မွန်ပြည်နယ်နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

မွန်ပြည်နယ်နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်
Published 31 July 2022
​​​​​​​ဘိုဘိုမြင့်

Photo  - ကျိုက်ထိုမြို့နယ်အတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ)

ယခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၈၃၅ ဦးရှိခဲ့ပြီးတော့ သေဆုံးသူ ၃၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သွေးလွန်တုပ်ကွေးရောဂါအများဆုံးဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ယခုနှစ်အတွင်း မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်းများပြားနိုင်တယ်လို့လည်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေကသတိပေး ပြောကြားထားပါတယ်။

ဒီနှစ်မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းက တော်တော်များနိုင်ပါတယ်။ အဲဒီအပြင်ကို သွေးလွန်တုပ်ကွေးစတင်ဖြစ်ပွားတဲ့ ကလေးတွေမှာ စိုးရိမ်ရတဲ့အနေအထားမျိုးတော်တော်လေးရှိပါတယ်။ အဲဒီတော့ ဆရာတို့က မွန်ပြည်နယ်မှာရှိတဲ့ ဆေးရုံတိုင်းကိုတပ်လှန့်ပြီးတော့ ဆေးဝါးပစ္စည်းကအစပေါ့လေ။ လိုအပ်တဲ့အထောက်အကူပြုပစ္စည်းတွေကအစ အဆင်သင့်ဖြစ်အောင် ကြိုးစားပေးနေပါတယ် လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ကလည်း ပြည်သူလူထုက အခြေပြုတဲ့စနစ်၊ ကျောင်းအခြေပြုတဲ့စနစ်နဲ့ ရောဂါဖြစ်ပွားတဲ့ ကလေးလူနာတစ်ယောက်တွေ့လာရင် စောင့်ရှောက်ရမယ့်စနစ် စတဲ့ စနစ် သုံးမျိုးနဲ့ဆောင်ရွက်နေကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုပါတယ်။

၎င်းကဆက်လက်ပြီး “အဲဒီအပြင်ကို ရောဂါခံစားနေရတဲ့ကလေးတွေကို အသက်အန္တရာယ်စိုးရိမ်ရမယ့်လက္ခဏာရှိလာရင် စောစီးစွာလွှဲပြောင်းနိုင်ရေးအတွက်ကိုလည်း မြို့နယ်တိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့၊ Volunteer တွေနဲ့အားလုံးကို စည်းရုံးပြီးတော့ လုပ်ဆောင်နေပါတယ်။ ဥပမာ သွေးလန့်တဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲဆိုရင် ဘာတွေလဲ။ အသက်အန္တရာယ်ရှိလာနိုင်တဲ့ ရောဂါလက္ခဏာတွေဆိုရင်ဘာတွေလဲဆိုတော့ အပြင်းဖျားမယ်။ ခေါင်းမထောင်နိုင်အောင်ဖြစ်နေတယ်။ နှာခေါင်းသွေးလျှံမယ်။ သို့တည်းမဟုတ် သွားဖုံးထဲက သွေးယိုမယ်။ ဗိုက်အောင့်ပြီးတော့ လူးလှိမ့်နေမယ်။ ဝမ်းမည်းမည်းသွားမယ်။ စတဲ့ရောဂါလက္ခဏာတွေဖြစ်လာပြီးဆိုရင် လုံးဝမနှောင့်နှေးဘဲနဲ့ ဆေးရုံဆေးခန်းကို ချက်ချင်းပဲ၊ အမြန်ဆုံးပြနိုင်ဖို့လိုအပ်ပါမယ် လို့ပြောပါတယ်။

