မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းတွင် ဖော်ပြခဲ့ခြင်း၊ ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total Energies မြန်မာနိုင်ငံမှထွက်ခွာခြင်း

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းတွင် ဖော်ပြခဲ့ခြင်း၊ ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total Energies မြန်မာနိုင်ငံမှထွက်ခွာခြင်း
ရန်ကုန်မြို့တွင် ချို့တဲ့သည့် အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် နိစ္စဓူဝ ရုန်းကန်လုပ်ကိုင်နေရသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့တွင် ချို့တဲ့သည့် အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် နိစ္စဓူဝ ရုန်းကန်လုပ်ကိုင်နေရသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 24 July 2022

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းတွင် ဖော်ပြခဲ့ခြင်း

မြန်မာ့စီးပွားရေးသည် ထိလွယ် ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ  နောက်ကြောင်း ပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါ မျှော်မှန်းချက်မှာ အားနည်းနေဆဲဖြစ်ပြီး ကြီးမားသောထိခိုက်နိုင်ခြေဘေးအန္တရာယ်များရှိနေသေးကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည်  ပြည်တွင်းနှင့် ပြည်ပဖိအားများကြောင့် ယခင်နှစ်တွင် သိသိသာသာ ကျုံ့သွားခဲ့ပြီးနောက် ပြန်လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိသည်။

စီးပွားရေးပြန်လည် ဦးမော့ လာမှု သိသိသာသာမရှိသောကြောင့် ၂၀၂၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေးဆောင်ရွက်ချက်များအား သိသိသာသာအနှောင့်အယှက်ဖြစ်စေသည်။

မြန်မာ့စီးပွားရေးသည် မနှစ်က ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်သည့်  ဘဏ္ဍာရေးနှစ်တွင် သုံးရာခိုင်နှုန်း သို့ ရောက်လာမည်ဟု ခန့်မှန်းသည်။ အားနည်းသော စီးပွားရေးလုပ်ဆောင်မှုများက မြန်မာ့စီးပွားရေးအနေဖြင့် ကျယ်ပြန့်လှသော အခက်အခဲ အတားအဆီးများ ရင်ဆိုင်နေရကြောင်း ဖော်ပြနေသည်။                         

ယင်းတို့တွင် ယူကရိန်းစစ်ပွဲရိုက်ခတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်ပသွင်းကုန်သွင်းအားစုများနှင့်  အသုံးအဆောင်ပစ္စည်းများ စျေးမြင့်တက်လာခြင်း၊ ပြည်တွင်းပဋိပက္ခ ပိုမိုဆိုးရွားပြင်းထန်လာခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့်ဘဏ္ဍာရေးကဏ္ဍအခက်အခဲများ ဆက်လက်တည်ရှိနေခြင်းတို့ ပါဝင်သည်။

လတ်တလောအတွင်း ထုတ်ပြန်သည့် မူဝါဒအပြောင်းအလဲများကလည်း စီးပွားရေးလုပ်ငန်းများအား စိန်ခေါ်မှုများပိုမိုဖြစ်ပေါ်စေသည်။ ဝန်ပိစေသော ကုန်သွယ်လိုင်စင် ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း ကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်ခြင်းနှင့် နိုင်ငံခြားငွေများကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟူသော စည်းကမ်း သတ်မှတ်လိုက်ခြင်းတို့ကြောင့် အဓိက ပြည်ပသွင်းကုန်သွင်းအားစုများ နှောင့်နှေးပြတ်တောက်သွားစေကာ ပြည်ပပို့ကုန်သမားများအား အခက်အခဲတွေ့စေခဲ့သည်။

လတ်တလော  ထုတ်ပြန်သော ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ ဖြေလျှော့ပေးမှုများအား တဖန်ပြန်လည် ရုပ်သိမ်းခြင်းစသဖြင့်  မူဝါဒညွှန်ကြားချက်အသစ်များ အလျင်အမြန် ချမှတ်နေခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် မရေရာမှုများ မြင့်တက်လာနေသည်။

“မြန်မာနိုင်ငံအနေနဲ့မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျု့ံမှုကို ရင်ဆိုင်ခဲ့ပြီး ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည်နာလန်ထူမှုမှာ များစွာနောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားသည်။  

စီးပွားရေးကဏ္ဍတစ်ခုလုံးတွင် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကဏ္ဍအချို့တွင် လွန်ခဲ့သည့် ၁၂ လအတွင်း တည်ငြိမ်မှုလမ်းစပေါ်ရောက်ရှိ သို့မဟုတ် ပြန်လည်သက်ဝင်မှုရှိလာသည်ကို မြင်တွေ့ရသည့်အတွက် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုသည် မပြောပလောက်သည့် အနည်းငယ်သောနှုန်းဖြင့် သွားနေသည်ဟု ခန့်မှန်းထားသည်။

