ရှင်ဇိုအာဘေးကိုလုပ်ကြံခဲ့သူ၏ အာဃာတအငြိုးနောက်ကွယ်

ရှင်ဇိုအာဘေးကိုလုပ်ကြံခဲ့သူ၏ အာဃာတအငြိုးနောက်ကွယ်
Photo: The Japan Times
Photo: The Japan Times
Published 30 July 2022
ခက်ဝေ 

ပေါင်းစည်းရေးခရစ်ယာန်အသင်းတော် ကိုအခဲမကျေဖြစ်နေသည့် အမျိုးသားတစ်ဦးက ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံပစ်သတ်ခဲ့သည့်ဖြစ်ရပ်သည် ၎င်းအသင်းတော်ကြီး၏ နှစ်နှင့်ချီအရှုပ်တော်ပုံများကို ပြန်ထကြွလာစေခဲ့သည်။

ရဲတပ်ဖွဲ့အဆိုအရ တရားခံ တက်ဆုယ ယာမာဂမိသည် ၎င်း၏မိခင် ငွေလှူဒါန်းထည့်ဝင်လေ့ရှိသည့် ပေါင်းစည်းရေးအသင်းတော်ကို ရှင်ဇိုအာဘေးက ပ့ံပိုးပေးနေသည်ဆိုသည့်အထင်ဖြင့်  အာဘေးကို ပစ်မှတ်ထား လုပ်ကြံလိုက်ခြင်းဖြစ်သည်။

ဂျပန်ပြည်တွင်းမီဒီယာတစ်ခုက ထုတ်ဖော်ပြသသည့်စာတစ်စောင်တွင် ယာမာဂမိက အာဘေးကို ပေါင်းစည်းရေးအသင်းတော်အား ထောက်ခံအားပေးသူအဖြစ် စွပ်စွဲချက်အပြင် မိခင်ဖြစ်သူအဖွဲ့ဝင်ထားသည့်အသင်းတော်အပေါ် စိတ်နာနေမှုများကိုလည်း ထည့်ဖော်ပြထားသည်။

ယာမာဂမိ၏မိခင်သည် ခင်ပွန်းဖြစ်သူ အဆုံးစီရင်သွားပြီးနောက်ပိုင်း  အသင်းတော်သို့ဝင်ရောက်ခဲ့ပြီး ၎င်းင်း၏ဘာသာရေး သက်ဝင်ယုံကြည်မှုသည် ပြင်းထန်ခဲ့သည်။ ပြည်တွင်းမီဒီယာကို ယာမာဂမိ၏ဦးလေး ပြောပြချက်အရ ယာမာဂမိ၏မိခင်သည် ဘုရား ကျောင်းသွားတက်သည့်အခါမျိုးတွင် သားသမီးများကို (စားစရာမရှိ) အငတ်ထားခဲ့သည့် အတွက် ယာမာဂမိက အကူအညီ တောင်းတတ်သည်။

မိခင်သည် အသင်းတော်ကို ယန်းငွေ သန်း ၁၀၀ လှူဒါန်းထားပြီး နောက်ပိုင်းမွဲပြာကျသည့်အဖြစ်သို့ ဆိုက်သွားသည်။ ထိုအဖြစ်များသည် အကျိုးဆောင်ရှေ့နေဟီရိုရှီယာမာဂူချီ (အခြားသောအသင်းဝင်ဟောင်းများကို ကိုယ်စားပြုသူ) အတွက် အကျွမ်းဝင်ပြီးသားဖြစ်ရပ်များ ဖြစ်သည်။

“အသင်းဝင်တွေဟာ လှူဒါန်းရမယ့်ငွေအတွက် နေ့စဉ်နဲ့အမျှ စိတ်ဖိစီးနေရတယ်။သင်တို့ရဲ့ကံကြမ္မာက ငွေနဲ့နွှယ်နေတယ်။ ဒါ့ကြောင့် သင်တို့ကိုယ်သင်တို့ ကယ်တင်ဖို့ လှူဒါန်းခြင်းကသာ တစ်ခုတည်းသော အဖြေမို့ လှူကိုလှူရမယ်ဆိုပြီး အသင်းတော်က အသင်းဝင်တွေကိုပြောတယ်” ဟုရှေ့နေယာ မာဂူချီက AFP သတင်းဌာနကို ပြောသည်။

တရားဝင်အမည် Family Federation for World Peace and Unification(FFWPU)ဟုခေါ်သည့် ပေါင်းစည်းရေး အသင်းတော်(အများသိအမည်)ကြီးကို ၁၉၅၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် ဆွန်မြောင်မွန်ဆိုသူက စတင်တည်ထောင်ခဲ့သည်။ အရပ်ထဲတွင် ၎င်းအသင်းဝင်များကို မွန်နီစ်ဟု ခေါ်ကြသည်။

ဂျပန်အသင်းတော်က ၁၉၅၉ ခုနှစ်တွင် စတင်ပေါ်ပေါက်လာကာ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံစီးပွားရေးတိုးတက်လာချိန် အသင်းဝင်ဦးရေမှာလည်း တိုးပွားလာသည်ဟု တိုကျို Rissho Universityမှ လူမှုစိတ် ပညာဆိုင်ရာပရော်ဖက်ဆာကီမီယာကီနီရှီဒက ပြောသည်။ ကိုရီးယားကိုတိုက်ခိုက်သိမ်း ပိုက်ခဲ့သည့် နိုင်င့ံအပြစ်အတွက်  မိမိတို့က ပြန်ပေးဆပ်ရမည်ဆိုသည့်အသိကိုအသင်းတော်က ဂျပန်ပြည်သူသက်ဝင်ယုံကြည်သူများ၏စိတ်ထဲ ရိုက်သွင်းပေးထားသည်။ ထို နည်းဖြင့် ဂျပန်သည် ပေါင်းစည်းရေး အသင်းတော်အတွက် ဘဏ္ဍရေးအချက်အချာနေရာ ဖြစ်လာတော့သည်။

“သူတို့ကရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံတစ်နိုင်ငံစီမှာ ကဏ္ဍတွေ မတူအောင် ခွဲထားတယ်။ပစ္စည်းရောင်းတာတွေလည်းရှိပြီး သက်ဝင် ယုံကြည်သူတွေကို အမြတ်ထုတ်တယ်”ဟု ဂျပန်  Joetsu University of Education မှ ဘာသာရေးလူမှုဗေဒဆိုင်ရာတွဲဖက်ပါမောက္ခ ဟိုတာကာဆူကာဒက AFP ကို ပြောသည်။ အသင်းတော်က စျေးအဆမတန် တင်ထားသည့် ဘာသာရေးပစ္စည်းများကို ရောင်းချတတ်ပြီး ထိုသို့ရောင်းသည့်အထဲ ယန်း ၄၃ သန်းတန်ရုပ်တုတစ်ခုလည်း ပါသည်။ ထိုပစ္စည်းများက မိမိတို့နှင့်ဘိုးဘေးဘီဘင်များ ၏ အပြစ်ကိုသန့်စင်ပေးလိမ့်မည်ဟု ဂျပန်အသင်းဝင်များကို ပြောရောင်းထားခြင်းဖြစ်သည်။

ထိုသို့သောရောင်းချမှုများကို ဆန့်ကျင်သည့် ဂျပန်နိုင်ငံလုံးဆိုင်ရာရှေ့နေများကွန်ရက်အဆိုအရ ၁၉၈၇ ခုနှစ်နောက်ပိုင်း အသင်းဝင်ဟောင်းများအတွက် အမှုဖွင့်တောင်းထားသည့် နစ်နာကြေးတန်ဖိုးမှာ ယန်း ၁၂၃.၇ ဘီလျံအထိရှိသည်။  ၂၀၀၀ ပြည့်လွန်နှစ်များတွင် ၎င်းအသင်းတော်နှင့်ပတ်သက်ပြီး အဖမ်းအဆီးများ ဆက်တိုက်ပြုလုပ်လာခြင်း၊ အရေးယူခြင်းများကြောင့် အမြတ်ထုတ်ရောင်းချမှုများ နည်းပါးသွားသည်။ သို့သော် ရှေ့နေယာမာဂူချီအဆိုအရ အသင်းဝင်များသည် လစဉ်သတ်မှတ်ထားသည့် လှူဒါန်း ငွေများပြည့်ရန်ဆိုသည့်ဖိအားနှင့် ဆက်ရင်ဆိုင်နေရသည်။ ယင်းသည် ဘုရားသခင်၏အဆုံးအဖြတ်ဖြစ်ပြီး ယင်းပမာဏ ပြည့်ရမည်ဟု အသင်းတော်က ဂျပန်အသင်းဝင် များအား ပြောသည်ဟု ၎င်းက ဆိုသည်။