လက်ရှိအချိန်ကာလအတွင်း ကလေးတစ်ယောက်ဖျားနာပြီးဆိုပါက သွေးလွန်တုပ်ကွေးရောဂါ ဟုတ်၊ မဟုတ် သတိထားပြီး စောင့်ကြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ခုနစ်ရက်နေကြောင်း၊ ယင်းခုနစ်ရက်အတွင်းမှာ ရောဂါပြင်းပြင်းထန်ထန်ခံစားရပါက ၄၈ နာရီအတွင်းခန္ဓာကိုယ်အတွင်းရှိ သွေးကြောများထဲမှ သွေးရည်ကြည်များ ယိုစိမ့်မှုဖြစ်တတ်ကြောင်း၊ ထိုဖြစ်စဉ်ကို  ကြိုတင်သိရှိပြီး ကလေးငယ်အား ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီပို့ဆောင်ပြီး ကုသနိုင်မည်ဆိုပါက ကလေးများ၏ အသက်အန္တရာယ်ဖြစ်နိုင်မှုမှ  ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ထို ၄၈ နာရီအတွင်း အချိန်မီမကုသနိုင်ခဲ့ပါက ကလေးများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အနေအထားမျိုးဖြစ်သွားနိုင်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောကြားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ မွန်ပြည်နယ်ကနှစ်စဉ် ဖြစ်ပွားမှုနှုန်းများတဲ့ စာရင်းမှာပါဝင်နေပါတယ်။ ဒါကလည်း မွန်ပြည်နယ်က မိုးများတယ်။ နောက်လုပ်ငန်းသဘောသဘာဝအရ ရော်ဘာစိုက်ပျိုးရာဒေသတစ်ခုဖြစ်တယ်။ နောက်အရိပ်တွေရတဲ့ ဒေသတစ်ခုဖြစ်တယ်။ ရေခိုအောင်းနိုင်တဲ့နေရာတွေလည်းအများကြီးရှိတယ်။ ဒါ့ကြောင့် မွန်ပြည်နယ်ကတော့ နှစ်စဉ်နှစ်တိုင်း သွေးလွန်တုပ်ကွေးအဖြစ်များတဲ့စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီနှစ်က သွေးလွန်တုပ်ကွေးအကြီးအကျယ်ကိုဖြစ်ပွားနိုင်တဲ့ နှစ်တစ်နှစ်လို့ ယူဆထားသလို ကျွမ်းကျင်ပညာရှင်တွေကလည်း သုံးသပ်ထားပါတယ်။ အဲဒီတော့ ဆရာတို့အနေနဲ့ကလည်း သတိထားပြီးတော့လုပ်ဆောင်နေပါတယ် လို့ ဒေါက်တာနန္ဒဝင်းက ဆက်လက်ပြောကြားပါတယ်။

လက်ရှိ မွန်ပြည်နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လဆန်းပိုင်းအချိန်ကာလအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိခဲ့ပြီးတော့ ဇွန်လနောက်ဆုံးပတ်ကိုရောက်တဲ့အချိန်မှာ ရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်ရှိလာပြီး ကလေးငယ် သုံးဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့သူ သုံးဦးက ရေးမြို့နယ်အတွင်းက ကလေးငယ်တစ်ဦးနဲ့ ကျိုက်ထိုမြို့နယ်အတွင်းက ကလေးငယ် နှစ်ဦးတို့ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အထိကို မွန်ပြည်နယ်မှာ  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၄၁၉ ဦးအထိရှိခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးမြို့နယ်က မော်လမြိုင်မြို့နယ်ဖြစ်ပြီး ဒုတိယအဖြစ်အများဆုံးမြို့နယ် မှာ ချောင်းဆုံမြို့နယ်ဖြစ်ကြောင်းနဲ့ တတိယအဖြစ်အများဆုံးမြို့နယ်မှာ သံဖြူဇရပ်မြို့နယ်ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြိး ကျောင်းမဖွင့်ခင်ကာလထက် ကျောင်းဖွင့်ပြီးကာလမှာ မြင့်တက်လာနိုင်သည်ဟု မှန်းထားပါကြောင်း၊ ယခင်က တစ်ပတ်လျှင် လူနာ ၁၀၀ ခန့်စာရင်းတက်သော်လည်း ယခုအခါတွင် တစ်ပတ်လျှင် လူနာ ၁၅၀ ခန့်စာရင်းတက်လာနေကြောင်း၊ ခြင်ကြောင့်ဖြစ်ပွားသည့်ရောဂါများကို ကာကွယ်နှိမ်နင်းရေးအဖွဲ့တာဝန်ခံဆရာဝန် ဒေါက်တာမင်းသူက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “လက်ရှိမှာ ကလေးတွေ စုဝေးတဲ့နေရာတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေလိုနေရာတွေမှာ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်လို့ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း လူမှုဝန်ထမ်းဦးစီးဌာန၊ လူကယ်ပြန်ဌာန၊ ပညာရေးဌာနတွေနဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ် လို့ပြောပါတယ်။

