံမှ စစ်ဆင်ရေးဆိုင်ရာကွပ်ကဲရေးအဖွဲ့ (Operational Control Authority) ကို စစ်အတွင်း လွှဲပြောင်းပေးမှုကိုလည်း ပြင်ဆင်မှုများ လုံလောက်မှုမရှိဟုဆိုကာ ယွန်းဆက်ယိုလ်က ရွှေ့ဆိုင်းခဲ့သည်။ Operational Control Authority ဆိုသည်မှာ မိမိကွပ်ကဲမှုအောက်တွင်ပေးထားသော တပ်များနှင့်ပတ်သက်၍ ညွှန်ကြားပိုင်ခွင့်ရှိခြင်းကို ဆိုလိုခြင်းဖြစ်သော်လည်း ယင်းတပ်များ၏ အုပ်ချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကိစ္စများ အကျုံးမဝင်ပေ။

ကင်နှင့် စေ့စပ်ဆွေးနွေးရေးကိစ္စကို မိမိတို့လမ်းဖွင့်ထားမည်ဟု ယွန်းဆက်ယိုလ်နှင့် ဘိုင်ဒင်တို့က ပြောကြားခဲ့ကြသည်။ သို့သော်ယင်းသို့ဆွေးနွေးရာတွင် တစ်ဆင့်ချင်းဆွေးနွေးသွားမည်ဖြစ်ကာ အဆင့်မြင့်အရာရှိများ၏ ဆွေးနွေးမှုများကို ပထမဆုံးပြုလုပ်မည်ဟု ဆိုသည်။ စေ့စပ်ဆွေးနွေးရေးကိစ္စမှာ ကင်ဂျုံအွန်၏ သဘောဖြစ်သည်ဟု ယွန်းလ်နှင့် ဘိုင်ဒင်တို့က ပြောကြားခဲ့သည်။ ကင်အနေဖြင့် ကြီးကြီးမားမားရန်စမှုများ ပြုလုပ်လာမည်ဆိုပါက မိမိတို့အနေဖြင့် နောက်ထပ်ပိတ်ဆို့မှုများကို ချမှတ်သွားမည်ဟု ပြောကြားခဲ့ကြသည်။

ပိုမိုအရေးကြီးသည့်အချက်မှာ အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက်ဖျက်သိမ်းစေရေးဆိုသည့် ဘုံဦးတည်ချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဆိုသော အချက်ဖြစ်သည်။ အဆိုပါဘုံဦးတည်ချက်မှာ သမ္မတဟောင်း မွန်ဂျေအင်လက်ထက်တွင် တောင်ကိုရီးယားက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးခဲ့သည့် ရည်ရွယ်ချက်နှင့် သိသိသာသာကွဲလွဲနေသည်။

သမ္မတယွန်းဆက်ယိုလ်လက်ထက်တွင် အမေရိကန်-တောင်ကိုရီးယားမဟာမိတ်သည် ပိုမိုစည်းလုံးမှုရှိလာပုံရသည်မှာ ထင်ရှားသည်။ သို့ရာတွင် မဟာမိတ်နှစ်နိုင်ငံအကြားတွင် မကျေလည်မှုများလည်းရှိနေဆဲဖြစ်သည်။

သေချာသည့်အချက်တစ်ခုမှာ သီးခြားလွတ်လပ်သောစစ်ရေးစွမ်းရည်တစ်ရပ် အားကောင်းလာစေရန်  ယွန်း၏အလေးအနက်ထားမှုနောက်ကွယ်က အကြောင်းတရားမှာ တောင်ကိုရီးယားကို အကာအကွယ်ပေးရာတွင် အမေရိကန်အနေဖြင့် ဘော်စတွန်ကို ဘူဆန်နှင့် ဘယ်တော့မှ လဲလိမ့်မည်မဟုတ်ဆိုသည့် မအီမလည်အမှန်တရားတစ်ရပ်အတွင်း မူတည်နေသည်ဆိုသောအချက်ဖြစ်သည်။

