နိုင်ငံတောင်ပိုင်း ခါဆန်ဒေသကို ပြန်သိမ်းယူမည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်

နိုင်ငံတောင်ပိုင်း ခါဆန်ဒေသကို ပြန်သိမ်းယူမည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်
မေ ၂၀ ရက်တွင် ယူကရိန်းနိုင်ငံ ခါဆန်မြို့၌ ရုရှားစစ်သားတစ်ဦး ကင်းလှည့်နေစဉ်
မေ ၂၀ ရက်တွင် ယူကရိန်းနိုင်ငံ ခါဆန်မြို့၌ ရုရှားစစ်သားတစ်ဦး ကင်းလှည့်နေစဉ်
Published 26 July 2022
ဖြိုးဟိန်းကျော်

ယူကရိန်းတောင်ပိုင်း ရှေ့တန်းစစ်မျက်နှာအနီးရှိ အကြီးအကျယ်ထိခိုက်ပျက်စီးနေသည့် ကျေးရွာတစ်ခုသို့ ရုရှားလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေသည့် မြည်ဟည်းသံများက အကြီးစားတန်ပြန်ထိုးစစ်တစ်ရပ် ဆင်နွှဲရန် ပြင်ဆင်နေသည့် ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် ရှေ့တွင် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲများ ကြိုလင့်နေကြောင်းကို အမြဲမပြတ်သတိပေးနေသည်။ တိုက်ပွဲများ အပြင်းအထန်ဆင်နွှဲခဲ့ရပြီးနောက်တွင် ရုရှားထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည့် အဆိုပါကျေးရွာအနှံ့အပြား၌ အပျက်အစီးများ ဖြစ်ပေါ်လျက်ရှိသည်။

အိမ်ခြေအားလုံးနီးပါးသည် လုံးလုံးလျားလျား ပြိုပျက်ခြင်း (သို့တည်းမဟုတ်) ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခြင်း တို့ဖြစ်ပေါ်ခဲ့ကာ မီးလောင်ကျွမ်းနေသော ယာဉ်များ၊ ရော့ကတ်ဒုံးကျည် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသော ချိုင့်ကြီးများကိုသာ တွေ့ရပြီး လူနေထိုင်သည့် အရိပ်အယောင်များ လုံးဝမတွေ့ရတော့ပေ။

လက်ရှိတွင် ယူကရိန်းစစ်တပ်၏ တပ်ဆွယ်တစ်ခုက သဲအိတ်များကာရံထားသည့် ကတုတ်ကျင်းများနှင့် အဆောက်အအုံအပျက်အစီးများကြားတွင် အသင့်နေရာယူကာ ဝေဟင်မှ ရောက်ရှိလာနိုင်သည့် ရန်သူ့ဒရုန်းများကို အမြဲမပြတ်သတိဖြင့် စောင့်ကြည့်နေရသည်။ ပူလောင်သည့် နေ့တာရှည်ရက်များကို ဖြတ်သန်းနေရသည့် တပ်ဖွဲ့ဝင်များကို ခွေးလေးနှစ်ကောင်နှင့် ကြောင်လေးတစ်ကောင်က အဖော်ပြုပေးနေသည်။

‘ထိတ်လန့်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာက အမိမြေကို ကာကွယ်ဖို့ပဲလေ။ ကျွန်တော်မလုပ်နိုင်ဘူးဆိုရင် အဲဒါကိုကျွန်တော့်ကလေးတွေ မဖြစ်မနေ လုပ်ရပါလိမ့်မယ်’ ဟု ကျူးကျော်လာသည့် ရုရှားတပ်များကို တွန်းလှန်ရန် နေအိမ်၌ ဇနီးနှင့် ကလေးနှစ်ဦးကို ထားရစ်ကာ စစ်မြေပြင်သို့ မိမိဆန္ဒအလျောက် ထွက်လာခဲ့သည့် အသက် ၄၉ နှစ်အရွယ် စတာနီဆလက်ဗ်က ဆိုသည်။