မိဘများအနေဖြင့်လည်း မိမိ၏နေအိမ်တွင် ခြင်လောက်လန်းမပေါက်ပွားနိုင်စေရေးနှင့် မိမိ၏ ရင်သွေးလေးများတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ Abate ဆေးခတ်သည့် လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ခြင်ကိုင်မခံရအောင် အကျႌလက်ရှည်၊ ဘောင်းဘီရှည်များဝတ်ဆင်ပေးခြင်း၊ ကလေးငယ်များကို အလင်းရောင်ကောင်းကောင်းရနိုင်သည့် နေရာများတွင် နေထိုင်အိပ်စက်စေခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း ဒေါက်တာမင်းသူက ဆိုပါတယ်။

ကလေးက ဖျားနာလာပြီးဆိုရင်လည်း မပေါ့ဆဘဲနဲ့သေချာဂရုတစိုက်နဲ့ စောင့်ကြည့်ရပါမယ်။ သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖျားနာပြီး လေးရက်မြောက်နေ့နဲ့ ခုနစ်ရက်မြောက်နေ့တွေမှာ ပေါ်လာလို့ရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး ခေါ်ဆောင်သွားပြီးတော့ ကုသမှုကို စနစ်တကျခံယူမယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါကြောင့်ဖြစ်ပွားနိုင်တဲ့ အသက်အန္တရာယ်စိုးရိမ်ရမှုကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ် လို့ ဒေါက်တာမင်းသူက ဆက်လက်ပြောကြားပါတယ်။

ကျန်းမာရေးဌာနအနေဖြင့် ရက်သတ္တတစ်ပတ်၏ နောက်ဆုံးနေ့များဖြစ်သည့် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အခြေခံကျန်းမာရေးဌာနမှ ဝန်ထမ်းများကရပ်ကွက်များအထိဆင်းပြီး နေအိမ်များရှိ ရေသိုလှောင်ထားသည့် နေရာများတွင် ခြင်၊ လောက်လန်းပေါက်ပွားမှု ရှိ၊ မရှိလိုက်လံ စစ်ဆေးခြင်း၊ ရေလှောင်ကန်များ လုံခြုံစွာဖုံးအုပ်ထားခြင်းရှိ၊ မရှိလိုက်လံစစ်ဆေးခြင်း၊ ဖုံးအုပ်ရမည့် ရေကန်များကို လုံခြုံစွာ ဖုံးအုပ်ပေးခြင်း၊ Abate ခတ်ခြင်း၊ ရေတွင်းများတွင် လောက်လန်းစားငါးများ ထည့်သွင်းမွေးမြူပေးခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

