လက်ရှိ နိုင်ငံရေး အခြေအနေများသည် ရှိနေသည့် နိုင်ငံရေး ထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံး မချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌ ပြောကြား

လက်ရှိ နိုင်ငံရေး အခြေအနေများသည် ရှိနေသည့် နိုင်ငံရေး ထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံး မချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌ ပြောကြား
Published 30 July 2022

လက်ရှိ နိုင်ငံရေး အခြေအနေများသည် ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံး မချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

ဇူလိုင် ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံရေးနှင့်ပတ်သက်ပြီး မိမိတို့တာဝန်စတင်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ဦးတည်ချက် ၉ ရပ်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များတွင် နိုင်ငံရေးအရရည်မှန်းချက်ပန်းတိုင်သည် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲပိုင်ခွင့်များရှိကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် နိုင်ငံရေးအယူအဆကွဲပြားစွာဖြင့် ဆောင်ရွက်နေသည့် ပါတီများ၊ တစ်ပါတီတည်းဖြစ်သော်လည်း သဘောထားကွဲလွဲမှုရှိသည့် အုပ်စုများ ရှိနေသည်ကို သဘာဝကျကျတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်၌ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပြီး ဖဆပလ ပါတီတစ်ခု တည်းကသာ နိုင်ငံကိုဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားပါတီများသည် ပါတီငယ်များသာဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ဖဆပလအတွင်း သဘောထားကွဲလွဲမှု များဖြစ်ပေါ်၍ အုပ်စုများကွဲခဲ့သည်ကိုတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်သို့မဟုတ် အုပ်စု၏ အာဏာတည်ဆောက်မှုများ၊ နိုင်ငံရေးမရင့်ကျက်မှုများကြောင့် ပါတီအတွင်း နိုင်ငံရေး အရ ထွက်ပေါက်ရှာကြရာမှ အုပ်စုများကွဲခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ၄င်းကဆိုသည်။

၁၉၆၂  ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထူထောင်၍ တစ်ပါတီစနစ် ဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်း က တစ်ပါတီစနစ်ဖြင့် ပါတီအတွင်း တူညီသည့်ဆိုရှယ်လစ်အယူအဆဖြင့် သွားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ချိန်တွင်လည်း ဆိုရှယ်လစ် အယူအဆ များအပေါ်တူညီမှုမရှိခဲ့ကြောင်း၊ အခြားပါတီများဖွဲ့စည်းခွင့်မရှိဘဲ ပါတီတစ်ခုတည်း သာရှိသောကြောင့် နိုင်ငံရေးထွက်ပေါက်များမရှိခဲ့ကြောင်း၊ ထို့ကြောင့်ပါတီအတွင်း အုပ်စု ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် တာဝန်ကိုယူခဲ့ရပြီး ပါတီနိုင်ငံရေးမဟုတ်သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပါတီများဖွဲ့စည်းခွင့်ပေး၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တင်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ ပထမအစိုးရတက်လာခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သဖြင့် နိုင်ငံရေးထွက် ပေါက်များ ရရှိခဲ့ကြောင်း၊ နိုင်ငံရေးထွက်ပေါက်များမှတစ်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရာ အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိခဲ့ကြောင်း၊ တည်ဆဲဥပဒေကို မချိုးဖောက်သရွေ့ ကန့်သတ်ချုပ်ချယ်မှုများမရှိခဲ့ဘဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ထွက် ပေါက်များပေးထားကြောင်း၊ နိုင်ငံမငြိမ်သက်မှုများ ဖြစ်ပေါ်အောင်ဆောင်ရွက်မှုများမှ လွဲ၍ ပါတီညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီအချင်းချင်းတွေ့ဆုံပွဲများကို ခွင့်ပြု ပေးထားကြောင်း၊ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက်များခွင့်ပြုပေးထား ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အများ၏ သဘောတူညီမှုဖြင့် သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟုဆိုနိုင် ကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင်ငံ၏ တည်ငြိမ်မှုပျက်ပြား သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်နေသည့် နိုင်ငံရေး အခြေအနေများသည် ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံး မချမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လစာအပြင် ခံစားခွင့်များ တိုးမြှင့် ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏တာဝန်ကိုထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံရေးဆောင်ရွက်ရန် မဟုတ်ကြောင်း၊  နိုင်ငံရေး ဆောင်ရွက်လိုပါက နိုင်ငံရေး လမ်းကြောင်းပေါ်မှ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံသား တစ်ဦးအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ သို့သော် တည်ဆဲဥပဒေဖြင့် တားမြစ်ထားသည့် သတ်မှတ် ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍မရကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent