
■ မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းလာပြီး ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ကျပ် ၁၈၅၀ မှ ကျပ် ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်ခြင်း
ပြီးခဲ့သည့် သီတင်းပတ်သည် မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းခဲ့ပြီး ဗဟိုဘဏ်က လေးလ ကျော်ကြာ သတ်မှတ်ထားသည့် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာ ကျပ် ၁၈၅၀ အား တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာကျပ်ငွေတန်ဖိုးသည် ယခုရက်ပိုင်းအတွင်း လျင်မြန်စွာကျဆင်းခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၆ ရက်တွင် ပြင်ပစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၂၆၀၀ ဝန်းကျင်ဖြစ်ပြီး အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၅၆၀ ကျပ်၊ စင်ကာပူ ၁၉၅၀ ကျပ်၊ မလေးရှား ရင်းဂစ် ၆၀၀ ကျပ်၊ ထိုင်းဘတ် ၇၅ ကျပ်၊ တရုတ်ယွမ် ကျပ် ၃၇၀ နှင့် ဂျပန်ယန်း ၁၉ ကျပ်အထိ ဖြစ်ပေါ် ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
ယင်းပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေအဖြစ် လဲလှယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သြဂုတ် ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှု ဥပဒေ ပုဒ်မ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော နိုင်ငံခြားသုံးငွေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကို ဧပြီ ၃ ရက်က ထုတ်ပြန်ထားသည်။ ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ အထက်ပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်သည်။
အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာကို လိုက်နာခြင်း မရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ် စျေးနှုန်းဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာ အများစုတွင် ဒေါ်လာ အရောင်းအဝယ် ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။
“အခုကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်သဘောပဲ အလုပ်ဖြစ်နေတာပါ။ ငွေလဲ ကောင်တာတွေကလည်း အရင်လို အပြင်ပေါက်စျေးနဲ့ မဝယ်တော့ဘဲ ဗဟိုဘဏ်ပေါက် စျေးနဲ့ပဲဝယ်ပြီး ပြန်ရောင်းတာမရှိတော့ ငွေလဲကောင်တာတွေမှာ ဒေါ်လာ အရောင်းအဝယ်စျေးကွက်က လုံးဝရပ်ဆိုင်းနေတယ်လို့တောင် ပြောလို့ရတယ်” ဟု နိုင်ငံခြားငွေကြေး ရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက်ရောင်းဝယ်မှု ပမာဏများမှာ ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက် တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ တစ် သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုး ကျဆင်းမှုအမြင့်ဆုံးအဖြစ် တစ်ဒေါ်လာ ၂၇၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စက် တင်ဘာ နောက်ဆုံးပတ်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်ရှိနေပြီး ရန်ကုန်မြို့ရှိ ငွေလဲကောင်တာအချို့ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပိတ်သိမ်းထားသည်အထိ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံခြားငွေရောင်းစျေးနှုန်း နှင့်ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ကျပ်ငွေတန်ဖိုး ကျဆင်းမှု အားဖြေလျှော့နိုင်ရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက် ဒေါ်လာရောင်းချမှုအနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၂၈ သန်း၊ စက်တင်ဘာလ တွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၁ သန်း နှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့ သည်။
■ မြန်မာ့ရွှေစျေးနှုန်း ပြင်ပစျေးကွက်တွင် ကျပ် ၂၄၇၀၀၀၀ အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ခြင်း
ပြီးခဲ့သည့် သတင်းပတ်တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၄၇၀၀၀၀ အထိ စံချိန်တင်ထပ်မံ မြင့်တက်ခဲ့ကြောင်း သိရသည်။ သြ ဂုတ် ၆ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၇၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၄၃၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်တွင် ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် ရောက်ရှိခဲ့သည့် ပြည်တွင်း ရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ ရက်တွင် ၁၆ ပဲရည်အခေါက် ရွှေစျေးနှုန်းမှာ ၂၀၇၀၀၀၀ ဝန်းကျင်နှုန်းဖြင့် စျေးပိတ်ခဲ့သည်။
၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ် အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ် ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေ ဖော်ဝါရီ ၂၀ ရက်၌ ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြ ဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ် တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာ ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေ စျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာ တွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။
ရွှေစျေးနှုန်းအား သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေဆိုင် အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။
လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါသတ်မှတ် စျေးနှုန်းအား အရောင်းဘောက်ချာတွင်သာ ရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ်သည်။
ရွှေစျေးနှုန်းအား သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေလုပ်ငန်းရှင်များမှ စျေးကွက်တွင်မူ အဆိုပါစျေးဖြင့် ဝယ်ယူမရနိုင်ဘဲ ပြင်ပပေါက်စျေးဖြင့်သာ ဝယ်ယူရောင်းချနေရသဖြင့် ယင်းကဲ့သို့ ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်၂၄၇၀၀၀၀ စျေးသို့ရောက်ရှိနေသော်လည်း ရွှေဝယ်ယူစုဆောင်းသူများပြားမှုကြောင့် ရွှေဆိုင်များတွင် ရွှေထည်ပြတ်လပ်သည်အထိ ရောင်းချနေရပြီး အချို့ဆိုင်များမှာ ရောင်းချမှုပိတ်ထားကြောင်း သိရသည်။