ဤမူဝါဒ၏ မောင်းနှင်အားက (အမေရိကန်-တောင်ကိုရီးယား) မဟာမိတ်အဖွဲ့အတွင်း မဟာမိတ်ဖျက်ခြင်းအန္တရာယ်၊ ချောင်ပိတ်မိခြင်း အန္တရာယ်တို့ကို ဖြစ်စေလိမ့်မည်ဟု မဟာဗျူဟာလေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

မွန်ဂျေအင်အစိုးရလက်ထက်တွင် တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးရန်ကြိုးပမ်းမှုကို အမေရိကန်ဘက်က စိုးရိမ်ခဲ့ရသည်။ ထိုအချိန်တုန်းကလည်း အမေရိကန်နှင့် တောင်ကိုရီးယားသည် မူဝါဒပိုင်းတွင် ကြီးမားသော သဘောထားမတိုက်ဆိုင်မှုများရှိခဲ့ရာ မဟာမိတ်ဖျက်မည့်အန္တရာယ်များ မြင့်တက်ခဲ့ဖူးသည်။

မဟာမိတ်နိုင်ငံတစ်နိုင်ငံသည် အခြားမဟာမိတ်နိုင်ငံက အလိုမရှိသော ပဋိပက္ခအတွင်း ယင်းမဟာမိတ်ကိုဆွဲထည့်နိုင်သည့် အနေအထားမျိုးတွင် မဟာမိတ်အဖွဲ့မှာ ပိုမိုစည်းလုံးလာတတ်ပြီး ချောင်ပိတ်မိသည့်အန္တရာယ်များ မြင့်တက်လာစေတတ်သည်။

ယွန်းဆက်ယိုလ်၏ Kill Chain မဟာဗျူဟာက အမေရိကန်ပြည်ထောင်စုကို မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစ်မည့်အနေအထားသို့ ဆွဲခေါ်သွားနိုင်စရာရှိနေရာ အမေရိကန်ဘက်က သတိကြီးကြီးထားနေရမည့် အနေအထားဖြစ်နေသည်။ “လက်ဦးမှု ရယူတိုက်ခိုက်တာဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ သတ်မှတ်ချက်အရဆိုရင် ဒီကိစ္စဟာ မဟာမိတ်ဆုံးဖြတ်ရမယ့် အမျိုးအစားထဲမှာ ပါဝင်နေပါလိမ့်မယ်” ဟု အကြီးတန်းအမေရိကန်အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် တောင်ကိုရီးယားကိစ္စတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ကြိုးပမ်းရခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ စစ်အေးကာလအတွင်းတွင် တောင်ကိုရီးယားသမ္မတများသည် မြောက်ကိုရီးယားထံ စစ်ချီရန် ကြိုးပမ်းခဲ့ကြသည်။ အနီးဆုံးအနေဖြင့် ပြောရမည်ဆိုပါက ၂၀၁၀ ခုနှစ်လောက်တွင် မြောက်ကိုရီးယားတိုက်ခိုက်မှုအချို့ကို လက်တု့ံပြန်သည့်အခါ တောင်ကိုရီးယား၏ လီမြောင်ဘက်အစိုးရအဖွဲ့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် အမေရိကန်က တိုက်တွန်းခဲ့ရသည်။

သို့ရာတွင် မြောက်ကိုရီးယား၏ လက်ဦးမှုရယူတိုက်ခိုက်မှုကိုကာကွယ်ရန် တောင်ကိုရီးယား၌ ပထဝီဝင်ပါ၀ါ (Geographic depth) လုံးဝမရှိပေ။ မြောက်ကိုရီးယားက တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် အကာအဝေးအမျိုးမျိုး၊ အမြင့်အမျိုးမျိုးမှ ဒုံးကျည်များ ပစ်လွှတ်မည့်အနေအထားကြောင့် တောင်ကိုရီးယားက ပူးတွဲအမေရိကန်-တောင်ကိုရီးယား ဒုံးကျည်ကာကွယ်ရေးစနစ်နှင့်ပတ်သက်၍ စိုးရိမ်မှုလွန်ကဲနေသည့်ကို လက်ခံရမည်ဖြစ်သည်။

