အမျိုးသားစာပေ တစ်သက်တာ စာပေဆုရှင် ခေတ်ပေါ်ကဗျာဆရာ၊ စာရေးဆရာကြီး ဆရာမောင်သာနိုး ကွယ်လွန်

အမျိုးသားစာပေ တစ်သက်တာ စာပေဆုရှင် ခေတ်ပေါ်ကဗျာဆရာ၊ စာရေးဆရာကြီး ဆရာမောင်သာနိုး ကွယ်လွန်
Published 13 July 2022

အမျိုးသားစာပေ တစ်သက္တာ စာပေဆုရှင် ခေတ်ပေါ်ကဗျာဆရာ၊ စာရေးဆရာကြီး ဆရာမောင်သာနိုးသည် ဇူလိုင် ၁၂ ရက်က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ဆရာမောင်သာနိုးသည် ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ SSC ဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။

“ဆရာက လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ။ သိပ်မသွားနိုင်မလာနိုင်ဖြစ်နေတာတော့ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပြီ။  ဇူလိုင် ၁၁ ရက် မနက် ၃ နာရီလောက်ကတော့ ရှော့ရသွားတဲ့အတွက် SSC ဆေးရုံကို လူနာတင်ကားခေါ်ပြီးတင်လိုက်တာပါ။ အဲဒီနေ့ညအထိ အစာဝင်တယ်။ သတိရသေးတယ်။ ၁၂ ရက်နေ့ကျတော့ သတိမရတော့ပဲ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ။ နာရေးကိုတော့ ဇူလိုင် ၁၄ ရက်နေ့မှာ ရေဝေးသုသာန်မှာ သဂြိုဟ်မှာပါ။ ဆရာက အုတ်ဂူတွေဘာတွေလုပ်တာမကြိုက်တော့ မီးသဂြိုဟ်မှာပါ” ဟု ဆရာမောင်သာနိုး၏ တပည့်ရင်းဖြစ်သူ ကဗျာဆရာနေထက်နိုင်က ဆိုသည်။

ဆရာကြီး  မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိ ဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့သည်။ စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနှင့် မန္တလေးတက္ကသိုလ်တို့၌ ပညာသင်ကြားခဲ့သည်။ အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နှင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ မြန်မာစာနှင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူဖြစ်သည်။

အထက်တန်းကျောင်းသားဘဝ၌ပင်စတင်၍ စာပေများ ရေးသားခဲ့သည်။ မန္တလေးတက္ကသိုလ်တွင်ရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာ၌ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။

၁၉၆၇ ခုနှစ်ကစကာ ရန်ကုန်သို့ ပြောင်းလာကာ မဂ္ဂဇင်းများတွင် စာပေများရေးသားခြင်းနှင့် စာအုပ်များရေးသားထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ စာပေအစီအစဉ်ကို တက်ရောက်ခဲ့သည်။

ဆရာမောင်သာနိုးသည် ထင်းရှုးပင်ရိပ် ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆၊ တော်မှော်ရုံလမ်း ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆၊ ဗမာစာ ဗမာစကား ၁၉၇၂၊ အာရှတိုက်၏ အလင်းရောင် ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀၊ မဟာကဗျာဂန္ထဝင် နိုင်ငံခြားကဗျာရှည် လေးပုဒ် ၁၉၉၂၊  အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ် ၁၉၉၄၊ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၁၉၉၄၊ နိရောဓသစ္စာ ၁၉၉၆၊ ခိုးစားတဲ့ သစ်သီး ၁၉၉၆၊ ရေနီမြောင်းတေးသံကဗျာများ ၁၉၉၉၊ ဘာသာပြန်လက်တွေ့ ၂၀၀၀၊ ဆွတ်ပျံ့ဖွယ်အောင် ၂၀၀၁၊ လူထုကဗျာ ၂၀၀၂၊ ဘာသာပြန်လက်တွေ့ (၂) ၂၀၀၂၊ ကဗျာခရီးသည် ၂၀၀၃၊ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၂၀၀၃၊ ဟိုက္ကူကဗျာ ခရီးသည် ၂၀၀၃ နှင့် အခြားအင်္ဂလိပ်စာနဲ့ ပတ်သက်သော စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။

စာရေးဆရာကြီးမောင်သာနိုး၏ နာရေးကို ဇူလိုင် ၁၄ ရက် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်ရှိ အဆောင် ၁ အခန်း (ဂ) ၌ ပြုလုပ်မည်ဟု သိရသည်။ နာရေးလိုက်ပါပို့ဆောင်လိုသူများအတွက် စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်မှ မွန်းလွဲ ၁၂ နာရီတွင် ကားနှစ်စီးထွက်မည်ဖြစ်ဟု သိရသည်။

Most Read

Most Recent