မိုးရာသီကာလမှာ သတိပြုရမယ့် ကလေးငယ်တွေ ရေနစ်သေဆုံးမှု

မိုးရာသီကာလမှာ သတိပြုရမယ့် ကလေးငယ်တွေ ရေနစ်သေဆုံးမှု
Published 24 July 2022
ဘိုဘိုမြင့်

မိုးရာသီကာလကို ရောက်လာရင်ဖြင့် ငယ်ငယ်တုန်းက ကလေးသဘာဝ မိုးထဲရေထဲမှာ ပြေးလွှားဆော့ ကစားခဲ့တာတွေ၊ မိုးရေထဲဘောလုံးကန်ခဲ့တာတွေ၊ ချောင်းတွေ မြောင်းတွေထဲမှာ ရေကူးခဲ့တာတွေကို ပြန်ပြောင်း သတိရမိပါတယ်။

အဲဒီအရွယ်မှာ မိဘအုပ်ထိန်းသူတွေရဲ့ခွင်ပြုမှုနဲ့ ဆော့ကစားခဲ့ရတာတွေရှိခဲ့သလို တချို့အခြေအနေတွေမှာ လူကြီးတွေမသိအောင်၊ လူကြီးတွေ သတိမပြုမိတဲ့အချိန်မှာ ဆော့ကစားကြတာ၊ ရေကူးခဲ့ကြတာတွေလည်း ရှိခဲ့ဖူးပါတယ်။

အခုအချိန်ကာလဟာ မိုးရာသီကာလဖြစ်တဲ့အလျောက် မိုးရွာသွန်းမှုကြောင့် ရေတွင်းရေကန်တွေ၊ ချောင်းမြောင်းတွေမှာ ရေများပြည့်လျှံနေလေ့ရှိပါတယ်။ အဲဒီအပြင် စီမံကိန်းတွေလိုနေရာတွေ၊ မြေကြီးတူးဖော်ထားတဲ့နေရာတွေ၊ ကျောက်ထုတ်လုပ်ငန်းလုပ်ဆောင်ကြတဲ့ နေရာတွေ စတဲ့နေရာတွေမှာရှိတဲ့ ကျင်းကြီးတွေ၊ ချိုင့်ကြီးတွေမှာလည်း ရေကပြည့်လျှံနေတတ်ပါတယ်။  

ရေပြည့်လျှံနေတဲ့ ချောင်းတွေ၊ မြောင်းတွေ၊ ကျင်းတွေ၊ ချိုင့်တွေရဲ့အတိမ်အနက်ကို သတိမပြုမိဘဲ ရေဆင်းကူးမိပါကလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။

မွန်ပြည်နယ်အတွင်း နှစ်စဉ်လိုလို ချောင်းတွေ၊ မြောင်းတွေ၊ ကျင်းတွေ၊ ချိုင့်တွေထဲမှာ ရေဆင်းကူးမိလို့ ရေနစ်သေဆုံးခဲ့ကြတဲ့ ကလေးတွေ အများအပြားရှိခဲ့ပါတယ်။ ထင်ထင်ရှားရှားအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ရ ရက် ညနေပိုင်းမှာ သံဖြူဇရပ်မြို့အနီးမှာရှိတဲ့ မိန်ဗလာတောင်မှာ ဂျပန်ခေတ် စစ်ကျန်ပစ္စည်းတွေကို စမ်းသပ်ရှာဖွေတူးဖော်ခဲ့ပြီး ကျန်ရှိခဲ့တဲ့ မြေချိုင့်ကြီးတွေက မိုးရွာတော့ ရေပြည့်သွားပြီး ရေကန်သဘောဖြစ်နေတဲ့ အခါမှာ အသက် ၁၀ နှစ်ကနေ ၁၂ နှစ်ကြား မိန်းကလေးငယ် သုံးဦး ခြေလက်တွေ သွားဆေးရာက ကံအကြောင်းမလှဘဲ ရေနစ်သေဆုံးခဲ့ကြတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်မှာ မိန်းကလေးငယ် သုံးဦးအပြင်ကို သူတို့ကို ဆင်းဆယ်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးပါ ရေနစ်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်ကနေ ဇူလိုင်လ ၁၂ ရက် အတွင်းမှာကို မွန်ပြည်နယ်မှာ ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ် ခုနစ်ဦးအထိရှိခဲ့ပါတယ်။ကလေးငယ်တွေ ရေနစ်သေဆုံးမှုဖြစ်စဉ်တွေကတော့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်က ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ ရေနစ်သေဆုံးခဲ့သည့် ကလေးမှာ ဇင်းကျိုက်မြို့၊ ဇင်း

