ယူကရိန်းတွင် ရုရှားက စစ်ပွဲစတင်ပြီး ငါးလအတွင်း အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၂၄ ဘီလျံခန့် ကတိပြုထားခဲ့သည်။ ၎င်းသည် ယူကရိန်း၏ ၂၀၂၁ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ထက် လေးဆပို၍များသည်။ ဥရောပနှင့် အခြားနိုင်ငံများရှိ အမေရိကန်၏ မိတ်ဖက်များကလည်း နောက်ထပ် ဒေါ်လာ ၁၂ ဘီလျံ ကတိပြုခဲ့ကြောင်း World Economy for the Kiel Institute မှ သိရသည်။
သို့သော်လည်း အဆိုပါ ဆယ်ဂဏန်းနှင့်ချီသော ဘီလျံပေါင်းများစွာသည် ပြီးခဲ့သည့်လက သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ အစိုးရကကြေညာခဲ့သော လက်နက်များအတွက် ယူကရိန်းအစိုးရက အလိုရှိနေသော စာရင်းအတွက်မူ နည်းပါးနေဆဲဖြစ်သည်။ ယူကရိန်းက အလိုရှိနေသည့် ပမာဏနှင့် အနောက်တိုင်းမိတ်ဖက်များက ပေးရန် ပြင်ဆင်ထားသည့် ပမာဏ၊ နှစ်ခုအကြား ကွာဟချက်သည် အနောက်နိုင်ငံခေါင်းဆောင်များအနေဖြင့် လမ်းကြောင်းနှစ်ခု၏ ဆွဲခေါ် ခြင်းခံနေရကြောင်း အဖြစ်မှန်ကို ထင်ဟပ်နေသည်။ ၎င်းတို့သည် ရုရှား၏ ရန်လိုမှုမှ မိမိတို့ကိုယ်တိုင်ကို ခုခံကာကွယ်ရေးအတွက် ယူကရိန်းကို ကူညီရန်ကတိပြုထားသော်လည်း ပဋိပက္ခကို အဓိက အင်အားကြီးစစ်ပွဲအဖြစ်သို့ မြင့်တက်မလာအောင် တားဆီးရန်လည်း ကြိုးစားနေကြသည်။
သို့သော် ယူကရိန်းတွင် မြင့်တက်လာသော်လည်း ယခုအချိန်အထိ ထိန်းထားနိုင်သေးသည့်တိုင် မြင့်တက်လာမှုမှာ စတင်နေနှင့်ပြီးဖြစ်သည်။ အနောက်နိုင်ငံသည် ပို၍ ပို၍ အားကောင်းသော လက်နက်များ ပံ့ပိုးပေးနေပြီး ရုရှားကလည်း အသေအပျောက်နှင့် ဖျက်ဆီးမှုများ ပို၍ပို၍ များအောင် လုပ်ဆောင်လာနေသည်။ ရုရှားနှင့်အနောက်နိုင်ငံများဟူသည့် နှစ်ဖက်စလုံးက ယူကရိန်းတွင် အခြားတစ်ဖက်ကို အနိုင်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး ထိုပန်းတိုင်သို့ ရောက်ရှိရန် ၎င်းတို့၏ နက်ရှိုင်းသော အရန်လက်နက်များကို ရင်းနှီးရန် ပြင်ဆင်နေသမျှကာလပတ်လုံး ပိုမိုမြင့်တက်လာရန် ကြိုတင်ပြဋ္ဌာန်းပြီးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ အနေဖြင့် ယူကရိန်းအတွက် လိုအပ်သော ပစ္စည်းများကို ပေးသင့်သည်မှာ မှန်သော်လည်း ယူကရိန်းနှင့် အနီးကပ်တိုင်ပင်ဆွေးနွေးကာ ရုရှားနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို စတင်ဖွင့်လှစ်သင့်သည်။ အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းသည် မရေရာသေးသော်လည်း နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေးသည်သာ ပန်းတိုင်ဖြစ်သင့်သည်။
တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ဆွေးနွေးပွဲများ စတင်ခြင်းသည် နိုင်ငံရေးအရ အန္တရာယ်များပြီး အထူးသဖြင့် ယူကရိန်းနှင့် သိသာထင်ရှားသော သံတမန်ရေးရာ ကြိုးပမ်းမှုများ လိုအပ်မည်ဖြစ်သည့်တိုင် အာမခံချက်မှလွဲ၍ အောင်မြင်မှုမှာ မည်သည့်အရာမဆို ဖြစ်နိုင်ပါသေးသည်။ မည်သို့ဆိုစေ၊ ဆွေးနွေးခြင်းက အပေးအယူလုပ်ရန် ဖြစ်နိုင်ခြေရှိသော နေရာများကို ဖော်ထုတ်နိုင်ပြီး ဝင်္ကပါထဲမှ ထွက်သည့်လမ်းကို ရှာဖွေနိုင်စေမည်ဖြစ်သည်။ သို့မဟုတ်ပါက ဤစစ်ပွဲသည် နောက်ဆုံး၌ ရုရှားနှင့် နေတိုးတို့၏ တိုက်ရိုက်ပဋိပက္ခအဖြစ် အခါအားလျော်စွာ ပြောင်းသွားနိုင်သည်။
အမေရိကန်၏ လက်ရှိချဉ်းကပ်မှုမှာ ယူကရိန်းနိုင်ငံသားများကို ရုရှား၏အနီရောင်မျဉ်းအား ဖြတ်ကျော်သည့် အထူးစနစ်များ သို့မဟုတ် စွမ်းဆောင်ရည်များ ပေးအပ်မှသာ ယင်းကဲ့သို့ ဖြစ်လာနိုင်သည်ဟု ယူဆထားခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်လိုအပ်သည်ဟု ယူကရိန်းက ပြောကြားထားသည့် ဒုံးကျည်ပစ်လွှတ်မှုစနစ်အမျိုးမျိုးကို ယူကရိန်းအား ထောက်ပံ့ရန်သူ၏ ဆုံးဖြတ်ချက်ကို သမ္မတဘိုင်ဒင်သည် မကြာသေးမီက ကြေညာသောအခါ သူသည် ရုရှားအထိ ရောက်နိုင်သည့် တာဝေးပစ်ဒုံးကျည်များကို တမင်ချန်ထားခဲ့သည်။ ယင်းဆုံးဖြတ်ချက်၏ အ ကြောင်းပြချက်မှာ “အချို့သော လက်နက် အမျိုးအစားများကို ပံ့ပိုးပေးမှသာလျှင် သို့မဟုတ် ရုရှားပိုင်နက်ကို ပစ်မှတ်ထားရန် ယင်းတို့ကို အသုံးပြုမှသာလျှင် ရုရှားသည် နေတိုးကို တိုက်ခိုက်ရန် အရှိန်မြှင့်လာလိမ့်မည်”ဟူ၍ ဖြစ်သည်။ ရည်မှန်းချက်မှာ ရုရှားတို့ ချဉ်းကပ်လာမှုများမှ ၎င်းတို့ပိုင်နက်ကို ကာကွယ်ရန် ယူကရိန်းနိုင်ငံသားများအား ၎င်းတို့ လိုအပ်သည်များကို ပေးနေစဉ်မှာပင် အဆိုပါမျဉ်း၌ ရပ်တန့်ရန် သတိပြုရေးဖြစ်ကြောင်း မစ္စတာဘိုင်ဒင်က ဇွန်လတွင် ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားခဲ့ဖူးသည်။
ယင်းလောဂျစ်ကား သံသယဖြစ်ဖွယ်ရာပင်။ ရုရှား၏ အဓိကစူးစိုက်မှုမှာ ယူကရိန်းပိုင်နက်သို့ ချီတက်သိမ်းပိုက်မှုများ ပြုလုပ်ရန် အတိအကျပင်ဖြစ်သည်။ ပြဿနာမှာ ယူကရိန်းအား အချို့သော လက်နက်အမျိုးအစားများ ပေးအပ်ခြင်းသည် အရှိန်မြင့်တက်လာစေနိုင်သည်သာမကဘဲ အနောက်အုပ်စု၏ ယူကရိန်းကို ပံ့ပိုးကူညီမှုများက ရုရှား၏ ချီတက်သိမ်းပိုက်မှုများကို ဟန့်တားရာ၌ အောင်မြင်ခဲ့ပါက ရုရှားအတွက် လက်မခံနိုင်စရာ ရှုံးနိမ့်မှုတစ်ရပ် ဖြစ်မြောက်လာစေမည်ဖြစ်သည်။ ထို့အတူ ရုရှား၏စစ်မြေပြင်အောင် ပွဲသည်လည်း အနောက်နိုင်ငံများအတွက် အလားတူ လက်မခံနိုင်စရာပင်ဖြစ်သည်။
အကယ်၍ ရုရှားက ယူကရိန်းထဲသို့ ပိုမိုဝေးလံစွာ ဆက်လက်တွန်းထိုးဝင်ရောက် လာနေမည်ဆိုပါက အနောက်နိုင်ငံများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်သော လက်နက်များ ပေးအပ်လာရဖွယ် ရှိသည်။ အဆိုပါလက်နက်များက ယူကရိန်းအား ရုရှား၏ရရှိပြီးသား အောင်မြင်မှုများကို နောက်ပြန် လှည့်သွားအောင် လုပ်နိုင်စေမည်ဆိုပါက ရုရှားသည် နှစ်ဆတိုးဖိအားပေးခံရသည်ဟု ခံစားရနိုင်ပြီး ၎င်းအနေဖြင့် အမှန်တကယ် ရှုံးနိမ့်လာပါက နေတိုးကို တိုက်ရိုက်တိုက်ခိုက်ရန် စဉ်းစားလာနိုင်သည်။ တစ်နည်းဆိုရသော် ယခုအချိန်တွင် နှစ်ဦးနှစ်ဖက် လက်ခံနိုင်ဖွယ် ရလဒ် မရှိသေးပါ။ သို့သော် ဆွေးနွေးမှုများက တစ်ခုခုကို ရှာဖွေရန် လိုအပ်သော အပေးအယူများကို ဖော်ထုတ်ရာတွင် အ ထောက်အကူဖြစ်စေနိုင်သည်။
