ထောက်ခံအားပေးခြင်း၊ စွန့်လွှတ်ဖယ်ခွာခြင်း၊ စွန့်လွှတ်ဖယ်ခွာရန် ငြင်းဆိုခြင်း သို့မဟုတ် ပြင်ပဘက်တစ်ခုက တောင်းဆိုသည့်အတိုင်း ယုံကြည်ချက်တစ်ခု သို့မဟုတ် ဖြစ်ရပ်တစ်ခုကို ထောက်ခံအားပေးရန် ငြင်းဆိုခြင်းတို့ကြောင့် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ကို ခံရသောသူအား အာဇာနည်ဟု ခေါ်ဆိုသည်။ အာဇာနည် တစ်ဦးသည် ဖိနှိပ်သူ၏ တောင်းဆိုမှုများကို ငြင်းပယ်ခဲ့မှုကြောင့် အပြစ်ပေးခံရ သို့မဟုတ် နှိပ်ကွပ်ခံရသူဖြစ်သည်။ အာဇာနည်ဟူသည့် စကားရပ်ကို မူလက ၎င်းတို့၏ ဘာသာရေး ယုံကြည်ချက်များအတွက် နှိပ်စက်ညှဉ်းပန်း သို့မဟုတ် သတ်ဖြတ်ခံရသူများအား ရည်ညွှန်းသော်လည်း နောက်ပိုင်း၌ နိုင်ငံရေးအတွက် အကျဉ်းချခံရသူ သို့မဟုတ် သတ်ဖြတ်ခံရသူ များကိုပါ ရည်ညွှန်း၍လာသည်။ အာဇာနည်အများစုကို ၎င်းတို့၏ နောက်လိုက်များက မြင့်မြတ်သူအဖြစ် လေးစားကြပြီး ခက်ခဲသော အခြေအနေရပ်များကို ရင်ဆိုင်ရသည့်အခါ ခေါင်းဆောင်မှုနှင့် သူရဲကောင်းဆန်မှု၏ အမှတ်သင်္ကေတ ဖြစ်လာကြသည်။ ဘာသာရေး များ၌ အာဇာနည်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသော်လည်း ဆိုကရေးတီး ကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘာသာရေးနှင့်မဆိုင်ဘဲ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အာဇာနည်များ ဖြစ်လာခဲ့သည်။
မြန်မာအဘိဓာန်တွင် အာဇာနည်ဟူသည် အကြောင်းဟုတ်သည် မဟုတ်သည်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်နှလုံးရည် ထူးကဲသာလွန်၍ အများအ ကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူဟု ဖွင့်ဆိုထားသည်။ အာဇာနည်ဆိုသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် မိမိအသက်ကို ပဓာနမထားဘဲ အများအကျိုးကို တန်ဖိုးရှိရှိ စွန့် လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်နိုင်သူ၊ ရာဇဝင်တွင်မည့် ပေးဆပ်ခြင်းဖြင့် နိုင်ငံ့ ကောင်းကျိုးများကို ဆောင်ကြဉ်းပေးသူ၊ နိုင်ငံ့အကျိုးအတွက် အမှားအမှန်၊ အကောင်း အဆိုး ချင့်ချိန်ပြီး ကြောက်ရွံ့ခြင်းအလျဉ်းမရှိ ဆောင်ရွက်နိုင်သူ၊ မိမိကိုယ်ကျိုးထက် နိုင်ငံ့အကျိုးကို ပို၍ဦးစားပေးဆောင်ရွက်တတ်သူပင် ဖြစ်သည်ဟု ဆိုသည်။