ထို့ပြင် ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများတားဆီးနှိမ်နင်းရေးအဖွဲ့အနေနဲ့ကလည်း မြို့နယ်များကို Abate ဆေးများနှင့် ခြင်ဆေးမှုတ်သည့် ဆေးများကို ဖြန့်ဝေပေးနေကြောင်း၊ ၎င်းအပြင် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့် လူ/ကယ်/ပြန် ဌာနများနှင့် ပူးပေါင်းပြီး လူ/ပြန်/ကယ် ဌာနအောက်မှာရှိတဲ့ မူကြိုကျောင်းတွေ၊ ပညာရေးဌာနအောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေကို ပန်းဖလက်တွေ၊ ပိုစတာတွေကို ဖြန့်ဝေတာ၊ ပညာပေးဟောပြောတာတွေကို လုပ်ဆောင်နေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတဲ့ ကလေးတစ်ယောက်ရှိပြီဆိုတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လူနာအိမ်ကိုသွားပြီးတော့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းလုပ်ဆောင်တာ၊ Abate ဆေးခတ်တာ၊ ခြင်ဆေးမှုတ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။  “အဓိကက ကိုယ့်အိမ်မှာ အသက် ငါးနှစ်ကနေ ကိုးနှစ်အတွင်း ကလေးတွေရှိတဲ့ မိသားစုတွေအနေနဲ့ အခုလို မိုးရာသီကာလအတွင်းမှာ ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတတ်တာကို အထူးသတိပြုရပါမယ်။ ကိုယ့်အိမ်မှာ ခြင်လောက်လန်းပေါက်ပွားမှုမရှိအောင် ရေတွေကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်ရပါမယ်။ တကယ်လို့ Abate ဆေးတွေကိုလည်း ကျန်းမာရေးဌာနက ဝန်ထမ်းတွေ လိုက်လံဝေငှပေးနေတာတွေရှိသလို၊ ထပ်ပြီးလိုအပ်ချက်ရှိရင်တော့ နီးစပ်ရာကျန်းမာရေးဌာနကို ဆက်သွယ်ပြီးတော့ တောင်းယူနိုင်ပါတယ်။ ကလေးတွေ နေ့ခင်းဘက်အိပ်တဲ့အခါမျိုးမှာ အလင်းရောင်ရတဲ့နေရာမျိုးတွေမှာ ခြင်ထောင်နဲ့ သိပ်ပါ။ ကလေးတွေနေ့ခင်းဘက်ကစားလို့ရှိရင် အကျႌလက်ရှည်၊ ဘောင်းဘီရှည် တွေဝတ်ဆင်ထားပေးပါ လို့ ဒေါက်တာမင်းသူ က သတိပေးပြောကြားထားပါတယ်။

ဒီကြားထဲမှာ ကလေးတွေနေထိုင်မကောင်းဖြစ်ရင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်တယ်ဆိုတဲ့ သံသယလေးထားပြီးတော့ ကလေးကို စောင့်ကြည့်ပေးပါတယ်။ တစ်ခုခု အန္တရာယ်လက္ခဏာမျိုးရှိလာပြီးဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးပို့ဆောင်ပေးပါလို့ပြည်သူတွေကို ပြန်ကြားလိုပါတယ် လို့ ဒေါက်တာမင်းသူ က ဆက်လက်ပြောကြားပါတယ်။

သွေးလွန်တုပ်ကွေးကူးစက်ရောဂါဟာ ၁၉၆၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးတော့ ၁၉၇၀ ပြည့်နှစ်လွန်မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးကျန်းမာရေးဦးစီးဌာနမှာရှိတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားမှုနှုန်းများခဲ့တဲ့ နှစ်တွေဖြစ်ကြတဲ့ ၂၀၀၁ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၂၂ ဦးရှိခဲ့ပြီး ၅၇ ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်ကလည်း ရောဂါဖြစ်ပွားသူ ၃၀၂၈ ဦးရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်ကလည်း ရောဂါကူးစက်ဖြစ်ပွားသူ ၅၀၀၀ ဦးအထိစံချိန်တင်ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရပါတယ်။  သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်လို့ မိဘပြည်သူတွေအနေနဲ့ကလည်း မိမိတို့သားငယ်၊ သမီးငယ်၊ ရင်သွေးငယ်တွေ အသက်အန္တရာယ်မဖြစ်စေဖို့ သက်ဆိုင်ရာကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို တတ်နိုင်သလောက် သိရှိလိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 

Most Read

Most Recent