“အခက်အခဲအတားအဆီးတွေ  ကြီးမားနေတာကို တွေ့ရှိရပေမယ့် လွန်ခဲ့တဲ့ ၁၂ လ အတွင်းနေရာ အချို့မှာ စီးပွားရေးလုပ်ငန်းတွေပြန်လည်စတင် အသက်ဝင်လာတာကို ကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေး လုပ်ငန်းတွေရဲ့ ကြံ့ကြံ့ခံရှင်သန် ကျော်ဖြတ်နိုင်စွမ်းကို မြင်နိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေး ပညာရှင် ကင်မ်အဒ်ဝဒ်က ပြောကြားသည်။

“ဒါပေမဲ့ စက်မှုလုပ်ငန်းတွေက ပြည်တွင်းဝယ်လိုအားကို မှီခိုနေရတဲ့အတွက် အိမ်ထောင်စုဝင်ငွေ လျော့ကျလာခြင်းနဲ့ ကုန်စျေးနှုန်းကြီးမြင့်လာခြင်းစတဲ့ စိန်ခေါ်မှုတွေကို  ရင်ဆိုင်နေရတဲ့အပြင် စိုက်ပျိုးရေးထုတ်ကုန်များမှာလည်း သွင်းအားစုစျေးနှုန်းများသယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတို့ရဲ့ဒဏ်ကို ခါးစည်းခံနေရဆဲဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဘဏ်များအားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း၍ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှု ပိုများလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘဏ်များအသင်းအမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ဇူလိုင် ၁၈ ရက်က ကျင်းပခဲ့ရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total Energies မြန်မာနိုင်ငံမှ ထွက်ခွာခြင်း

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total Energies သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“စာချုပ်မှာပါရှိတဲ့အတိုင်း ခြောက်လ ကြိုတင်အသိပေးကာလပြည့်ပြီးချိန်မှာ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဒီထွက်ခွာမှုဟာ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်မှာ စတင်အသက်ဝင်လာပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ချမှတ်ခဲ့တဲ့ ဥရောပရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လိုက်နာတဲ့အနေနဲ့ အခုလို ထွက်ခွာခဲ့တာ ဖြစ်တယ်ဟု ၎င်းကုမ္ပဏီက ဆိုသည်။

နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် ပြင်သစ်နိုင်ငံမှ Total Energies နှင့် အမေရိကန်နိုင်ငံမှ Chevron တို့သည် မြန်မာနိုင်ငံမှလုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ဟု ဇန်နဝါရီ ၂၁ ရက်ကကြေညာခဲ့သည်။

အန်ဒမန်ပင်လယ်ရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းထိုင်းနိုင်ငံတို့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်သည့် ဓာတ်ငွေ့ပမာဏ ၃၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းအသုံးပြုမှုအတွက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံ ရောင်းချပေးလျက်ရှိကာ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ထက်ဝက်ခန့်ကို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း Total ကုမ္ပဏီ၏အဆိုအရ သိရသည်။

Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးနေခြင်း

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သိရှိထားသော သတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီအနေဖြင့် လုပ်ငန်းရောင်းချမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar’s Posts and Telecommunications Department) ထံ အကြောင်းကြားထားသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ပြောကြားသည်။

Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က သုံးစွဲသူ ၁၅ သန်း နီးပါးရှိခဲ့သည်ဟု သိရသည်။

အဆိုပါကုမ္ပဏီအား ဝယ်ယူရန် အဓိကအလားအလာရှိသူများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သော Young Investment Group ၊ ရွှေသံလွင်ကုမ္ပဏီကပိုင်ဆိုင်သည့်  Skynet နှင့် စင်ကာပူအခြေစိုက် Campana Group တို့ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါကုမ္ပဏီ သုံးခုနှင့် ဆွေးနွေးမှုများသည် နောက်ဆုံးအဆင့်သို့ မရောက်ရှိသေးကြောင်းလည်း ၎င်းက ပြောကြားသည်။

Ooredoo ကုမ္ပဏီကမူ ဆက်သွယ်မေးမြန်းမှုကို လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

ရိုက်တာသတင်းဌာနအနေဖြင့် မြန်မာနိုင်ငံတွင် Ooredoo ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် ပမာဏကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ၂၀၂၂ ခုနှစ်တွင် သုံးစွဲသူ ကိုးသန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် သုံးစွဲသူ ၁၅ သန်းနီးပါး ရှိခဲ့ရာမှ ကျဆင်းသွားခဲ့သည်ဟု သိရသည်။

၂၀၂၀ ပြည့်နှစ်က Ooredoo ကုမ္ပဏီသည် လုပ်ငန်းဝင်ငွေ ဒေါ်လာသန်း ၃၃ဝခန့် ရရှိခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီမှာ ယခုနှစ် မတ်လထဲတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြောင်း သိရသည်။                            

Most Read

Most Recent