အာဇာနည် (Martyr) ဟူသည့် စကားလုံးသည် မူရင်းအဓိပ္ပာယ်အရ ဓမ္မာသစ်ကျမ်း၌ ဖော်ပြထားသည့် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းဖြစ်ပြီး သက်သေဟု အဓိပ္ပာယ်ရသည်။ သက်သေခံခြင်းလုပ်ငန်းစဉ်သည် သက်သေခံသူ သေဆုံးရခြင်းဆီသို့ ဦးတည်သွားရန် ရည်ရွယ်ခြင်းမရှိသော်လည်း ရှေးစာရေးဆရာများနှင့် ဓမ္မသစ်ကျမ်းအရ သက်သေခံသူ များသည် ၎င်းတို့၏ သက်သေခံ ထွက်ဆိုချက်များကြောင့် သေဆုံးရကြောင်း သိရသည်။ အစောပိုင်း ခရစ်ယာန်ဘာသာထွန်းကားသော ရာစုနှစ်များအတွင်း ၎င်းတို့၏ ဘာသာရေး ယုံကြည်ချက်များအတွက် သက်သေခံရန် ခေါ်ယူခြင်းခံရသော ယုံကြည်သူများဖြစ်ပြီး သက်သေခံမှုနှင့် ပတ်သက်၍ နှိပ်စက်ညှဉ်းပန်းခံရ သို့မဟုတ် သတ်ဖြတ်ခံရသူများအဖြစ် အာဇာနည်ဟူသည့် စကားရပ်ကို ချဲ့ထွင်သုံးစွဲခဲ့သည်။ ပထမဆုံးနှင့် အကြီးမြတ်ဆုံး အာဇာ နည်အဖြစ် လက်ဝါးကပ်တိုင် တင်ခြင်းခံရသော ယေရှုခရစ်အား ခရစ်ယာန် ဘာသာဝင် များက ညွှန်းဆိုသုံးစွဲကြသည်။ အင်္ဂလိပ်ဘာသာစကား၌ အတိုင်းအတာ ကျယ်ပြောသော လူများကို အာဇာနည်ဟု ညွှန်းဆိုသုံးစွဲကြသည်။ သို့သော် အာဇာနည်ဖြစ်ခြင်းအတွက် သမားရိုးကျ သတ်မှတ်ထားသော လက္ခဏာရပ်များ ရှိသည်။
ယင်းတို့မှာ ‘သူရဲကောင်းတစ်ဦး’ (လေးစားဖွယ်ကောင်းသည်ဟု ယုံကြည်ရသော အကြောင်းတစ်ရပ်အတွက် ဘဝတစ်ခုလုံး မြှုပ်နှံခဲ့သည်ဟု ထင်ရှားသူ)၊ ‘အတိုက်အခံ’ (အကြောင်းတစ်ရပ်ကို တစ်ဘဝလုံးဆန့်ကျင်သူ)၊ ‘မြင်နိုင်သည့် အန္တရာယ်ရှိသူ’ (အ ကြောင်းတစ်ရပ်အပေါ် သစ္စာထားမှုကြောင့် ၎င်းအပေါ် အန္တရာယ်ကျရောက်အောင် ဆန့်ကျင်ဘက်လူများက ပြုလုပ်မည်ကို ကြို၍ မြင်သောသူ)၊ ‘ရဲစွမ်းသတ္တိနှင့် သစ္စာရှိမှု’ (အန္တရာယ်ကို သိရှိသော်လည်း သစ္စာထားရှိသည့် အကြောင်းတရားမှနေ၍ ဖယ်ခွာခြင်း မပြုဘဲ ဆက်လက်ရပ်တည်သူ)၊ ‘အသတ်ခံရခြင်း’ (အကြောင်းတစ်ရပ်အပေါ် သစ္စာထား မှုကြောင့် ဆန့်ကျင်ဘက်လူများ၏ သတ်ဖြတ်ခြင်းခံရသူ)၊ ‘ပရိသတ်၏ တုံ့ပြန်မှု’ (သူရဲ ကောင်း၏ သေဆုံးမှုက ဂုဏ်ပြုခံရ၊ လူအများက အာဇာနည်အဖြစ် ၀ိုင်းဝန်းသတ်မှတ်ကြ၊ ၎င်းသစ္စာထားခဲ့သည့် အကြောင်းတရားအပေါ် ၎င်းင်းကြောင့် အခြားသူများကပါ သစ္စာထား လာကြအောင် လှုံ့ဆော်နိုင်ခဲ့) တို့ ဖြစ်ကြသည်။
ထို့ကြောင့် အကြောင်းတစ်ရပ်အား ဘဝတစ်ခုလုံး မြှုပ်နှံလျက် ထောက်ခံအားပေးခဲ့ သို့မဟုတ် ဆန့်ကျင်ခဲ့ပြီး မိမိအပေါ် ကျရောက်လာမည့် အန္တရာယ်ကို ကြိုတင်သိမြင် သော်လည်း သစ္စာထားသည့်အတိုင်း ဆက်လက်ရပ်တည်ကာ သတ်ဖြတ်ခံရပြီးနောက် ၎င်းသစ္စာထားခဲ့သည့် အကြောင်းတရားအပေါ် ၎င်းကြောင့် အခြားသူများကပါ သစ္စာထား လာကြအောင် လှုံ့ဆော်နိုင်စွမ်းရှိသူအား အာဇာနည်ဟု ခေါ်ဆိုနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇူလိုင် ၁၉ ရက် ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်