ပြည်ပချေးငွေပေးဆပ်မှု ရပ်ဆိုင်းထားရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို ပြန်ပယ်ဖျက်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း

ပြည်ပချေးငွေပေးဆပ်မှု ရပ်ဆိုင်းထားရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို ပြန်ပယ်ဖျက်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 18 July 2022

ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ဗဟိုဘဏ်၏ညွှန်ကြားချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉-က အရ ပြည်တွင်း၌ နေထိုင်သူများက ရယူထားသည့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ ရည်ညွှန်းချက်များဖြစ်သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉-က၊ ပုဒ်မ ၃၈-ဃ နှင့် ပုဒ်မ ၄၂-က၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်း မျဉ်းအပိုဒ် ၄၈ တို့အရ ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသား ဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြရန်အတွက် AD လိုင်စင်ရဘဏ်များအနေဖြင့်  မိမိတို့၏ customer များဖြစ်သော ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်းများသို့ ချေးငွေအတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် (Replayment Schedule) အား ပြည်ပရှိ ငွေချေးငှားသူ  (Lender) များနှင့်ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးရန်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေရောင်း ဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ ဗဟိုဘဏ်က အကြောင်းကြားသည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို ပြန်ပယ်ဖျက်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက် နေ့စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဇွန်လအတွင်းက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက် ပါရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုခဲ့သည်။

ယင်းသို့ ကင်းလွတ်ခွင့်ပြုထားခြင်းအပေါ် ဇူလိုင် ၁၃ ရက်တွင် ပြန်လည်ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗီလိုင်စင်ရ ဘဏ်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ဗီလိုင်စင်ရဘဏ်များအကြား ဇွန် ၇ ရက်တွင် ကျင်းပသည့်အစည်းအဝေးမှတ်တမ်းအား ရည်ညွန်းချက်ပါစာဖြင့် ပေးပို့ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးမှတ်တမ်း၏ ဆုံးဖြတ်ချက်အပိုဒ် ၄ (က) ဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သောကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့်အထက်ပါရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြေညာစာအ မှတ် ၁၂/၂၀၂၂ မှ ခြွင်းချက်ပြုသည့် လုပ်ငန်းများနည်းတူ ဆောင်ရွက်ပေးရန်ဟု ဖော်ပြခဲ့ခြင်းအား ပယ်ဖျက်ကြောင်း အကြောင်းကြားသည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဥက္ကဋ္ဌကိုယ်စား လက်မှတ်ရေး ထိုးထားသည့်စာတွင် ဖော်ပြထားသည်။

နိုင်ငံခြားသုံးငွေကန့်သတ်မှုကို ယခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြေညာစာအမှတ် ၁၂/၂၀၂၂  ထုတ်ပြန်ပြီး ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၊ အထူးစီးပွားရေးဇုန်များ၊ နိုင်ငံခြားဘဏ်များနှင့် အထူးစီးပွားရေးဇုန်ကော်မတီ ကုမ္ပဏီများကို ကင်းလွတ်ခွင့်ပြုခဲ့သည်။ လက်ရှိပယ်ဖျက်မှုမှာ ကင်းလွတ် ခွင့်ပြုပြီး လုပ်ငန်းများမှ ပထမဆုံး ပြန်ပယ်ဖျက်မှုဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လတွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း

၂၀၂၁ ခုနှစ် မတ်တွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း၂ ဒသမ၂၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်ချက်အရ သိရသည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ဇူလိုင်တွင် ၂ ဒသမ ၈ဝရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၃ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflaction) မှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflaction) မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflaction) မှာ ၁၁ ဒသမ ၃၉  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း(Year on Year Inflaction) မှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်ကာလမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လအထိဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ၂၀၁၇-၂၀၁၉ ခုနှစ်ကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဓာတ်အားခနှင့် စားသောက်ကုန်စျေးနှုန်းများ ကျဆင်းသည့်အတွက် ၂၀၂၀ ပြည့်နှစ်ကုန်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် သုည ဒသမ ၇ ရာခိုင်နှုန်း ထပ်မံလျော့နည်းခဲ့သော်လည်း စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်တာအတွင်း ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။

သယ်ယူပို့ဆောင်ရေးစရိတ်များ သိသာစွာမြင့်တက်လာခြင်းကြောင့်  စားသောက်ကုန်စည်များ မပါဝင်ဘဲ တွက်ချက်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် ဇန်နဝါရီလတွင် သုည ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒီဇင်ဘာတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းသို့  ရောက်ရှိခဲ့သည်။

သို့သော် စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာ ခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

၂၀၂၂ ခုနှစ် မတ်တွင် စားသုံးသူ စျေးဆနှုန်း (CPI)၁၉၂ ဒသမ ၇၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် စားသုံးသူ စျေးဆနှုန်းထက်  ၁၇ ဒသမ ၂၉ ရာခိုင်နှုန်းမြင့်တက်

၂၀၂၂ ခုနှစ် မတ်တွင် စားသုံးသူ စျေးဆနှုန်း (CPI) ၁၉၂ ဒသမ ၇၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် စားသုံးသူစျေးဆနှုန်းထက်  ၁၇ ဒသမ ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၆၁ ဒသမ ၃၃ရှိခဲ့သည်။ ဇွန်လ တွင် ၁၆၀ ဒသမ ၉၈  ရှိခဲ့ပြီး ဒီဇင်ဘာတွင် ၁၆၂ ဒသမ ၉၄   ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်တွင် ၁၇၁ ဒသမ ၆၃၊ သြဂုတ်တွင် ၁၇၂ ဒသမ ၉၂၊ စက်တင်ဘာတွင် ၁၇၄ ဒသမ ၉၇၊ အောက်တိုဘာတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင်ဘာတွင် ၁၈၁ ဒသမ ၇၂ ၊  ဒီဇင်ဘာတွင် ၁၈၃ ဒသမ ၅၁ အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင်  ၁၈၄ ဒသမ ၈၉၊ ဖေဖော်ဝါရီတွင် တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၈၆ ဒသမ ၈၂ ၊ မတ်လတွင် ၁၉၂ ဒသမ ၇၁ အထိ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန်လည် မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍အစားအစာအုပ်စုစျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ မေလတွင် ၁၆၀ ဒသမ ၁၂ ဖြစ်ပေါ်ခဲ့သည်။ သို့သော်၂၀၂၀ ပြည့်နှစ် ဇွန် လတွင် ၁၆၀ ဒသမ ၉၈ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပြန်လည်မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့ ၏ ထုတ်ပြန်ထားမှုအရ သိရသည်။ လက်ရှိတွင် ကုန်စည်စျေးနှုန်းများမှာ တရိပ်ရိပ်မြင့်တက်နေဆဲဖြစ်သည်။

Most Read

Most Recent