မြောက်ကိုရီးယားဘက်က ဒုံးကျည်မလွှတ်မီ မြောက်ကိုရီးယားဒုံးကျည်များကို တိုက်ခိုက်ခြင်းက တောင်ကိုရီးယားအတွက် ကျိုးကြောင်းဆီလျော်မှုရှိပုံပေါ်သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့်မူ မိမိဆန္ဒမပါဘဲ မြောက်ကိုရီးယားကို တောင်ကိုရီးယားက လက်ဦးမှုရယူတိုက်ခိုက်ခြင်းမှာ မြောက်ကိုရီးယားဒုံးကျည်များ မိမိမြေ (အမေရိကန်မြေ) ကို ရောက်လာနိုင်သည့် အန္တရာယ်များ မြင့်တက်လာစေမည်ဟု ယုံကြည်ထားသည်။

အကျိုးဆက်အနေဖြင့် စဉ်ဆက်မပြတ်ဟန့်တားမှု စွမ်းရည်ရှိရေးနှင့် ခိုင်မာမှုရှိရေးတို့ကိုမြှင့်တင်ရန် အမေရိကန်က EDSCG ကို အသုံးပြုမည်သာမက ဆိုးလ်၏ဒေါသကို ထိန်းရန် နိုင်ငံကြီ်းတစ်နိုင်ငံအနေဖြင့် မိမိ၏သြဇာကိုလည်း ပိုမိုသုံးရမည့်အနေအထား ဖြစ်လာမည်ဖြစ်သည်။ Kill Chain ဗျူဟာအရ တိုက်ခိုက်ရန် အချိန်အနည်းငယ်သာရသည့်အနေအထားတွင် မြောက်ကိုရီးယားကို တိုက်ခိုက်ရန်အတွက် အမေရိကန်ထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ရာ ထိုကိစ္စက တောင်ကိုရီးယားအစိုးရအဖွဲ့ထဲတွင် မကျေမလည် ဖြစ်စေနိုင်သည်။

ယင်းသည် ပဟေဠိတစ်ပုဒ်နှင့် တူနေသည်။ မွန်ဂျေအင်လက်ထက်တွင် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးကောင်းမွန်ခဲ့ခြင်းဖြင့် အမေရိကန်-တောင်ကိုရီးယားမဟာမိတ်အဖွဲ့သည် စမ်းသပ်ခြင်းခံခဲ့ရသည်။ လက်ရှိသမ္မတယွန်းဆက်ယိုလ်လက်ထက်တွင် မြောက်ကိုရီးယားနှင့် တင်းမာမှုမြင့် တက်လာခြင်းဖြင့် အမေရိကန်-တောင်ကိုရီး ယားမဟာမိတ်အဖွဲ့ စမ်းသပ်ခံရမည့်အလားအလာရှိနေသည်။

 မဟာမိတ်အဖွဲ့ ပြိုကွဲမည့်အလားအလာကိုလျှော့ချရန် ယွန်းအနေဖြင့် နျူကလီးယားလက်နက်တပ်ဆင်ထားသော မြောက်ကိုရီးယား၏ ခေါင်းဆောင်ပိုင်းကို ဖယ်ရှားမည်ဟု လူသိရှင်ကြားခြိမ်းခြောက်နေခြင်းအား ရှောင်ရမည်ဖြစ်သည်။ မြောက်ကိုရီးယားနှင့် သံတမန်ရေးလုပ်ဆောင်ရမည့်ရည်ရွယ်ချက်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စမဖြစ်သင့်ဘဲ ထိန်းမနိုင်သိမ်းမရဆက်ဆံရေးများကို ဆက်လက်ထိန်းထားရေးအတွက် လက်နက်ကန့်သတ်ရေးဆိုင်ရာ သဘောတူညီချက်များလို တော်ရုံသင့်ရုံလောက်သာ လုပ်သင့်သည်။

မြောက်ကိုရီးယားကဒုံးကျည်များကို အမေရိကန်ပြည်ထောင်စုထံတည့်တည့်ချိန်ထားသည့်အခါ အမေရိကန်အနေဖြင့် တောင်ကိုရီးယားကို အမှန်တကယ်အကာအကွယ်ပေးမည်လားဆိုသည်မှာ မည်သူမျှ မပြောနိုင်သော ကိစ္စဖြစ်သည်။

Ref:CNA

Most Read

Most Recent