နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှု၊ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည့် ကုန်စျေးနှုန်းကြားက ရောင်းရေးဝယ်တာ အကျပ်အတည်းများ

နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှု၊ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည့် ကုန်စျေးနှုန်းကြားက ရောင်းရေးဝယ်တာ အကျပ်အတည်းများ
ရန်ကုန်မြို့ ရွှေပိတောက်ငါးစျေးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ ရွှေပိတောက်ငါးစျေးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 1 August 2022

ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဧပြီလကပြုလုပ်ခဲ့ သည့် အိမ်ထောင်စု စစ်တမ်းအရ အမှန်ဝယ်ယူသုံးစွဲခြင်း (real Consumption) အထူးသဖြင့် စားသုံးကုန်မဟုတ်သော၊ မရှိမဖြစ်မဟုတ်သော ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမှာ ယခင်နှစ်ကထက် ပိုမိုကျဆင်းလာခဲ့ကြောင်း သိရသည်။

အိမ်ထောင်စု စစ်တမ်းအရ    အိမ်ထောင်စု၊ လယ်ယာနှင့်စီးပွားရေးလုပ်ငန်းများတွင် အလုပ်လက်မဲ့ဖြစ်မှု၊ အလုပ်ချိန် လျော့နည်းသွားမှုနှင့် လုပ်ခလစာ လျော့နည်းလာမှုကြောင့် အိမ်ထောင်စုဝင်ငွေ (nominal household income) လျော့နည်းစေခဲ့သည်။

“အလုပ်မရှိတာ ၂၀၂၁ ခုနှစ်  နှစ်ဆန်းပိုင်းကတည်းကပေါ့။ မိသားစု ငါးယောက်မှာ နှစ်ယောက်ပဲအလုပ်ရှိတယ်။ ကျန်တဲ့သုံးယောက်က ထိုင်စား။ အရင်က အမေကလွဲရင် ကျန်တဲ့သူတွေ အကုန်အလုပ်ကိုယ်စီရှိကြတယ်၊ အမေကတော့ အိမ်မှာပဲနေတယ်ပေါ့။ ဆိုတော့ စားဝတ်နေရေး ချောင်လည်ရုံမက ရွှေတိုငွေစနဲ့ အပိုအလျှံဘဏ်မှာစုဆောင်းငွေလည်းရှိတယ်။ အခုကျတော့ ထိုင်စားနေရတာနဲ့ ရှိတာပြောင်တဲ့အပြင် ပေါင်စရာတောင် ဘာမှမရှိတော့ဘူး။ ကိုယ့်ချည်းပဲလားဆို ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေမှ အများကြီးပဲ။ အဓိကကတော့ အလုပ်မရှိ ဝင်ငွေမရှိတာပဲ။ ဝင်ငွေက မရှိဘူး။ စျေးတွေက အကုန်တက် စျေးချည်းပဲ။ အခြေခံလူတန်းစားတွေ စားဝတ်နေရေး  ကျပ်တည်းနေကြပြီ”ဟု ယခင်က ကုမ္ပဏီဝန်ထမ်းလုပ်ကိုင်ခဲ့ရာမှ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်ခဲ့သူတစ်ဦးက ပြောကြားသည်။

အခြေခံလူထုအကြားတွင် ဝင်ငွေနှင့်ထွက်ငွေ မမျှသည့် ပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေသည်။

အမှန် အိမ်ထောင်စုဝင်ငွေ (real household income) သည် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာမှုကြောင့် ပိုမိုလျော့ကျလာခဲ့ရာ နောက်ဆုံးရရှိသည့်အချက်အလက်များအရ မတ်လတွင် အစားအစာနှင့် လောင်စာဆီစျေးနှုန်းများ ထိုးတက်သွားခဲ့သဖြင့် CPI ဖောင်းပွနှုန်း မှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်း (yoy)  ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလ စီးပွားရေးလုပ်ငန်းများ စစ်တမ်းအရ ပုဂ္ဂလိကစားသုံးနိုင်စွမ်းအားနည်းလာကြောင်း အတည်ပြုခဲ့ပြီး လက်လီနှင့်လက်ကားအရောင်းများသည် ယခင်နှစ်ကထက် လေးပုံတစ်ပုံကျော် ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၈၅၀ သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် တစ်ဒေါ်လာ ကျပ် ၂၅၀၀ ကျော်ရှိလာခဲ့သည်။