အဆိုပါနေရာတွင် တပ်ချထားသည့် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ခြေကုပ်စခန်းကို ထိန်းထားနိုင်ရန် အကောင်းဆုံးပြင်ဆင်လျက်ရှိကြောင်း အဆိုပါဒေသသို့ သွားရောက်သတင်းယူခဲ့သည့် AFP သတင်းဌာန၏ အဆိုအရ သိရသည်။

ခက်ခဲကြမ်းတမ်းမည့် အလားအလာရှိသကဲ့သို့ ယူကရိန်းတို့အနေဖြင့် ပိုမိုကြီးမားသော အောင်မြင်မှုများ ရယူနိုင်ရန် လက်နက်ကြီးများနှင့် သံချပ်ကာယာဉ်များ ထပ်မံလိုအပ်နေသည့်တိုင် ကီလိုမီတာ ၄၀ ခန့်အကွာ တွင်ရှိသော ခါဆန်မြို့အား မလွဲမသွေ တန်ပြန်ထိုးစစ်ဆင်နိုင်မည်ကို မည်သူကမျှ သံသယမရှိပေ။

“ဒီမှာ လက်နက်ကြီးအင်အား အလုံအလောက်မရှိပါဘူး။ ကျွန်တော်တို့က သူတို့ကို ရှစ်ချက် ပစ်ရင် သူတို့က ကျွန်တော်တို့ကို ၄၈ ချက် ပြန်ပစ်တယ်။ လောလောဆယ်မှာ သူတို့က လက်နက်ကြီးပစ်အား သာလွန်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဆုတ်မနစ် တိုက်ပွဲဝင်နေတုန်းပါပဲ” ဟု အနီးနားရှိ အိုဒက်ဆာဒေသမှ ရောက်လာခဲ့သူဖြစ်သည့် စတာနီဆလက်ဗ်က ဆိုသည်။

မဟာဗျူဟာကျသော ခါဆန်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်တစ်ရပ်ဆင်နွှဲမည်ဟု ယူကရိန်းက အခိုင်အမာပြောဆိုထားပြီး သမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကလည်း ၎င်း၏တပ်ဖွဲ့ဝင်များသည် တစ်ဆင့်ချင်းစီ ချီတက်နေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ရုရှားက စစ်ပွဲစတင်ဆင်နွှဲခဲ့ပြီးနောက် ရုရှားတပ်များလက်သို့ အစောဆုံး ကျရောက်ခဲ့သည့် ယူကရိန်းတောင်ပိုင်း ခါဆန်ဒေသအား စက်တင်ဘာလနောက်ဆုံးထား၍ ပြန်လည်သိမ်းယူသွားမည်ဟု ၎င်းဒေသအကြီးအကဲ၏ အကြံပေးဖြစ်သူ ဆာဂေးခလန်ကလည်း ယူကရိန်းရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 

အနောက်နိုင်ငံများက တာဝေးပစ်လက်နက်ကြီးစနစ်များ ပေးပို့ခဲ့ခြင်းကြောင့် အားတက်လာခဲ့သည့် ယူကရိန်းစစ်တပ်သည် မကြာသေးမီ သီတင်းပတ်များအတွင်း နိုင်ငံတောင်ပိုင်းရှိ ခါဆန်ဒေသကို ပြန်လည်သိမ်းယူနိုင်ရန် အပြင်းအထန်ကြိုးပမ်းလာခဲ့သည်။