ယူကရိန်းတွင် အသာစီးရရှိရေးအတွက် အနောက်အုပ်စုနှင့် ရုရှားနှစ်ဖက်စလုံးအနေဖြင့် ဘာမဆိုလုပ်ရန် ဆုံးဖြတ်ချက်သည် အရှိန်မြင့်တက်လာရန် အဓိကမောင်းနှင်အားဖြစ်သည်။ ရုရှား၏ရည်မှန်းချက်များနှင့် ၎င်းတို့၏ရည်မှန်းချက်များ လုံးလုံးလျားလျား ကိုက်ညီမှု မရှိခြင်းမှနေ၍ ကြီးထွားလာနိုင်သည့် အန္တရာယ်ကို အနောက်နိုင်ငံခေါင်းဆောင်များအနေဖြင့် နားလည်သဘော ပေါက်သင့်သည်။ ယူကရိန်းအား အနောက်နိုင်ငံများ၏ စစ်ရေးပံ့ပိုးကူညီမှုကို ဂရုတစိုက် ချိန်ညှိခြင်းသည် အကင်းပါးသောလုပ်ရပ်ဖြစ်သော်လည်း တလွဲဆံပင်ကောင်းခြင်းလည်း ဖြစ်နိုင်သည်။
စစ်ပွဲအပေါ် ယင်းလက်နက်များ၏ သက်ရောက်မှုကို ကြိုတင်သိရှိရန် မဖြစ်နိုင် သလောက်နီးနီးဖြစ်နေခြင်းမှာ အရေးကြီးသည့်အချက် ဖြစ်သည်။
ရုရှား၏ တိကျသော အနီရောင်မျဉ်းများမရှိခြင်းသည် ဘိုင်ဒင် တမင်ချန်ထားသည့် ပို၍ တာဝေးပစ်နိုင်သော လက်နက်များ ထောက်ပံ့ခြင်းက စိုးရိမ်နေသလောက် ပြဿ နာရှိမည်မဟုတ်သည့်သဘော သက်ရောက်နေနိုင်သည်။ မည်သည့်လက်နက်စနစ် ထောက်ပံ့ခြင်းက ပဋိပက္ခကို အဓိကမြင့် တက်စေနိုင်သည်ဟူ၍ အတိအကျမရှိသော်လည်း ပိုများသော ပိုကောင်းသော လက်နက်များကို ထောက်ပံ့နေသည့် အရောအနှောထဲသို့ ဖြည့်တင်းခြင်းသက်သက်ကလည်း ပြ ဿနာကိုဖြေရှင်းရေး ဖြစ်နိုင်ဖွယ်မရှိပေ။ အနောက်နိုင်ငံတို့မှ လက်နက်များသည် စစ်မြေပြင်တွင် ယူကရိန်းစစ်တပ်ကို ပြတ်ပြတ်သားသား ထိန်းထားနိုင်စေသော်လည်း ရုရှားတို့က အနိုင်ယူရန် သို့မဟုတ် အနည်းဆုံး မရှုံးစေရန် လိုအပ်မည့် မည်သည့် အရင်းအမြစ်နှင့် ဖျက်ဆီးမှုအဆင့်မဆိုတို့ဖြင့် တန်ပြန်ရန် ဆန္ဒရှိနေသည်သာ ဖြစ်သည်။
အခြားတစ်ဖက်ဖက်က တိုးတက်မှုအချို့ကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ထက်ငါ အပြိုင်ကြဲကာ သူ့ထက်သာအောင် လုပ်ဆောင်ရမည်ဟု နှစ်ဖက်စလုံးကခံယူနေကြသည့် ဂန္ထဝင်ဝင်္ကဘာတစ်ခုကို မျက်ဝါးထင်ထင် မြင်သိတွေ့ကြုံနေရပြီဖြစ်သည်။ တားမနိုင်ဆီးမရဖြင့် ထိန်းချုပ်မှုလုံးဝ ကင်းမဲ့ သွားသော အနေအထားသို့ ရောက်ရှိမသွားအောင် ကာကွယ်ရန်အတွက် အကောင်းဆုံး နည်းလမ်းမှာ အချိန်များစွာ မနှောင်းမီ စတင်ဆွေးနွေးရန်သာ ဖြစ်ပါ၏။
Ref: The New York Times `
(မှတ်ချက်။ ။ ဤဆောင်းပါးကို ပူးတွဲရေး သားသူနှစ်ဦးမှာ ဆင်မျူယယ်ချာရက်နှင့် ဂျယ်ရမီးရှာပီရိုတို့ ဖြစ်ကြသည်။ ဆင်မျူယယ် ချာရက်သည် RAND Corporation မှ အကြီး တန်းနိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်သည်။ ဂျယ်ရ မီးရှာပီရိုသည် ဥရောပကောင်စီ၏ နိုင်ငံခြား ဆက်ဆံရေးဌာနမှ သုတေသနဒါရိုက်တာ ဖြစ်သည်။)