အသင်းတော်ဘက်ကမူ အသင်းဝင်များအား ဖိအားပေးသည်မှာမဟုတ်ဟုငြင်းသည်။ ၎င်းတို့၏ ရပ်တည်ချက်က  ထာဝရဘုရား သခင်ထံပေးလှူသည့် လှူဒါန်းမှုအားလုံးသည် လွတ်လပ်စွာစိတ်ကြိုက်လှူဒါန်းမှုဖြစ်ရမည်ဟု အသင်းတော်က AFP သတင်းဌာန သို့ ပြန်ဖြေထားသည်။

“တစ်ခါတလေတော့ အလှူခံတာတွေရှိပါတယ်။ ဒါပေမဲ့ လှူမလှူ ၊ ဘယ်အချိန်လှူမယ်၊ ဘယ်လောက်လှူမယ်ဆိုတာကို အသင်းဝင်တွေပဲ ဆုံးဖြတ်တာပါ” ဟုအသင်းတော်က ပြောသည်။

၂၀၀၅ ခုနှစ်တွင် ယာမာဂမိသည် မွဲသွားသည့်မိခင်ကြောင့် သေကြောင်းကြံခဲ့ပြီး ၎င်း၏မွေးချင်းများ အာမခံကြေးရလိမ့်မည်ဟု မျှော်လင့်မိခဲ့သည်။ ဆယ်စုနှစ်တစ်ခုအကြာတွင် အစ်ကိုဖြစ်သူလည်း သေကြောင်းကြံပြီး ဆုံးသွားခဲ့သည်။ ရှင်ဇိုအာဘေးကိုမလုပ်ကြံမီနေ့တွင် အသင်းတော်ဆန့်ကျင်ရေးဘလော့ဂါတစ်ဦးထံ ယာမာဂမိက စာတစ်စောင်ပေးပို့ခဲ့သည်။ စာထဲတွင် ယာမာဂမိကမိခင်၏အသုံးအဖြုန်းမတတ်မှု၊  မိသားစုဖရိုဖရဲဖြစ်မှု၊ ဒေဝါလီခံရမှုတို့ကြောင့် ၎င်း၏ဆယ်ကျော် သက်နှစ်များသည် အကျည်းတန်ခဲ့ရသည်ဟု စိတ်နာနာဖြင့် ရေးထားသည်။

“အဲဒီအတွေ့အကြုံဟာ ကျွန်တော့် တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တယ်” ဟု လည်း စာထဲတွင် ဆိုထားသည်။

အခြားသောအသင်းဝင်များတွင်လည်း ရင်နာစရာအဖြစ်များ အလားတူပိုင်ဆိုင်ထားသည်။ ဂျပန်အမျိုးသမီးတစ်ဦးဆိုလျှင် မိခင်၏ဖိအားပေးမှုကြောင့် နှိပ်စက်သည့် ခင်ပွန်းနှင့် နေထိုင်နေရသည်။ ခင်ပွန်းသည်က အသင်းတော်ရွေးချယ်ပေးထားသူဖြစ်ပြီး ကွာရှင်းပါက စေတန်နတ်ဆိုးကို အားရစေလိမ့်မည် ဆိုသည့်အသိကြောင့် မကွာရှင်းရဲပေ။

“ယာမာဂမိ လုပ်ခဲ့တာအတွက် ကျွန်မအနေနဲ့ ကာကွယ်ပေးလို့မရနိုင်ပါဘူး။ ဒါပေမဲ့ အသင်းတော်က လူတွေရဲ့ဘဝတွေကို ဒီလိုဆိုးဆိုးရွားရွားဖျက်ဆီးခဲ့တာပါပဲ” ဟု ယခုလ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ၎င်းအမျိုးသမီးက ပြောသည်။

ယာမာဂမိ၏စာထဲတွင် ရှင်ဇိုအာဘေးကို ပေါင်းစည်းရေးအသင်းတော်အား ပံ့ပိုးပေးနေသည့် သြဇာအကြီးဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဟု စွပ်စွဲထားသည်။ အာဘေးသည် အသင်းတော်နှင့် ဆက်နွှယ်သည့်အဖွဲ့တစ်ဖွဲ့အတွက် ၂၀၂၁ ခုနှစ်က မိန့်ခွန်းပြောပေးခဲ့ဖူးသည်။

ပေါင်းစည်းရေးအသင်းတော်နှင့် ဆက်စပ်အဖွဲ့များသည် ခေသူတော့မဟုတ်။ အမေ ရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် အပါအဝင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များထဲမှ အကူအညီများ ပုံမှန်ရလေ့ရှိသည်။

အသင်းဝင်ဟောင်းတစ်ဦး၏ထွက်ဆိုချက်အရ နောက်လိုက်အသင်းဝင်များကို အသင်းတော်အပေါ်ကြည်ညိုစိတ်တက်အောင် ဆွန်မြောင်မွန်နှင့်အထင်ကရပုဂ္ဂိုလ်များ ရိုက်ထားသည့်ဓာတ်ပုံများ ပြလေ့ရှိသည်။ “အသင်းတော်နဲ့နိုင်ငံရေး သမားတွေ အဆက်အစပ်ရှိတယ်လို့  ကျွန်မတော့ ခံစားမိတယ်။ ဆွန်မြောင်မွန်ကို ဘုရားသခင်က စေလွှတ်လိုက်တဲ့ ကယ်တင်ရှင်လို့လည်း ထင်ခဲ့တယ်“ဟု အသင်းဝင်ဟောင်းဆိုသူက ပြောသည်။

ရှင်ဇိုအာဘေး လုပ်ကြံခံရမှုက ၎င်းအသင်းတော်နှင့် ဂျပန်နိုင်ငံရေးသမားများပတ်သက်နေမှုကို ပြန်တူးဖော်ဆန်းစစ်ရန် အကြောင်းဖန်လာစေခဲ့သည်။ အာဘေး၏ညီလက်ရှိကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီကလည်း အသင်းဝင်များသည် ကမ်ပိန်း ဗော်လန်တီယာများအဖြစ် ပါဝင်ပေးခြင်းများရှိ သည်ဟု ယခုသီတင်းပတ်က ဝန်ခံထားသည်။

အတိုက်အခံနိုင်ငံရေးပါတီများဘက်ကမူ အသင်းတော်၏လှုပ်ရှားမှုများ၊ နိုင်ငံရေး သမားများနှင့်အဆက်အစပ်ရှိမှုများကိုစစ်ဆေးမည့် အထူးတပ်ဖွဲ့အချို့ကိုကြေညာထားသည်။

ဇူလိုင် ၈ ရက်ကဂျပန်အနောက်ပိုင်း နာရာမြို့ရှိ ရထားဘူတာရုံအပြင်ဘက်တွင်  နိုင်ငံရေးမဲဆွယ်စည်းရုံးပွဲ တက်ရောက်မိန့်ခွန်းပြောနေစဉ် ပစ်သတ်ခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ဂျပန်နိုင်ငံကစက်တင်ဘာ ၂၇ ရက်တွင် နိုင်ငံတော်စျာပနအခမ်းအနား ပြုလုပ်ပေးမည် ဖြစ်သည်။

ပြည်ပခေါင်းဆောင်များလည်း တက်ရောက်မည့် ၎င်းအခမ်းအနားသည် စစ်ပြီး ခေတ်ဂျပန်ပြည်တွင် ဝန်ကြီးချုပ်ဟောင်းရှီ ဂဲရုယိုရှီဒါပြီးလျှင် ဝန်ကြီးချုပ်ဟောင်းတစ်ဦး အတွက် ဒုတိယအကြိမ် နိုင်ငံတော်စျာပန ပြုလုပ်ရမှုဖြစ်သည်။

Most Read

Most Recent