အချို့ရက်များတွင် ကျပ် ၂၆၀၀ ဝန်းကျင်အထိပင် ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

တရားဝင်သတ်မှတ်ထားသည့် စျေးနှုန်းနှင့် စျေးကွက်ပေါက်စျေး  များစွာကွာခြားလျက်ရှိသည်။ တစ် ဒေါ်လာ ကျပ် ၂၅၀၀ ဝန်းကျင်ရှိလာချိန်တွင် နိုင်ငံခြားငွေလဲကောင်တာအချို့  ဝယ်ရောင်းပြုလုပ်မှု ယာယီရပ်ဆိုင်းထားရသည့် အခြေအနေအထိ ရှိခဲ့ကြောင်း သိရသည်။

မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှုတွင် ယခင်ရရှိပြီးသား တိုးတက်မှုများကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ပင် တာဝန်ရှိသူများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းရှင်ထားရှိမှုကို ဖယ်ရှားလိုက်ကာ စျေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းသေကို သတ်မှတ်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားငွေလဲလှယ်မှုဖိအား ကို ကိုင်တွင်ဖြေရှင်းရန် နိုင်ငံခြားငွေလဲလှယ်ရာတွင် ကန့်သတ်ချက်များ  ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် အမေရိကန်ဒေါ် လာရှားပါးမှုဖြစ်ပေါ်စေခဲ့ပြီး တရားဝင်သတ်မှတ်နှုန်းနှင့် ပြင်ပစျေးကွက် ပေါက်စျေးများ(ဇူလိုင်လလယ်တွင် စျေးနှုန်းကွာဟမှုမှာ ရာခိုင်နှုန်း ၂၀ အထိ ဖြစ်ပေါ်ခဲ့သည်) ကွာဟမှုကြီး ထွားလာခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် စားသုံးသူစျေးဆနှုန်း မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိသည်။

အလားတူပင် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများအကြားတွင်လည်း နေ့စဉ်တရိပ်ရိပ်မြင့်တက်နေသည့် စျေးနှုန်းကြောင့် ရောင်းရေးဝယ်တာ အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း ၎င်းတို့ အဆိုအရ သိရသည်။

“ဒီကာလ တွင်တွင်ကျယ်ကျယ် ပြောနေကြတဲ့စကားလုံးကတော့   “စျေးတက်သွားပြီ။ စျေးတက်ပြန်ပြီ။ စျေးကတက်ပြီးရင်း တက်နေလို့ပါ။ ဒါတွေပဲ နေ့တိုင်းကြားနေရတယ်။  ဒါတောင် ကျွန်တော်တို့က အရင်စျေးအတိုင်းပဲ ရောင်းပေးထားတာ၊ ခုချိန်သွားပြန်ဝယ်ရင် ဒိုင်ပေးတဲ့ လက်ကားစျေးတောင် ဒီထက်ပိုများနေပြီ။ ကုန်စျေးနှုန်းအတက်တွေကြားထဲမှာ ဆိုင်မှာ ရောင်းအားက တက်မလာဘူး”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြင့်တက်လာသော ကုန်စျေးနှုန်းများက စီးပွားရေးလုပ်ငန်းများ အားလုံးကို ထိခိုက်စေကာ အမြတ် အစွန်းရရှိမှု ကျဆင်းသွားစေခဲ့ခြင်းဖြစ်သည်။

“စျေးတွေက ရောင်းပြီး ပြန်ဝယ်ရင်ကို ရောင်းတဲ့စျေးထက် မြင့်နေပြန်ရော။ အဲဒီတော့ စျေးရောင်းကောင်းလည်း ပျော်မနေတော့ဘူး။ ပစ္စည်းပဲ ထပ်တင်ရမလား။ လက်ကျန်ပဲ ဖြတ်ရမလား။ လမ်းတွေ ပျောက်ရောပဲ။ ဒီနေ့ရောင်းရတဲ့ ပိုက်ဆံက မနက်ဖြန်အတွက် အရင်းမဟုတ်တော့ဘူး။ ဆိုင်ပါပြုတ်တော့မယ့် ကိန်းဗျ”ဟု ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချနေသူတစ်ဦးက ပြောကြားသည်။

ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချလာသည်မှာ ၁၀ နှစ်ဝန်းကျင်ရှိလာခဲ့ပြီး လက်ရှိကာလကဲ့သို့ တစ်နေ့တစ်စျေးဖြင့် စျေးနှုန်းတရိပ်ရပ်  မြင့်တက်ကာ အရောင်းကျပ်၊ အဝယ်ကျပ်သည့် အခြေအနေမျိုး တစ်ခါမျှပင် မကြုံဖူးခဲ့ကြောင်းလည်း စံပြစျေးအနီး ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချသူတစ်ဦးက ပြောကြားခဲ့ သည်။

“ခြင်ဆေးခွေ တစ်ဘူးကိုအရင် က ၅၅၀၊ ၆၀၀၊ နောက်တော့ ၆၅၀၊ အခု ဒီနေ့စျေး ၈၅၀ ဖြစ်သွားပြီ။ အရင်က ဘယ်တုန်းကမှ မတက်တဲ့ ဆားစျေးတက်သွားပြီ။ ကိုယ်တိုက် ဆပ်ပြာအသေးတုံးလေးတွေ အရင် က ၈၅၀၊ အခု ၁၂၀၀၊ တစ်သျှူးတစ်ထုပ်ကို အရင်က ၅၀၀၊ အခု ၆၀၀၊  အကုန်လုံးစျေးတက်နေတာ။ ဒီနေ့နဲ့ နက်ဖြန် စျေးမတူဘူး။ စျေးရောင်းရတာ ကျွန်မတို့လည်း မျက်စိတွေလည်နေပြီ။ ဒီနေ့အရင်းကရတဲ့အမြတ်ဟာ အမြတ်မဟုတ်တော့ဘဲ  မနက်ဖြန်အတွက် အရင်းပဲရတော့တဲ့အခြေအနေ။ မကြာခင် ဆိုင်ပြုတ်တော့မယ်ထင်တယ်”ဟု ၎င်းကဆိုသည်။

ကျပ်ငွေတန်ဖိုးလျော့ကျသွားခြင်း၊ ကုန်ကြမ်းကွင်းဆက်ပြတ်တောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာမှုအကျိုးဆက်များကြောင့် သွင်းကုန်အမျိုးအစားများစွာ စျေးနှုန်းကြီးမြင့်လာခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးကလည်း “ကော်ဖီစျေးတွေ တက်တာများ အရင်တုန်းက ကော်ဖီမစ် တစ်ထုပ်ကို လက်လီစျေး တစ်ထုပ် ၁၀၀ ပေါ့။ အခုတော့ တစ်ထုပ် ၂၀၀ ရမှာ ရောင်းနိုင်တော့မယ်။ မနေ့က ဒိုင်စျေးအထုပ်ကြီး တစ်ထုပ်ကို ၄၈၀၀ ၊ ဒီနေ့ ၅၁၀၀ တဲ့။ အထုပ် ၃၀ ပါတဲ့ အထုပ်နော်။ အဲဒီတော့ လက်လီမှာ တစ်ထုပ်ကို ၂၀၀ ရမှာပဲ ရောင်းနိုင်တော့မယ်။ ဒါတောင် ဒီနေ့စျေး၊ မနက်ဖြန်စျေး ဘယ်လိုလာမလဲ ဘယ်သူမှ ကြိုမပြောနိုင်ကြဘူး”ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံခြားငွေကြေးစျေးကွက် မတည်ငြိမ်မှု၊ ရွှေစျေးအတက်အကျ ကြမ်းနေမှု၊ စက်သုံးဆီစျေးနှုန်းများ မြင့်တက်မှုတို့က စားသုံးသူများနှင့် ပြည်တွင်း စျေးကွက်အပေါ် ဂယက်ကြီးစွာ  ရိုက်ခတ်ခဲ့ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းအများစု အရောင်းအဝယ် ရပ်ဆိုင်းထားကြကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်၊ ဆိုင်လေးတွေ တစ်ခုပြီးတစ်ခု ပိတ်၊ အလုပ်တွေအကုန်ရပ်ထားရပြီး  လှုပ်လေ မြုပ်လေဖြစ်နေကြတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယင်းသို့  ငွေစျေးမတည်ငြိမ်မှု၏အကျိုးဆက်ကြောင့် သွင်းကုန်လုပ်ငန်းများ၊  အထူးသဖြင့် စျေးကွက်အတွင်း သွင်းကုန်ပစ္စည်းများ ရုတ်တရက် ပြတ်လပ်သွားမှု စသည်တို့ကြောင့် ကုမ္ပဏီအချို့ အရောင်း ရပ်ထားမှုများ ရှိလာခဲ့သည်။