ကျိုက်ရပ်ကွက်၊ နယ်မြေ (၈) တွင်နေထိုင်သူ ရွှေဒင်္ဂါး အ.မ.က မူလွန်ကျောင်းမှာ စတုတ္ထတန်းပညာသင်ကြားနေတဲ့ အသက် ၁၁ နှစ်အရွယ် မင်းဆိုက်ချမ်း ဆိုသူကလေးမှာ သူ့အိမ်ရဲ့ မနီးမဝေးမှာရှိတဲ့ ရေမြောင်းထဲကို ရေဆင်းကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။“ကလေးက ကျောင်းကပြန်ရောက်လာပြီး အိမ်ကလူကြီးတွေမသိအောင် ပြန်ထွက်သွားပြီးတော့ နေအိမ်အနီး၊ ရထားလမ်းဘေးမှာရှိတဲ့ ရေမြောင်းထဲမှာ ရေသွားကူးတာလို့ သိရတယ်။ ရေမြောင်းက နက်တော့ ရေကူးနေတဲ့အချိန်မှာ ရေနစ်သွားတာနဲ့တူတယ်။ သူ့အဖော် တခြားကလေးတွေက အိမ်ကလူကြီးတွေကိုလာအကြောင်းကြားမှ သိကြရတော့ သွားဆယ်ကြတာ။ မိနစ် ၂၀ လောက်ရေငုပ်ရှာဖွေရေးလုပ်ပြီးမှ ကလေးရဲ့အလောင်းကို ပြန်တွေ့ခဲ့တာ လို့ ဇင်းကျိုက်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိဘအုပ်ထိန်းသူတွေအနေနဲ့ သတိပြုရမယ့်အချက်က ကိုယ့်အိမ်က ကလေးတွေ ကျောင်းသွား၊ ကျောင်းပြန်ချိန်တွေကို သတိထားစောင့်ကြည့်ကြဖို့လိုအပ်ကြမယ်လို့ ယူဆပါတယ်။ ကလေးက ကျောင်းကပြန်လာပြီး အပြင်ပြန်ထွက်မယ်ဆိုရင်လည်း သူသွားမယ့်နေရာ၊ ဘယ်သူတွေနဲ့သွားမှာကို မေးမြန်းထားဖို့လိုအပ်ပါလိမ့်မယ်။ ကလေးတွေက မသိအောင်ပြန်ထွက်ကြမယ်ဆိုရင်လည်း ကိုယ်က ဦးအောင်စောင့်ကြည့်နေဖို့က လိုအပ်မယ်လို့ ယူဆပါတယ်။

နောက်ဖြစ်စဉ်တစ်ခုက မုဒုံမြို့နယ် ဝက်တဲ့ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ချောင်းအတွင်းရေဆင်းကူးကြတဲ့ ကလေးငယ် နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပါ။

ရေနစ်သေဆုံးခဲ့ကြတဲ့ ကလေးငယ်နှစ်ဦးမှာ ကော့ခလွယ်ကျေးရွာမှာနေတဲ့ မင်းပလိုင်ကျဲနဲ့  ဝက်တဲကျေးရွာနေ မင်းအောင်မွန်တို့ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးလုံးဟာ အသက် ကိုးနှစ်အရွယ်တွေသာရှိကြပြီးတော့ မင်းအောင်မွန်ရဲ့ နေအိမ်အနီးမှာရှိတဲ့ ချောင်းအတွင်းမှာ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။          “ကလေးနှစ်ဦးက ညီအစ်ကိုဝမ်းကွဲတော်စပ်ကြတယ်လို့ သိရပါတယ်။ အခုမိုးများတဲ့အချိန်မှာ ချောင်းမြောင်းတွေကရေပြည့်နေတော့ ဘယ်လောက်နက်လို့၊ နက်မှန်းမသိရဘူး။ နောက်အုပ်ထိန်းသူတွေမပါဘဲနဲ့ကလေးငယ်တွေသက်သက်ရေကူးကြမယ်ဆိုရင် အန္တရာယ်အရမ်းများပါတယ် လို့ ဒေသခံတစ်ဦး ကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မိဘအုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ရဲ့ ရင်သွေးတွေ၊ ကလေးငယ်တွေအတွက်၊ အသက်အန္တရာယ်မဖြစ်ရလေအောင် အချိန်ပေးပြီး စောင့်ကြည့်ပေးကြရမယ်လို့ ယူဆပါတယ်။