“စစ်မြေပြင်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပြီလို့ ပြောနိုင်ပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ လတ်တလောပြုလုပ်နေတဲ့ စစ်ဆင်ရေးအများစုမှာ အောင်ပွဲခံနေတာကို တွေ့နေရပါတယ်။ ကျွန်တော်တို့တပ်တွေ ပေါ်ပေါ်ထင်ထင် ချီတက်လာနေပါပြီ။ ကျွန်တော်တို့ ခံစစ်ကနေ တန်ပြန်ထိုးစစ်ကို ကူးပြောင်းနေပြီလို့ ပြောနိုင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ယူကရိန်းတပ်များက ၎င်းဒေသရှိ အဓိကတံတားနှစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး ရုရှားတို့၏ လက်နက်တိုက်များနှင့် ကွပ်ကဲရေးဌာနများကိုလည်း တိုက်ခိုက်လျက်ရှိကာ ယင်းသည် မြေပြင်ထိုးစစ်အတွက် အကြိုပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့ပြီး ရုရှားတပ်များကို တိုက်ထုတ်ရန်အတွက် ပိုမိုတိကျသည့်လက်နက်ကြီးပစ်ကူများ လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။

ယူကရိန်း၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါသောအဆိုပါဒေသသည် ၂၀၁၄ ခုနှစ်တွင် ရုရှားတို့၏  သိမ်းယူခြင်းကိုခံခဲ့ရသည့် ခရိုင်းမီးယားကျွန်းဆွယ်အနီးတွင် တည်ရှိသည်။

အဓိက စစ်မြေပြင်

ရုရှားအနေဖြင့် ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသ၌ ၎င်းတို့၏အင်အားကို ပုံအောအသုံးပြုလျက် အပြင်းအထန် တိုက်ခိုက်နေသည့်တိုင် ခါဆန်ဒေသတိုက်ပွဲသည် စစ်ပွဲ၏ အနာဂတ်အလားအလာကို ပုံဖော်ရာတွင် ပိုမိုအဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်။

ခါဆန်ဒေသသည် ရုရှား၏ကျူးကျော်မှုအတွင်း ရန်သူ့လက်သို့ ပထမဆုံးကျရောက်ခဲ့သည့် ဒေသဖြစ်ကာ ယူကရိန်းတို့အနေဖြင့် အဆိုပါဒေသကို ပြန်လည်ထိန်းချုပ်နိုင်မည်ဆိုပါက ၎င်းတို့အတွက် အလွန်အရေးပါသော မဟာဗျူဟာမြောက် အောင်ပွဲတစ်ခုဖြစ်လာပေလိမ့်မည်။

ခါဆန်ဒေသ၏မြို့တော် ခါဆန်မြို့နှင့် ဆက်စပ်နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခြင်းဖြင့် ရုရှားတပ်များကို ၎င်းတို့၏ ခြေကုပ်ဖြစ်သော ခရိုင်းမီးယားကျွန်းဆွယ်၏ မြောက်ဘက်၊ အဓိကနယ်မြေမှ မောင်းထုတ်နိုင်မည်ဖြစ်သကဲ့သို့ ရုရှားတပ်များ ပင်လယ်နက်ကမ်းရိုးတန်းတစ်လျှောက်မှ အိုဒက်ဆာ မြို့တည်ရှိရာ အနောက်ဘက်သို့ ထိုးစစ်ဆင်နိုင်မည့် အလားအလာကိုလည်း ဟန့်တားနိုင်မည်ဖြစ်သည်။

မကြာမီကြုံတွေ့ရမည့် တိုက်ပွဲသည် အနောက်နိုင်ငံများထံမှ ရရှိသော တာဝေးပစ်လက်နက်သစ်များ တပ်ဆင်ထားသည့် ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် ရုရှားတို့ကို တွန်းလှန်ကာ ယူကရိန်းတစ်နိုင်ငံလုံး လွတ်မြောက်အောင် စွမ်းဆောင်နိုင်ရေး မျှော်လင့်ချက်အတွက် အဓိကကျသည့် စမ်းသပ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ရုရှားအနေဖြင့် တန်ပြန်ထိုးစစ်မှန်သမျှကို ဟန့်တားရန် ကြိုးပမ်းသည့်အနေဖြင့် ယူကရိန်းတောင်ပိုင်းတွင် ၎င်းတို့၏ခံစစ်ပြင်ဆင်မှုကို အခိုင်အမာလုပ်ဆောင်လျက်ရှိပြီး ယူကရိန်း၏ထိုးစစ်ကို အရှိန်တန့်သွားစေရန် အနီးအနားရှိ မီကိုလိုက်ဗ်မြို့အား အရှိန်မြှင့် တိုက်ခိုက်လာခဲ့သည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများက ဆိုသည်။