ထို့ပြင် သွင်းကုန်လုပ်ငန်းများ၊ ဒေါ်လာနှင့် ပတ်သက်ဆက်နွှယ်သည့်လုပ်ငန်းများအနေဖြင့် အရောင်းရပ်ပြီး ငုတ်တုတ်ထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ အရှုံးအနည်းဆုံးနည်းလမ်းမှာ ထိုင်နေရုံသာ ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်များကဆိုသည်။

“နိုင်ငံခြားငွေလဲနှုန်း ဒေါ်လာပေါ့ဗျာ။ ဒေါ်လာစျေးတက်တဲ့ဂယက်က စီးပွားရေးမှာ ကမောက်က မဖြစ်ကုန်တာပေါ့၊ လုပ်ငန်းတွေအဆင်ပြေဖို့ မသေချာမရေရာဘူး။ စျေးတက်တယ်။ လုပ်ငန်းရှင်တွေက မကိုက်တော့ လုပ်ငန်းတွေ ရပ်ကြတယ်။ အဲဒီတော့ လူတွေအလုပ်ပြုတ်ကြတယ်။ အလုပ်ပြုတ်တော့ ဝင်ငွေမရှိ၊ ဝင်ငွေမရှိရင် ဘာနဲ့စားကြမလဲ။ ဝင်ငွေမရှိတော့ ဝယ်မစားနိုင်၊ ဝယ်သူက မဝယ်တော့ အရောင်းကျ၊ အရောင်းကျတော့ လုပ်ငန်းတွေရပ်၊ လုပ်ငန်းရပ်တော့ အလုပ်တွေ ပေးမထားနိုင်၊ အလုပ်မပေးနိုင်တော့ အလုပ်သမားတွေ အလုပ်ပြုတ်ကြ၊ လစာလျှော့ခံရ၊     အဲဒီတော့ ဝယ်ယူစားသုံးနိုင်စွမ်းတွေ ကျတယ် ။ အဲဒီလိုသံသရာလည်နေတာပေါ့ဗျာ။ ရှေ့ဆို ပိုဆိုးလာနိုင်တဲ့အခြေအနေတွေအတွက် ပြင်ဆင်ထားသင့်တယ်”ဟု လုပ်ငန်းရှင် တစ်ဦးက  ပြောကြားသည်။

ငွေကြေးစနစ်နှင့် ဘဏ်စနစ်သည် ယုံကြည်မှုနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ မလိုလားအပ်သည့် ထိန်းချုပ်မှုများ ဖြေလျှော့မှသာ ပြည်သူများ၏ ယုံကြည်မှု ပိုမိုကောင်းလာကာ ဘဏ်စနစ်နှင့် စီးပွားရေး လုပ်ငန်းများ ရှင်သန်နိုင်မည် ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့်ဂယက်ကြောင့် ငွေကြေးစျေးကွက် ကမောက်ကမဖြစ်ပြီး အကျိုးဆက်အနေဖြင့် ဒေါ်လာစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေးများ အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း၊ ယင်းအကျပ်အတည်းနှင့် အခက်အခဲများကို စီးပွားရေးလုပ်ငန်းများ နှင့် ပြည်သူများ ခါးစည်းခံနေရသဖြင့် မတည်မငြိမ် ဖြစ်နေသည့် ငွေကြေးစျေးကွက်နှင့် ယင်းပြဿနာ၏ အကျိုးဆက်များ၊ မလွဲမသွေ ဖြစ်ပေါ်လာမည့် စီးပွားရေးကျဆင်းမှုကို ကုစားရန်  မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန်ကန်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြော ကြားခဲ့သည်။     

Most Read

Most Recent