ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၅၅၀ ဝန်းကျင်ရှိသဖြင့် ငွေလဲကောင်တာအချို့ ပိတ်ထားရခြင်းနှင့်  တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုမှာ ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းခြင်း

ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၅၅၀ ဝန်းကျင်ရှိသဖြင့် ငွေလဲကောင်တာအချို့ ပိတ်ထားရခြင်းနှင့်  တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုမှာ ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းခြင်း
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လာရောက်ကြည့်ရှုနေသူများအား တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လာရောက်ကြည့်ရှုနေသူများအား တွေ့ရစဉ်
Published 1 August 2022

မြန်မာနိုင်ငံသည် သီရိလင်္ကာနိုင်ငံကဲ့သို့ စီးပွားရေးပြိုလဲသွားရန် အကြောင်းမရှိကြောင်းနှင့် ထိုက်သင့်သည့်အရန်ငွေကြေးအဖြစ် ဒေါ်လာစုဆောင်းထားပြီးဖြစ်ကြောင်း  ဇူလိုင် ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နစက ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာနိုင်မည်လားဆိုသည်နှင့်ပတ်သက်၍မီဒီယာများ၏ မေးမြန်းမှုအပေါ် “ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာကျွန်တော်တို့  အရန်ငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ပါတယ်။ ပြီးရင်အရန်ငွေကြေးလည်းဖြစ်တဲ့ ယွမ်လိုငွေကြေးများလည်း စုဆောင်းပြီး ဖြစ်ပါတယ်။ ငွေကြေးပမာဏက ကျွန်တော်တို့ မပြောနိုင်ပေမဲ့ ထိုက်သင့်တဲ့ငွေကြေးပမာဏ စုဆောင်းပြီး ဖြစ်ပါတယ်”ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင် ပြောင်းလဲမှုများ  နောက်ကြောင်းပြန်လှည့်နေသည့်အတွက် စီးပွားရေး မျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည်  ပြည်တွင်းနှင့် ပြည်ပဖိအားများကြောင့် ယခင်နှစ်တွင် သိသိသာသာ ကျုံ့သွားခဲ့ပြီးနောက် ပြန်လည် နာလန်ထူရေး နှောင့်နှေးလျက်ရှိသည်။

စီးပွားရေးပြန်လည်ဦးမော့လာမှု သိသိသာသာမရှိသောကြောင့် ၂၀၂၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေးဆောင်ရွက်ချက်များအား သိသိသာသာ အနှောင့်အယှက်ဖြစ်စေသည်။

“မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျု့ံမှုကို ရင်ဆိုင်ခဲ့ပြီး ဒီနှစ်မှာလည်း စီးပွားရေးဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည်နာလန်ထူမှုမှာ များစွာနောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် မာရီယမ်ရှာမန်က ဆိုသည်။

ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၅၅၀ ဝန်းကျင်ရှိနေပြီး ငွေလဲကောင်တာအချို့ အမေရိကန်ဒေါ်လာ ဝယ်ယူ၊ ရောင်းချခြင်း ခေတ္တရပ်နားထား

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၈၅၀ နှုန်း သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင်  တစ်ဒေါ်လာ ကျပ် ၂၅၅၀ ဝန်းကျင် ရှိနေပြီး ငွေလဲကောင်တာအချို့ ဇူလိုင် ၂၇ ရက်က ဒေါ်လာဝယ်ယူ၊ ရောင်းချခြင်း ခေတ္တ ရပ်နားထားကြောင်း၊ ဇူလိုင် ၂၈ ရက်တွင် ငွေလဲ ကောင်တာအချို့ ပိတ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ငွေလဲကောင်တာ အနေနဲ့ အမေရိကန်ဒေါ်လာက ဝယ်ယူ၊ ရောင်းချခြင်းကို ငွေစျေး မငြိမ်လို့ ခဏရပ်ထားပြီး အခြားငွေကြေးတွေကိုပဲ ဝယ်ရောင်းပြုလုပ်ပေးနေပါတယ်” ဟု နိုင်ငံခြားငွေလဲကောင်တာတစ်ခုမှာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ် ငွေတန်ဖိုးမြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း ျားအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို  Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်း ဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