“ကျွန်တော်တို့ ခါဆန်မြို့ လွတ်မြောက်အောင် လုပ်ဆောင်သွားမှာပါ။ အဲဒါကအသေအချာပါပဲ။ အဲဒီမြို့ကို ရုရှားတွေလက်ထဲကို အပါမခံပါဘူး” ဟု အသက် ၄၅ နှစ်အရွယ် ယူကရိန်းစစ်သားတစ်ဦးဖြစ်သည့် အိုလက်ဆန်ဒါက ကတုတ်ကျင်းအစပ်နားတွင် ရိုင်ဖယ်သေနတ်ကို ထောက်လျက် ပြောကြားခဲ့သည်။ ရန်သူ့တပ်များကို ကြံ့ကြံ့ခံတွန်းလှန်ကာ ချေမှုန်းပစ်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ 

တိုက်ပွဲဝင်ရန် အသင့်ရှိနေ

ယူကရိန်းတပ်ဖွဲ့ဝင်များသည် တောင်ပိုင်းရှိ ရုရှားတပ်များ တပ်ဖြန့်ထားသည့် နေရာများသို့ အနောက်နိုင်ငံများမှ ပေးပို့ထားသည့် အဆင့်မြင့်လက်နက်စနစ်အချို့ကို အသုံးပြုလျက် တန်ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ယူကရိန်းတို့သည် ရုရှားတို့၏ လက်နက်တိုက်များ၊ ကွပ်ကဲရေးဌာနများကို ချေမှုန်းရန်နှင့် သိမ်းပိုက်ခံ နယ်မြေများ၌ ရုရှားတို့၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ပိုမိုနက်ရှိုင်းစွာ ဖြတ်တောက်နိုင်ရန်အတွက် ကီလိုမီတာ ၈၀ အကွာအဝေးအထိ ထိရောက်စွာ ပစ်ခတ်နိုင်သော Himars ပဲ့ထိန်းဒုံးလက်နက်စနစ်များကို အသုံးပြုလျက်ရှိသည်။

ထို့အပြင် ခါဆန်မြို့တွင် တပ်ဖြန့်ထားသည့် ရုရှားတပ်များကို ကျန်တပ်များနှင့် မပူးပေါင်းနိုင်အောင် အဆက်အသွယ်ဖြတ်တောက်သည့်အနေဖြင့် ခါဆန်မြို့နှင့် ချိတ်ဆက်ထားသော အရေးပါသည့် ဒီနီပရိုမြစ် ကူးတံတားတစ်စင်းကိုလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားအောင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တောင်ပိုင်း စစ်မျက်နှာသို့ Himars လက်နက်စနစ်များ ထပ်မံရောက်ရှိလာသည်ကို မြင်တွေ့လိုကြောင်းနှင့် ကီလိုမီတာတစ်ထောင်ကျော်ရှိသည့် ရှေ့တန်းစစ်မျက်နှာတစ်လျှောက်၌ ဖြန့်ကြက်ထားရန် မိမိတို့တွင် အဆိုပါလက်နက်စနစ် အနည်းငယ်သာရှိနေသည်ဟု အဲလက်စ်ဟု အမည်ရသည့် ယူကရိန်းစစ်သားတစ်ဦးက ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ယူကရိန်းတပ်များသည် ရှေ့တွင်ကြိုလင့်နေသည့် မည်သည့်တိုက်ပွဲအတွက်မဆို စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ရန် အသင့်ရှိနေသည်ဟုလည်း ၎င်းက အခိုင်အမာဆိုခဲ့သည်။

Most Read

Most Recent