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ မော်လမြိုင်မြို့ မော်လမြိုင်မြို့၊ ကျောင်တန်းရပ်ကွက်မှာရှိတဲ့ ချောင်းအတွင်းမှာ ဇွန် ၁၆ ရက် ညနေပိုင်းကရေဆင်းကစားတဲ့ အသက် လေးနှစ်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ဇွန်လ ၁၆ ရက် ညနေပိုင်းမှာ ရေကလည်းတက်တဲ့အချိန်ဖြစ်တော့ ကလေးတွေက ချောင်းထဲမှာ ရေဆင်းကူးကြတာ။ အဲဒီမှာ ကျောင်းတန်းတံတားအနီးမှာနေတဲ့ကလေးရဲ့မိဘတွေက ကလေးပြန်မလာသေးတော့လိုက်ရှာကြရင်းနဲ့ညဘက်မှ ကလေးအလောင်းကို ပြန်တွေ့တာပါ။ ကလေးက ယောက်ျားလေးပါ လို့ ရပ်ကွက်နေပြည်သူတစ်ဦး ကပြောပါတယ်။          ဒီဖြစ်စဉ်ကလည်း မိဘအုပ်ထိန်းသူတွေအနေနဲ့က ကိုယ့်ရဲ့ကလေးငယ်နဲ့အတူရှိနေပေးသင့်တယ်ဆိုတဲ့ သဘောပါပဲ။

နောက်ဆုံးဖြစ်စဉ်တစ်ခုကတော့ ပေါင်မြို့နယ် ဖလပ်ကျေးရွာမှာ ဇူလိုင် ၁၂ ရက်၊ ဝါဆိုလပြည့်နေ့ နံနက်ပိုင်းက ဖြစ်သွားတဲ့ မိန်းကလေးငယ် သုံးဦးရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်ပါ။         ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်မှာ ပေါင်မြို့နယ် ဖလပ်ကျေးရွာ၊ ရန်ကုန် - မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၆၉/၁) အနီးမှာရှိတဲ့ တောင်စောင်းမှာ ရေပြည့်နေတဲ့ ကျောက်မိုင်းတူးထားတဲ့ ချိုင့်ကြီးက ရေပြည့်နေတာကို ဘုန်းကြီးကျောင်းကို ဆွမ်းလာပို့တဲ့ မိန်းကလေးငယ် သုံးဦးကရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ကြရတာပါ။ရေနစ်သေဆုံးခဲ့ကြသူတွေက မစိုးပြည့်ပြည့်စံ (၁၁ နှစ်) နဲ့ ညီမဖြစ်သူ မဖြိုးသီရိ (ကိုးနှစ်)၊ နောက်တစ်ဦးက မခိုင်ဒါသိန်း (၁၂နှစ်) တို့ဖြစ်ကြပြီးတော့ ဖလပ်ကျေးရွာ၊ ဝတ်ကြီးအပိုင်းမှာ နေထိုင်ကြသူတွေဖြစ်ကြပါတယ်။ ဝါဆိုလပြည့်နေ့နံနက် ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ကြရင်း အိမ်ပြန်မရောက်လာကြသေးလို့ လိုက်ရှာရင်းနဲ့ရေပြည့်နေတဲ့ မြေထူးထားတဲ့ ကန်နားမှာ

ဖိနပ်တွေတွေ့လို့ ရေငုပ်ရှာကြရင်းနဲ့ မိန်းကလေးငယ်တွေရဲ့အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဒေသခံတွေက ပြောကြားပါတယ်။          ရေနစ်သေဆုံးခဲ့ကြတဲ့ မိန်းကလေးငယ်တွေရဲ့ အလောင်းတွေကို ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။       ကလေးငယ်တွေ ရေနစ်သေဆုံးခဲ့ကြတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မိဘအုပ်ထိန်းသူများအနေနဲ့ကလည်း မိမိတို့ရဲ့ သားသမီးတွေ၊ မိသားစုဝင်တွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေမှာ ရေကူးခြင်း၊ ဆော့ကစားခြင်းများ မပြုလုပ်ကြစေဖို့ကို ဆုံးမပေးကြဖို့၊ အကယ်၍ ကလေးတွေ ရေကူးကြမယ်ဆိုရင်လည်း လူကြီးတွေအနေနဲ့ စောင့်ကြပ်တာ၊ စောင့်ကြည့်တာမျိုးလုပ်ဆောင်ပေးကြဖို့ လိုအပ်ပါမယ်။ဒါမှလည်း မိမိတို့ရဲ့ အဖိုးတန်ရတနာလေးတွေဖြစ်ကြတဲ့ ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်မှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ကလေးတွေအတွက် အချိန်ပေးကြပါ။ ဂရုစိုက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

 

Most Read

Most Recent