ရွှေလုပ်ငန်းရှင်များအသင်းက  ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ

ဇူလိုင် ၂၈ ရက်တွင် ရန်ကုန် တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက  ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင်၂၂၈၀၀၀၀ ဝန်းကျင် ရှိနေကြောင်း သိရသည်။

ပြည်တွင်းရွှေစျေးကွက်တွင် ဖြစ်ပေါ်နေသည့် ၂၃သိန်းကျော် ပေါက်စျေးသည်စျေးကစားကြသူများ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး ထွက်ပေါ်နေသည့် သတင်းများမှာလည်း အမှန်မဟုတ်ဘဲကောလဟလများသာဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြ ဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ် တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခု နှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက် တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော် အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် သုံးလအတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု ယခင်သုံးလပတ်ထက်၁၅ ရာခိုင်နှုန်း  ကျဆင်း                                      

ရန်ကုန်စတော့အိတ်ချိန်းတွင်   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယ သုံးလပတ်အတွင်း စတော့ရှယ်ယာ တန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရန်ကုန် စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ လအတွင်း စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုနှင့် တတိယ သုံးလပတ်ဖြစ်သည့်  ဧပြီမှ ဇွန်လအထိ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှု စျေးကွက်အခြေအနေများကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ  ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခုမှ  တတိယသုံးလပတ်အတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ တတိယသုံးလပတ်အတွင်း ၁၄၈၁၄၅ ဖြစ်ပြီး ဒုတိယသုံးလပတ်အတွင်း ၁၉၄၁၃၄ ဖြစ်ကာ တတိယသုံးလပတ်အတွင်းမှာ ဒုတိယသုံးလပတ်ကာလထက် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်းအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ကျပ်သန်း ၉၃၀ ဒသမ ၅၈ သန်းရှိသည်၊ တတိယသုံးလပတ်အတွင်း ကျပ် ၇၉၀ ဒသမ ၈၇ သန်း ရှိခဲ့သည်။ တတိယသုံးလပတ်အတွင်းမှာ ဒုတိယသုံးလပတ်ကာလထက် အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်  ဖြစ်မြောက်သည့်ရှယ်ယာစောင်ရေအနေဖြင့် ဒုတိယသုံးလပတ်အ တွင်း၃၁၈၃ ရှိခဲ့ပြီး တတိယသုံးလပတ် အတွင်း ၂၅၁၁ သာ ရှိခဲ့သဖြင့် တတိယသုံးလပတ်ကာလအနေဖြင့် ဒုတိယသုံးလပတ်ကာလထက် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်   ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ကျပ်သန်း ပေါင်း ၁၅ ဒသမ ၂၆ ရှိခဲ့ပြီး တတိယသုံးလပတ်အတွင်း ကျပ်သန်း ၁၃ဒသမ ၄၀ ရှိခဲ့သည်။ သို့ဖြစ်ရာ တတိယသုံးလပတ်မှာ ဒုတိယသုံးလ ပတ်ကာလထက်  ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏  အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှု အနေဖြင့် ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်အရ  FMI ကုမ္ပဏီက စျေးနှုန်း မှာ ၇၂၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၀၃၀ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်း မှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၄၁၆ခုရှိနေသည်။ MCB ကုမ္ပဏီက စျေးနှုန်းမှာ ၆၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၃၈ ခု၊ FPB ကုမ္ပဏီက စျေးနှုန်းမှာ ၁၇၅၀၀ ကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ၁၅ဝခု၊ TMH ကုမ္ပဏီက စျေးနှုန်းမှာ ၂၄၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၅၀ ခုရှိနေသည်။ EFR ကုမ္ပဏီက စျေးနှုန်းမှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အ ရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၀ ခု၊ AMATA ကုမ္ပဏီက စျေးနှုန်းမှာ ကျပ် ၅၀၀၀  ဖြစ်ပြီး အရောင်းအဝယ် ဖြစ်သည့်ရှယ်ယာ ၃၀၀ ခုရှိနေသည်။

Most Read

Most Recent